Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ -- မောင်သော်တာ၊ ဒီဒေးသစ်

Art- Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
မေ ၄၊ ၂၀၂၁
...

ကျောင်းတော်ကြီးရဲ့တစ်နေရာ
မောင်သော်တာ
(မိုးမခ) မေ ၄၊ ၂၀၂၁

သူငယ်ချင်း
မင်း ကျောင်းတက်ပါ
မင်းရဲ့လုပ်ဖော်ကိုင်ဖက်တချို့လမ်းပေါ်မှာကျန်နေခဲ့ပြီ
တချို့လည်း အိမ်ပစ်အိုးပစ်
မိသားစုတကွဲတပြား
တချို့လည်း တောရတခုခုမှာမောလျ
တချို့လည်းမြေကျင်းထဲ ဆင်းသွား
တချို့လည်းတောထွက်
တချို့ တောရောက်တောင်ရောက်
မင်းဘေးကင်းတယ်မဟုတ်လား
သာသာယာယာပဲမဟုတ်လား
ဝမ်းသာပါတယ်လို့ပြောဖို့ငါဝမ်းနည်းနေတယ်
လုံခြုံတဲ့မင်းအိမ်လေးထဲပျော်ပျော်ပဲသိရလို့ငါစိတ်ချမိတယ်
သူငယ်ချင်း မင်းကျောင်းတက်နေပြီပေါ့
မင်းသူငယ်ချင်းတချို့ကမင်းကိုသစ္စာတရားအကြောင်း
အချိန်ရရင်
ပြန်ရတဲ့အချိန်ကျရင်ဆွေးနွေးပြောဆိုကြဦးမှာပါ
ကျောင်းနေပျော်ပြီး မင်းဉာဏ်ကောင်းလွန်းပါတယ်ကွာ
မင်းရဲ့သူငယ်ချင်း...
မောင်သော်တာ

...

ရေကုန်ရေခမ်း
ဒီဒေးသစ်

ပြတင်းက အလင်းကို ဖွင့်ချလိုက်တော့
ရှုမျှော်ခင်းထဲ ရွေ့နေတဲ့အရိပ်တွေ
နေရောင်မှာ ချိတ်ပါသွားပေါ့
ရွာအဝင်လမ်းဟာ အကွေ့အကောက်များလည်း
မိုးထဲ ရေထဲ မှိတ်မရတဲ့မျက်လုံးများ
ရေမကုန်သေးတဲ့တရားမှာသစ္စာဆိုက်လို့
မျိုးစေ့တွေဟာ မြေနဲ့ဖုံးလို့မရဘူး
တောင်ယာတွေကလည်း မီးနဲ့ရှို့လို့မရဘူး
ငါတို့ကိုလည်း ခေါင်းကိုပေါက်အောင်ပစ်လို့မရဘူး

၃၀ ဧပြီ ၂၀၂၁

-----

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar