Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၉ ရက် 

လူတွေ အသတ်ခံရတဲ့သတင်း၊ မိသားစုအလိုက် သတ်ဖြတ်ခံရတဲ့သတင်း၊ ပစ်ခတ်သတ်ဖြတ်ခံရတဲ့သတင်း၊ မိုင်းထိတဲ့သတင်း၊ ဗုံးပေါက်တဲ့သတင်း၊ လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေက လူတွေကို အံ့အားမသင့်စေနိုင်တော့ပါ။ နေ့စဥ်သတင်းခေါင်းစဥ်တွေက အဲဒီလိုအကြောင်းအရာတွေ ထက်ဝက်ကျော်နေတာကြောင့် လူတွေအနေနဲ့ တဖြည်းဖြည်းယဥ်ပါးလာတဲ့သဘော၊ စိတ်တွေမာကျောလာတာမျိုး မတုန်လှုပ်တော့တာမျိုးတွေ ကြားသိလာရပါတယ်။ 

နေ့စဥ်သတင်းတွေက တချိန်က အနိဌာရုံလို့ဆိုတဲ့ သတင်းတွေချည်းဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။ လက်စားချေခြင်း၊ ရက်စက်ခြင်း၊ မနိုင်နိုင်ရာကို လက်စားချေ၊ ဓါးစာခံလုပ်ခြင်းတွေက သတင်းတွေထဲမှာ နေ့စဥ်လို ဖတ်ရှုနေရသလို ပေါက်ကွဲမှု၊ ဖမ်းဆီးမှု၊ နှိပ်စက်မှု ဖျက်ဆီးမှုတွေက လူအတော်များများရဲ့ ပတ်ဝန်းကျင်မှာ ကြုံနေကြရတာလည်း ဖြစ်လာနေပါတယ်။ 

အထက်က ဆိုခဲ့သလိုပဲ စက်တင်ဘာ ၂၉ ရက်နေ့သတင်းတွေထဲမှာ မကွေးတိုင်း အထက်ပိုင်း၊ စစ်ကိုင်းတိုင်းထဲက ကျေးရွာအချို့မှာ လူနေအိမ်တွေကို မီးရှို့တဲ့သတင်းတွေ၊ ဒလန်လို့ ယူဆခံရသူတွေ၊ စစ်ကောင်စီကို ထောက်ခံသူတွေ အပြန်အလှန်သတ်ဖြတ်ကြတဲ့သတင်းတွေ၊ ကယားပြည်နယ် ဒီမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့သတင်း၊ နေအိမ်ပြန် ရိက္ခာသွားယူတဲ့သူ မိုင်းနင်းမိပြီး ခြေထောက်ထိခိုက်ဒဏ်ရာ ရတဲ့သတင်းတွေ ဖြစ်ပါတယ်။ 

တဖန် စီးပွားရေးနဲ့ပတ်သက်တဲ့ သတင်းတွေဖတ်ကြည့်မယ်ဆိုရင်လည်း တကြိမ်မျှမကြုံဖူးသေးတဲ့ ကျပ်ငွေတန်ဖိုးကျတဲ့ သတင်း၊ လောင်စာဆီစျေးနှုန်း၊ ရွှေစျေးနှုန်းတွေ အဆမတန်လိုက်တက်ကုန်တဲ့ သတင်း၊ အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမှု သတင်းတွေက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ချောင်းဦးနဲ့ ပခုက္ကူကိုဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က ကျေးရွာ ၂ ရွာက လူနေအိမ် ၄ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့သွားတဲ့ သတင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် ပီဒီအက်ဖ်လို့ သံသယရှိသူတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို ပီဒီအက်ဖ်တွေက စစ်ကောင်စီကားတန်းတွေကို မိုင်းခွဲတိုက်ခိုက်တာ၊ ချောင်းမြောင်းပစ်ခတ်တာတွေ၊ စစ်ကောင်စီဘက်ကို သတင်းပေးတယ်လို့ ယူဆသူတွေကို လုပ်ကြံသတ်ဖြတ်တာတွေက သီတင်းပတ်နဲ့ချီ လနဲ့ချီ ဖြစ်ပွားနေရာက ပဋိပက္ခအရှိန်က ပိုပြီးမြင့်တက်လာကာ စစ်ကောင်စီတပ်တွေက လက်စားချေ ရွာတွေ အိမ်တွေမီးရှို့တာ၊ လူငယ်တွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတာ အသက်သေဆုံးသည်အထိ ရိုက်နှက်တာ သတ်ဖြတ်တာတွေ ဖြစ်ပွားလာနေတာလည်း ဖြစ်ပါတယ်။ 
အချို့သော သတင်းပေး၊ စစ်ကောင်စီ ထောက်ခံသူ၊ ကြံ့ခိုင်ရေးပါတီဝင်၊ အမာခံစတဲ့ စွပ်စွဲမှုတွေနဲ့ သတ်ဖြတ်ကြရာမှာ အမျိုးသမီးတွေ၊ မိသားစုဝင်တွေ၊ ကလေးသူငယ်တချို့လည်း အသက်ဆုံးရှုံးနေကြရတာမျိုးလည်း ကြားသိနေရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပျက်တဲ့ အဖြစ်အပျက်တခုမှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးလုပ်သူကို အိမ်ပေါ်က ခေါ်ဆင်းရာမှာ ဆင်းမလာတာကြောင့် လက်လုပ်ဗုံးနဲ့ အိမ်ပေါ်ကို ပစ်တင်လိုက်ပြီး ပေါက်ကွဲရာမှာ အုပ်ချုပ်ရေးမှူးသာမက သမီးဖြစ်သူနဲ့ သမီးဖြစ်သူရဲ့ ကလေးပါ သေဆုံးခဲ့တဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပျက်ခဲ့တာ သတင်းတွေထဲ ဖတ်ရှုရပါတယ်။ 

အခုလို မိသားစုဝင်တွေ အမျိုးသမီးတွေ ကလေးသူငယ်တွေ လက်စားချေရာမှာ သို့မဟုတ် ပစ်မှတ်အဖြစ် လုပ်ကြံသတ်ဖြတ်ကြရာမှာ မပါဝင်အောင် ရှောင်ကြဉ်ဖို့ သက်ဆိုင်သူအသီးသီးကို တော်လှန်ရေးမှာ တာဝန်ရှိတဲ့အဖွဲ့တွေအနေနဲ့ ပြောဆိုဖို့ လိုအပ်မယ်ထင်ပါတယ်။ 

ဒီလို သိမ်းကျုံးလုပ်ကြံခြင်းတွေက တော်လှန်ရေးရဲ့ဂုဏ်သိက္ခာကို ထိပါးစေမယ့်အကြောင်းအချက်တွေ ဖြစ်စေမှာဖြစ်ပါတယ်။ 

နောက်သတင်းတပုဒ်မှာတော့ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်နေသူတဦး သူ့နေအိမ်ကိုပြန်ပြီး ရိက္ခာပြန်အယူမှာ မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်စွာရသွားတဲ့သတင်းပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီမော့ဆိုမြို့နယ်ထဲက သေဆူးလဲရွာမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တနေ့ကပဲ အဲဒီရွာအနီးက ကုန်းသာရွာက ရွာသားတဦးနေအိမ်ထဲမှာနေရင်း လက်နက်ကြီးကျည်ထိလို့ သေဆုံးခဲ့တဲ့အဖြစ်အပျက်ဖြစ်ပွားခဲ့ပါသေးတယ်။ 

စက်တင်ဘာ ၂၉ ရက်နေ့ အဆိုပါ ကုန်းသာရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ဖယ်ခုံပီဒီအက်ဖ် အဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ရတယ်လို့ ဖယ်ခုံပီဒီအက်ဖ်က ခုည မှာပဲ ဓါတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လယ်ထွန်ကျေးရွာသားတွေ ဖြစ်ကြပြီး အိမ်ထောင်ရှိသူတဦးနဲ့ ကျန် ၃ ဦးက အိမ်ထောင်မရှိသေးသူတွေဖြစ်ပြီး အားလုံး အသက် ၂၀ ဝန်းကျင်လူငယ်တွေ ဖြစ်ပါတယ်။ တိုက်ပွဲမှာ အသက်ဆုံးရှုံးရသူတွေ၊ ဖမ်းဆီးခံရပြီးနောက် အသက်ဆုံးရှုံးရသူတွေ၊ ပစ်သတ်ခံရသူတွေ၊ တဖက်နဲ့ တဖက်လုပ်ကြံသတ်ဖြတ်ရာမှ သေဆုံးရသူတွေ ကိန်းဂဏန်းတွေဟာ တနေ့တနေ့ မြင့်တက်လာနေပြီး ဒီလို အဖြစ်အပျက်တွေဟာ မထူးဆန်းသလို ဖြစ်လာနေတာက စိတ်မကောင်းစရာပါ။ 

ပစ်ခတ်မှု၊ တိုက်ပွဲ၊ အသက်ဆုံးရှုံးမှု သတင်းတွေအပြင် အသက်ရှင်နေသူတွေအဖို့  အသက်ဆက်ရေးနဲ့ဆိုင်တဲ့ စီးပွားရေးသတင်းတွေဘက်ကို ကြည့်မယ်ဆိုရင် မနေ့က ဒေါ်လာစျေးနဲ့ ရွှေစျေး အမြင့်ဆုံးရောက်ပြီးနောက် ဒီနေ့မှာရွှေစျေး အနည်းငယ်ပြန်ကျသွားပါတယ်။ အရင်နေ့က တကျပ်သား ၂၂ သိန်းနဲ့ဖွင့်ခဲ့တဲ့ ရွှေစျေးက ဒီနေ့မှာ ၂၀ သိန်းဝန်းကျင်နဲ့ စျေးပိတ်ခဲ့ပါတယ်။ ဒေါ်လာစျေးတက်တာကို အရင်းခံတာကြောင့် စက်သုံးဆီစျေးတွေလည်း စံချိန်တင်မြင့်တက်နေပါတယ်။  ရန်ကုန်မြို့မှာတင် တစ်လီတာ ကျပ် ၁၄၀၀ စွန်းစွန်းကနေ ၁၅၀၀ ထိ မြင့်တက်နေတဲ့ လောင်စာဆီစျေးနှုန်းက သယ်ယူပို့ဆောင်ရေးစရိတ်တွေကို မြင့်တက်စေမှာ ဖြစ်ပါတယ်။
 
ကိုဗစ်ကန့်သတ်မှုတွေကြောင့် နကိုကတည်းက သယ်ယူပို့ဆောင်ရေးစရိတ်တွေဟာ အခု လောင်စာဆီစျေးက ထပ်မံမြင့်တက်စေဦးမှာမို့ စားသုံးသူတွေ အဖို့ ၂ ဖက်လွှနဲ့ ဖြတ်ခံရသလို ဝင်ငွေနိမ့်ကျနေချိန် စားသောက်ကုန် လူသုံးကုန်တွေ စျေးနှုန်းမြင့်တက်တာနဲ့ ကြုံတွေ့ကြရဦးမှာ ဖြစ်ပါတယ်။ 

အခုလို ဖြစ်ပျက်နေတဲ့ အခြေအနေကို စစ်ကောင်စီကတော့ ဒီလိုဖြစ်ရပ်တွေဟာ စစ်အာဏာသိမ်းလို့ ဖြစ်လာတာလို့ ဝန်ခံမှာမဟုတ်သလို ၄င်းတို့အနေနဲ့ စီမံခန့်ခွဲနိုင်တဲ့အနေအထားမှာမရှိပဲ စစ်အစိုးရခေတ်ဟောင်းတုန်းကလို နိုင်ငံခြားငွေချွေတာဖို့ စက်သုံးဆီချွေတာသုံးဖို့ဆိုတဲ့ ပြောဆိုမှုတွေသာ ကြားသိနေရတာဖြစ်ပါတယ်။ 

တဖက်မှာလည်း လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်လာချိန်မှာ အရေးပေါ်အခြေအနေမျိုးမှာ လူထုအတွက် ရိက္ခာထောက်ပံ့ရေးလို ကိစ္စရပ်တွေ အတွက် NUG အစိုးရအနေနဲ့  ကြိုတင်စီစဥ်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ 

အရေးပေါ် အခြေအနေအတွက် ရိက္ခာ၊ ကျန်းမာရေးအတွက် ဆေးဝါး၊ လူမှုကယ်ဆယ်ရေးအစီအစဥ်လိုမျိုးတွေအတွက် ကြိုတင်စဥ်းစားပြင်ဆင်ထားဖို့လည်း လိုအပ်လိမ့်မယ် ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar