Breaking News

နိုင် ဝင်း သီ - "ညနေခင်း ဂီတ"


Art - Aung Htet
"ညနေခင်း ဂီတ"
နိုင် ဝင်း သီ
အောက်တိုဘာ ၂၇၊ ၂၀၂၁

(တစ်)

" ကျွန်တော့်စိတ်ထဲမှာ ခိုပြာလေးတစ်ကောင်ဖြတ်ပျံသွားတာလို့ထင်နေမိတာ။ မဟုတ်ဘူးဗျ။ ဒီတိုက်ကြီးပေါ်ကနေပြုတ်ကျလာတဲ့ ဘရာစီယာတစ်ထည်ဗျ"

ကျွန်တော်တို့လမ်းထိပ်မှာဂိတ်ထိုးလေ့ရှိတဲ့ကားသမားဟာ သူ့လက်ထဲက အပြာနုရောင်ဘရာစီယာကို ကျွန်တော်မြင်အောင်မြှောက်ပြလိုက်ပြီး  ကျွန် တော်တို့‌နေတဲ့ တိုက်သစ်ကြီးကို မေးငေါ့ပြလိုက်ပါတယ်။
သူ့ပုံစံကိုကြည့်ရတာ အဲဒီဘရာစီယာ သူ့ကိုယ်ပေါ်ပြုတ်ကျလာတာကို အတော်လေးကြည်နူးနေတဲ့ပုံပါပဲ။

တကယ်လို့များ ဘရာစီယာတစ်ထည်မဟုတ်ဘဲ ပန်းအိုးတစ်လုံးသာဂွပ်ခနဲပြုတ်ကျလာလို့ကတော့ ဆေးရုံတောင် ဘယ်အပေါက်ကရောက်သွားမှန်း သူသိလိုက်မှာမဟုတ်ဘူး။

ကျွန်တော်ကတော့ ဘရာစီယာကိုသူကိုင်မြှောက်ပြနေကတည်းကသိနေခဲ့ပြီ။ အဲဒီဘရာစီယာဟာ ကျွန်တော်‌ နေတဲ့အထပ်ရဲ့ အပေါ်ထပ်ငါးလွှာကနေ ပြုတ်ကျလာတဲ့ဘရာစီယာပဲ ဖြစ်ပါလိမ့်မယ်။

ပြောမယ်ဆိုရင် အဲဒီငါးလွှာမှာနေတဲ့မိန်းမတယောက်ဟာ ရုပ်ကလေးချောမောလှပသလောက် အတော့်ကိုပရမ်းပတာနိုင်လှတဲ့မိန်းမပါပဲ။ ဝတ်လိုက်စားလိုက်ရင်လည်း အဲဒီမိန်းမဟာ တကယ့်ကိုမော်ဒယ်လ်တယောက်လို လန်းနေလွင့်နေတာမျိုး။

တိုက်ခန်းမှာနေတဲ့တချို့လူ‌တွေကတော့ ဒီမိန်းမဟာ တချိန်တုန်းက နာမည်ကြီးမော်ဒယ်လ်တစ်ယောက်လို့ပြောတာကြားခဲ့ဖူးတယ်။

အဲဒါကြောင့် များလားတော့မသိ။။သူမရဲ့ဝင်းပတဲ့အသားအရေနဲ့ သူမခန္ဓာကိုယ်ပေါ်က အပြေအဟိုက် အမို့အမောက် ခဲခြစ်ကောက်ကြောင်းတွေဟာ မြင်ရသူတွေအဖို့ ဘဝင်ဆူပြီး သွေးခုန်နှုန်း မြန်ချင်စရာပါပဲ။

ရုပ်ရည်လေးကသာအပျံစားဖြစ်နေပေမယ့် ဒီမိန်းမဟာ ဝရန်တာမှာအဝတ်တွေထုတ်လှမ်းတိုင်း ဘယ်တော့မှ ညှပ်တွေကလစ်တွေ သုံးလေ့သုံးထမရှိဘူး။ကျွန်တော့်အခန်းအပါအဝင် ဟောဒီငါးထပ်တိုက်မှာရှိတဲ့ အခန်းဆယ်ခန်းလုံးဟာ သူ့အဝတ်အစားတွေ လွင့်မကျဘူးတဲ့အခန်းဆိုတာ မရှိသလောက်ပါပဲ။ ကျွန်တော်အခန်းကတော့ သူ့တိုက်ခန်းရဲ့အောက်ထပ်ဖြစ်နေတော့အဆိုးဆုံးပေါ့။

အဝတ်အစားတင်ပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မှာလဲ။ သူ့ယောက်ျားကလည်း ပန်းချစ်သူတစ်ယောက် ဖြစ်ပုံရတယ်။

အဲဒီဝရန်တာမှာပဲ ပန်းအိုးလေးတွေကိုတန်းစီပြီး ကစ်စ်မီကွစ်လို၊ နှင်းဆီလို၊ သစ်စိမ်းမြရွက်လေးတွေလိုပန်း ရောင်စုံလေးတွေကို တယုတယနဲ့စိုက်ပျိုးထားလိုက်တဲ့ဟာ ကျွန်တော့်မှာ နေ့တိုင်းလိုလိုဘုရားတနေရပါတယ်။

အကြောင်းတစုံတခုကြောင့် အဲဒီပန်းအိုးလေးတွေဟာ ကျွန်တော့်ရဲ့ခေါင်းပေါ်ကို အုန်းသီးတစ်လုံး‌ကြွေကျလာသလို အချိန်အခါမရွေးပြုတ်ကျလာနိုင်တယ်မဟုတ်လား။

သူတို့လင်မယားနဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းမှာနေတဲ့(ကျွန်တော်နဲ့လည်း ခင်မင်နေတဲ့) မိတ်ဆွေကတော့ အဲဒီပန်းအိုးကိစ္စကို ပြောခဲ့ဖူးပါတယ်။

"ဘာများအားနာစရာရှိလို့လဲ ကိုယ့်လူရာ။ ခင်ဗျားခေါင်းပေါ်မှာ တန်းစီနေတဲ့ပန်းအိုးတွေကိုဖယ်ခိုင်းလိုက်ပေါ့ဗျာ။ ခင်ဗျားမဖယ်ခိုင်းရင် ခင်ဗျားခေါင်းပေါ်မှာ တသက်လုံး အဲဒီပန်းပင်တွေကိုသူစိုက်သွားမှာပဲ။ ခင်ဗျားဘက်ကအားနာပြီး ဘာမှမပြောမဆိုဘဲနေနေတော့ အခုပဲ ခင်ဗျားစိတ်ဆင်းရဲနေရပြီ မဟုတ်လား။ ခင်ဗျားဘာသာစဉ်းစားကြည့်လေ။ ညနေခင်းတွေမှာ ဝရန်တာထွက်ပြီး ဝင်လုဆဲနေရောင်တွေကို ခင်ဗျားကြည့်လို့မရတော့ဘူး။ လသာညတွေမှာ ဝရန်တာမှာ ပက်လက်ကုလားထိုင်လေးတလုံးခင်းပြီး ခင်ဗျားစိတ်ကူးယဉ်လို့မရတော့ဘူး။ ခင်ဗျားခေါင်းပေါ်မှာတန်းစီစိုက်ထားတဲ့ ပန်းအိုးလေးတွေဟာ  အချိန်အခါမရွေး ပြုတ်ကျလာနိုင်တာမျိုးမဟုတ်လား။ အဲဒီလိုအနေအထားမျိုးမှာ ဘယ်လိုလူမျိုးကများ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်နိုင်မှာလဲဗျာ"

ဒီလူကတော့ ပြောစရာဆိုစရာရှိရင် ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ ခပ်ပြတ်ပြတ်ပြောတတ်ဆိုတတ်တဲ့လူစားမျိုး။
ဘယ့်လောက်ထိအောင် ရှင်းလင်းပြတ်သားသလဲဆိုရင် သူ့တိုက်ခန်းမှာမိုးယိုနေတုန်းက ...
 
"ကဲ...အန်တီကြီး တစ်လနှစ်သိန်းပေးနေရတဲ့တိုက်ခန်းအသစ်စက်စက် အိမ်ခေါင်မိုးပေါ်က မိုးယိုနေပြီဗျာ။ ဘယ်လိုလုပ်ပေးမှာလဲ..ပြော။ အလုပ်သမားတွေခေါပြီး လုပ်ခိုင်းမှာလား။ အန်တီကိုယ်တိုင်တက်လုပ်ပေးမှာလား" လို့ အိမ်ရှင်အဘွားကြီးမျက်နှာကို ခပ်တင်းတင်းကြည့်ပြီး ပြောရဲသူပါ‌ပေ။ ဒီငါးထပ်တိုက်ကြီးကို အဘွားကြီးရောက်လာတိုင်းလည်း သူ့တိုက်ခေါင်မိုးပေါ် မိုးယိုတဲ့ကိစ္စကို အမြဲတမ်းပူညံပူညံလုပ်တတ်သူပါပေ။

ဟိုတလောလေးကလည်း မျက်နှာချင်းဆိုင်အခန်းက သစ်ပင်တစ္ဆေဟာ အိုးနဲ့စိုက်ထားတဲ့အလှစိုက်အုန်းပင်လေးတွေကို  ငါးအိုးလား ခြောက်အိုးလားမသိ ဝယ်လာပြီး လှေခါးအတက်အဆင်းနားမှာ တန်းစီချထားလိုက် ပါတယ်။ သူ့အခန်းဘက် သူချတာဖြစ်ပေမယ့် ဝဲဘက်အစွန်ဆုံးပန်းအိုးကတော့ အခန်းနယ် နိမိတ်ကိုကျော်လွန်ပြီး သူ့အခန်းရှေ့မျက်နှာစာထဲကိုရောက်နေပါတယ်။

အဲဒီနေ့က မော်ဒယ်လ်မမဟာ မည်းစိုစိမ်းမြနေတဲ့မျက်တောင်ကော့ကြီးတွေကိုတဖျပ်ဖျပ်ခတ်ရင်း အလှပဆုံး ပြုံးပြလိုက်ပြီး....

"အလှစိုက်တဲ့အုန်းပင်လေးတွေပါရှင်။ အလက်လေးတွေက စိမ်းစိမ်းစိုစိုနဲ့ သိပ်ကိုလှပပါတယ်။ နောက်ပြီး သူ က လေထုညစ်ညွမ်းမှုကိုလည်း သန့်ရှင်းစင်ကြယ်စေပါတယ်"

မော်ဒယ်လ်မမဟာ ညင်းညံ့တဲ့လေသံလေးနဲ့ နူးညံ့သိမ်မွေ့စွာ သူ့ကိုပြောပြခဲ့ပေမယ့် ကျွန်တော်တို့လူကတော့ စာကလေးခေါင်းလို သေးသေးလေးဖြစ်နေတဲ့ သူ့ရဲ့ခေါင်းလေးကို  စာကလေးလိုပဲ ရွစိရွစိနဲ့ လှုပ်ခါနေရင်းက...

"ခင်ဗျားတို့ဘာခင်ဗျားတို့ အလှစိုက်တဲ့ အုန်းပဲစိုက်စိုက်၊ အသီးသီးတဲ့ အုန်းပဲစိုက်စိုက်ကိုယ့်အခန်းရှေ့ ကိုယ်စိုက်ကြ။ ကျုပ်အခန်းဘက်တော့ ရောက်မလာစေနဲ့" တဲ့။
အဲဟိုလင်မယားဆိုတာ ကုပ်ချောင်းကုပ်ချောင်းနှင့်ဆုတ်ခွာသွားပြီး သူ့အခန်းဧရိယာထဲမှာ ကျွံဝင်နေတဲ့ပန်းအိုးကို သူတို့ရဲ့အခန်းဘက် ပြန်ရွှေ့သွားရပါတယ်။
တတိယထပ်မှာနေတဲ့ တရားဟောဆရာကတော့ အဲဒီလူ့ကို မေးငေါ့ပြပြီး ကျွန်တော့်ကိုတိုးတိုးလေး ပြောခဲ့ဖူးတယ်။

"အဲဒီ စာကလေးခေါင်းနဲ့လူက ဘဏ်တစ်ခုမှာ နှစ်ပေါင်းများစွာ ရာဖြတ်လုပ်လာခဲ့တဲ့လူဗျ။‌‌ ငွေဟာ ဒုတိယဘုရားသခင်ဆိုရင် ဒီလူဟာ ရာဖြတ်ဖြစ်နေတဲ့အတွက် တတိယဘုရားသခင်ပေါ့ဗျာ။ သူတို့နဲ့အဆင်ပြေမှ ကိုယ်အပေါင်ထားမဲ့ပစ္စည်းဟာ ငွေများများရလာနိုင်မှာကိုး။ ပစ္စည်းတခုဟာကာလတန်ဖိုး ဘယ်လောက်တန်ကြေးရှိတယ်ဆိုတာ ဒီလူကောင်းကောင်းသိတာ‌‌ပေါ့။ ကျွန်တော့်စိတ်ထင် သူ့မျက်စိထဲမှာ အဲဒီလင်မယားဟာ ခြောက်ပြားတစ်ပဲတောင် တန်ဖိုးမရှိဘူးနဲ့တူပါတယ်ဗျာ"

မော်ဒယ်လ်မမလို ဦးခေါင်းကနေ ခြေဖျားအထိ တကိုယ်လုံးမွှေးရီလှပနေတဲ့မိန်းမမျိုးတောင် ခြောက်ပြားတစ်ပဲမတန်ဘူးဆိုနေမှတော့ ကျွန်တော်တို့လို ခပ်ပေပေနေတဲ့လူမျိုးဆိုရင် ဘယ်လိုများအကဲဖြတ်လေမယ်မသိဘူး။

"ဒါဖြင့် သူ့မျက်စိထဲမှာ ကျွန်တော်ကရောဘယ်လောက်တန်နိုင်မလဲဗျ။ ခန့်မှန့်ကြည့်ပါဦး" လို့ ပြန်မေးကြည့်တော့ တရားဟောဆရာဟာ ကျွန်တော့်တကိုယ်လုံးကို အနုလုံပဋိလုံအဖန်ဖန်အလဲလဲသုံးသပ်ပြီး "အိမ်း...ကိုယ့်လူကတော့ နှစ်ကျပ်တစ်မတ်လောက် တန်ကြေးရှိနိုင်ပါတယ်ဗျာ" လို့မှင်မောင်းသေသေနဲ့ပြန်ပြောခဲ့တဲ့အတွက် ကျွန်တော့်မှာ ပြုံးရပါသေးတယ်။

အဲဒီလူဟာ ဘဏ်တခုမှာရာဖြတ်လို့သာဆိုတယ်။ ရာဖြတ်တယောက်ရဲ့တည်ငြိမ်အေးစက်မှုမျိုးကို သူ့မျက်နှာပေါ်မှာမတွေ့ရပါဘူး။ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် လေးမှန်ဖူးတဲ့ငှက်တကောင်လို ဟိုကြည့်ဒီကြည့်နဲ့ အမြဲတမ်းဂဏှာမငြိမ်ဖြစ်နေတဲ့လူစားမျိုးပါ။

ပြောမယ့်သာပြောနေတာ ဒီလူတွေဟာ ကွယ်ရာမှာသာ‌ တယောက်နဲ့တယောက် ကြုံရင်ကြုံသလိုအုပ်နေကြပေမယ့် သူတို့ချင်းတော့ ခင်မင်ပုံရပါတယ်။ တိုက်ခန်းအဆင်းအတက်မှာ လူချင်းဆုံလေတိုင်းအမြဲတမ်းလိုလို ရင်းရင်းနှီးနှီးခေါ်ပြောနှုတ်ဆက်ကြတာကို ကျွန်တော်သတိပြုမိပါတယ်။

အောက်ဆုံး‌က မြေညီထပ်မှာ‌နေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့မှာ အလုပ်လုပ်နေတဲ့ ငှက်သိုက်ဆံပင်နဲ့ လူကတော့...

"ခင်ဗျားတို့ပြောလို့သာ သူ့ကိုရာဖြတ်တစ်ယောက်လို့ ကျွန်တော်သိလိုက်ရတာ။ ကျွန်တော့်မျက်စိထဲမှာတော့ ဒီလူဟာ အဂ္ဂိရတ်ထိုးတဲ့လူတယောက်နဲ့တူနေတာပါဗျာ။ သူ့ကိုမြင်လိုက်ရတိုင်း ခေါင်းပေါ်မှာပြာမှုန်တွေဆိုတာဖွေးဖွေးလှုပ်နေတာပဲ။ မဟုတ်မှလွဲရော ဒီလူဟာ အပေါ်ဆုံးထပ်ကိုရွေးငှားပြီး တိတ်တိတ်လေးဖိုထိုးနေတာများလားမသိဘူး။ ဘာပဲဖြစ်ဖြစ်ဗျို့...သူနဲ့တော့ သင့်မြတ်အောင်ပေါင်းထားရမယ်ဗျ။ တော်ကြာ ဖိုထိုးလို့ပေါက်မြောက်သွားခဲ့ရင် ပြဒါးတစ်ကျပ်သားလောက် တောင်းထားရမှာဗျ "

ဒီလူကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့လူလို့သာဆိုတယ်။ ကွမ်းယာကိုပါးစောင်ထဲထည့်ပြီး တနေကုန် တစွိစွိနဲ့ဝါး‌ နေတတ်တဲ့လူမျိုးပါ။ ထွေးလိုက်တဲ့ကွမ်းသွေးဆိုတာကလည်း ရောက်ရာအရပ်မှာ တဗျစ်ဗျစ်နဲ့ ထွေးချသွားတတ်တာကလား။ ဒါကြောင့်မို့လည်း ရာဖြတ်ဆရာက သူ့ကိုပြောခဲ့ဖူးတာ ဖြစ်လိမ့်မယ်။

"သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းခင်မှာ ခင်ဗျားရဲ့ပါးစပ်ပေါက်ကြီးကို အရင်ထိန်းသိမ်းဖို့ လိုအပ်လိမ့်မယ်ဗျ။ဘယ့်နှယ့်ဗျာ  တွေ့ကရာနေရာမှာ ကွမ်းသွေး‌တွေထွေးချလွန်းလို့ တိုက်ခန်းအပြင်ဘက်မှာလည်း ရဲရဲ‌ တောက်နေပြီ။တစ်လမ်းလုံးလည်း ခင်ဗျားထွေးချထားတဲ့ ကွမ်းသွေးတွေနဲ့ ဗွက်ပေါက်နေပြီ"

"ဒါကတော့ ဟုတ်တယ်ကိုယ့်လူ။ ရာဖြတ်ကြီးပြောတာ မှန်တယ်။နောက်ဆက်တွဲအနေနဲ့အကြံပြုလိုတာကတော့ ဆောင်းခိုငှက်တွေလာရောက်နားခိုနိုင်တဲ့ မောင်ရင့်ဆံပင်ဘုတ်သိုက်ကြီးကိုလည်း သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ညှပ်ပစ်ဖို့ပါပဲ။ နို့မဟုတ်လို့ကတော့ မောင်ရင့်ဆံပင်အုံကြီးထဲမှာ အနည်းဆုံးတော့ စာကလေးတွေနဲ့ကျီးကန်းတွေ ဥဝင်အုသွားနိုင်တယ်ဗျာ"

သူတို့အချင်းချင်း အချီအချစကားပြောနေကြပြီဆိုရင် တရားဟောဆရာဟာ ဘေးကနေပြီးပြုံးစစနဲ့ နားထောင်နေတတ်ပါတယ်။ တစ်ချက်တစ်ချက်မှာ‌ တော့ အဲဒီလိုမျိုးဝင်တွယ်တတ်ပါတယ်။

ဘယ်လိုပဲပြောပြော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုယ်‌တော်ကတော့ ငှက်သိုက်တခုလိုထူထူပွပွကြီးဖြစ်နေတဲ့သူ့ရဲ့ဆံပင်အုံထဲကို လက်ဆယ်ချောင်းလုံးထိုးသွင်းကုပ်ဖွနေရာက အပြုံးမပျက်ပါဘူး။ သူ့ပါးစပ်ထဲမှာပစ်သွင်းထားတဲ့ကွမ်းယာကိုလည်း တစ်ချက်ကလေးမှအဝါးမပျက်ပါဘူး။

ဘာပဲပြောပြော ကျွန်တော်ကတော့ အဲဒီလိုလူမျိုးတွေနဲ့ အိမ်နီးနားချင်းဖြစ်ရတာကိုပျော်ရွှင်ရပါတယ်။ မတူကွဲပြားခြားနားတဲ့ သူတို့ရဲ့ စိတ်အဆင်အကွက်တွေကို မြင်တွေ့ခွင့်ရလို့လည်း  နှစ်သက်ကြည်နူးရပါတယ်။

အဲ...အဲ...ဘယ့်လောက်ပဲပျော်ရွှင်စရာ‌ ကောင်းတယ်ပြောပြော တရားဟောဆရာရဲ့ တိုက်ခန်းလေးထဲကို အလည်မသွားမိဖို့တော့ ကိုယ့်ကိုကိုယ် သတိထားရပါတယ်။ ဘုမသိ ဘမသိနဲ့ သူ့တိုက်ခန်းလေးထဲကို ဝင်သွား
မိတာနဲ့ " သင်မုချ သေတော့မည်။အချိန်ပိုင်းမျှသာ လိုတော့သည်" ဆိုတဲ့ စာတန်းကြီးက တိုက်ခန်းထဲဝင်လာတဲ့လူ‌တွေကို ခန့်ငြားစွာနဲ့ ဆီးကြိုနေပါလိမ့်မယ်။ ပြီးရင် သူနာထားတဲတရားခွေတွေအကြောင်းကို အနည်းဆုံးနာရီဝက်လောက် အရပ်အနားမရှိ သူ ပြောပြပါလိမ့်မယ်။

အဲဒီလို တရားဟောလွန်းလို့နဲ့ တူပါတယ်။ သူ့ဆီကို  မိတ်ဆွေသူငယ်ချင်းတွေရောက်လာတာ သိပ်မတွေ့ရပါဘူး။ကျွန်တော်တောင် "သင် မုချသေတော့မည်။ အချိန်ပိုင်းမျှသာ လိုတော့သည်" စာတန်းကြီးကိုကြည့်ပြီး သူ့အခန်းထဲ နောက်တစ်ကြိမ်ဝင်ဖို့ အတော်လန့်သွားခဲ့ပါပြီ။

အပေါ်ဆုံးထပ်က မော်ဒယ်လ်မမလင်မယားဆို ပိုတောင်မှ ဆိုးသေးတယ်။သူတို့က အချိန်ရှိသရွေ့ သူတို့ကိုသူတို့ သနေတတ်တဲ့ အလှအပကြိုက်တဲ့ လူစားမျိုးတွေ မဟုတ်လား။

သူ့အခန်းရှေ့ရောက်ရင် တရားဟောဆရာကို နှုတ်ဆက်ဖို့နေနေသာသာ သူ့အခန်းဘက်ကို ယောင်လို့တောင် မျက်စောင်းလှည့်ထိုးကြတာ မဟုတ်ဘူး။

(နှစ်)

ထူးခြားတာတခုက သူတို့သုံးယောက်စလုံးမှာ အိမ်ထောင်မရှိကြပါဘူး။ ရာဖြတ်ကြီးကတော့ အနုစိတ်တွက် ချက်လွန်းလို့ မိန်းမမရခဲ့တာဖြစ်လိမ့်မယ်။ လူကသာ စာကလေးခေါင်းလို့ဆိုပေမဲ့ သူ့ရဲ့ခေါင်းသေးသေးလေးထဲမှာ ခေတ်သစ်ဘောဂဗေဒသီဝရီတွေနဲ့ ပြည့်နှက်ဖေါင်းကားနေတာမျိုးမဟုတ်လား။ သူလိုချင်တဲ့စံချိန်စံနှုန်းနဲ့ကိုက်ညီမယ့်မိန်းမမျိုးဆိုတာကလည်း သိပ်ကိုရှားပါးပါလိမ့်မယ်။

တရားဟောဆရာကတော့ လူပုံကိုကြည့်လိုက်ရင်သာ ဟစ်ပီလိုလို၊ ဘီတယ်လ်လိုလိုနဲ့။ ရှည်လျားတဲ့ဆံနွယ်တွေ တဖွားဖွားနဲ့တကယ့်ကိုအလွင့်။ ကိုယ်တွေကလည်း ခပ်ပေပေနေတတ်တဲ့လူမျိုးဆိုတော့ တွဲလို့ရပြီအောက်မေ့နေတာ။ ဘီယာဆိုင်‌အတူတူထိုင်လို့ရပြီ ထင်ထားခဲ့တာ။
ဘယ်ဟုတ်လိမ့်မလဲဗျာ။ တွေ့တွေ့ချင်း ကျွန်တော့်ကို "မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့် နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း"

မိုးကုတ်ဆရာတော်ဘုရားရဲ့ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းဒေသနာထဲက လင်္ကာလေးကိုရွတ်ပြလိုက်တော့ ကျွန်တော့်မှာ လန့်ဖျပ်သွားပါတယ်။
ပြောမယ်ဆိုရင် သူက အဖြစ်နောက်က အပျက်လိုက်‌နေတာကို စိမ်းကားပြတ်တောက်ချင်နေတဲ့လူစားမျိုး။ ကျွန်တော်တို့က အဖြစ်နောက်က မှီတွဲလိုက် ပါနေတဲ့အပျက်တွေကို တွယ်မက်ခုံမင်နေတဲ့ လူတွေ။

ဆို‌တော့ အဲဒီလိုလူမျိုး  မိန်းမရဖို့ဆိုတာကလည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူးဗျာ။
ဟိုတစ်ရက်လေးကတင် လှေခါးအဆင်းမှာသူနဲ့တွေ့တော့...

"ဟေ့လူ၊ယောဆရာတော်ရဲ့'နေ့တိုင်းဆင်ခြင်သေဖို့ပြင် ' တရား‌ခွေကို နာပြီးသွားပြီလား "
လှမ်းမေးနေလို့ "နောက်မှပဲ အေးဆေးနာတော့မယ်ဗျာ။ခုတော့ အလုပ်လေးတွေ ရှိနေသေးလို့ပါ" ပြောပြီး သွက်သွက်ကလေးလစ်လာခဲ့ရတယ်။

တကယ့်လူပါပဲဗျာ။ လူကိုမတွေ့လိုက်နဲ့။ တွေ့လိုက်တာနဲ့ ဖြူးဆရာတော်တို့၊ ယောဆရာတော်တို့၊ ဒယ်အိုးဆရာတော်တို့အကြောင်းကိုပြောတော့တာပါပဲ။

ကျွန်တော်ကလည်း သူ့ဆို လန့်လွန်းလို့ခပ်လှမ်းလှမ်းက မြင်လိုက်တယ်ဆိုရင်ပဲ နောက်ကြောင်းပြန်လှည့်ပြေးနေကျပါပဲ။

မြေညီထပ်မှာနေတဲ့ဟိုလူ့အကြောင်းကိုတော့ တခုတ်တရလုပ်ပြီးပြောမနေချင်တော့ပါဘူး။ အဲဒီလူဟာ သူအလုပ်လုပ်နေတဲ့သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့မှာတော့ ဘယ်လိုနေတယ်မသိဘူး။ သူ အခုနေတဲ့ တိုက်ခန်းကတော့ အမှိုက်ကားမလာလို့ ပွချင်တိုင်းပွရှုပ်‌နေတဲ့အမှိုက်ပုံတစ်ပုံလိုပါပဲ။

သူ့အခန်း ညစ်ထေးပေပွနေတာကိုလည်းမပြောနဲ့။ သူကိုယ်တိုင်ကလည်း မြို့ပြအမှိုက်ပုံသေးသေးလေးနဲ့ တူနေတာမျိုးမဟုတ်လား။ အဲဒီလိုညစ်တီး ညစ်ပတ်နိုင်လှတဲ့ လူမျိုးကို ချစ်ခြင်းမေတ္တာအကြောင်း ပြောရအောင် မိန်းမတွေဟာ ရူးနှမ်းနေတဲ့သတ္တဝါမျိုးမှမဟုတ်တာပဲဗျာ။

ဘာပဲပြောပြော အသွင်မတူစရိုက်မတူတဲ့အဲဒီလိုလူ့ကန့်လန့် လူမျိုးတွေနဲ့ ရောထွေးနေထိုင်ရတာဟာ ကျွန်တော့်အတွက်တော့ ကမ္ဘာသစ်တစ်ခုထဲကို ရောက်ရှိနေသလိုပါပဲ။

(သုံး)

တစ်ရက်မှာတော့ ဘယ်ကနေ ဘယ်လိုများစိတ်ကူးစိတ်သန်းရတယ်မ‌ပြောတတ်ပါဘူး။ အပေါ်ဆုံးထပ်က မော်ဒယ်လ်မမဟာ ကိုယ်ကာယအလှအပသင်တန်းတစ်ခုကိုသူ့အခန်းမှာ ကောက်ကာငင်ကာနဲ့ ဖွင့်ချလိုက်ပါတယ်။

စဖွင့်ဖွင့်ချင်းမှာ ကောင်မလေးသုံးယောက်နဲ့စတင်ခဲ့ပေမယ့် ဆယ့်‌လေးငါးရက်လောက်ကြာလာတဲ့အခါမှာ ကောင်မလေးဆယ့်ငါးယောက်လောက်ရှိလာခဲ့ပါပြီ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆရာကတော့ သင်တန်းလာတက်တဲ့ မြို့ပြလိပ်ပြာမလေးတွေကိုကြည့်ပြီး လေတစ်ချက်ချွန်လိုက်ပါတယ်။

"အပေါ်ဆုံးထပ်မှာ နို့စားနွားမမွေးတာနဲ့စာရင် ဘော်ဒီဗျူတီသင်တန်းဖွင့်လိုက်တာသိပ်ကောင်းတာပေါ့ဗျာ။တစ်ခုပဲ ပြောစရာရှိတယ်။ခင်ဗျားတို့ရဲ့ရာဖြတ်ကြီး ဖေါက်မလာဖို့ပဲ "

အလားတူ တရားဟောဆရာကလည်း သူ့မျက်စိရှေ့မှာတင် အပေါ်ထပ်ကိုတက်သွားတဲ့ ခေတ်ပေါ်ကောင် မလေးတွေကို ငေးရီကြည့်နေရင်းနဲ့ရာဖြတ်ဆရာရဲ့အခန်းဘက်ကို လက်ညိုးထိုးပြပါတယ်။ သိပ်မကြာခင်မှာ ပြဿနာတက်တော့မယ်ဆိုတဲ့အမှတ်သ‌င်္ကေတပေါ့။

ကိုယ်ကာယအလှသင်တန်း ဆိုတာကလည်းခေါင်းကနေ ခြေဖျားအထိ တစ်ကိုယ်လုံး လှုပ်ရှားနေရတာဆိုတော့ လူများလာပြီဆိုရင် တိုက်ခန်းတွေမှာ အဆင်သိပ်မပြေချင်တော့ပါဘူး။ ကနဦးက သုံးလေးငါးယောက်လောက်အထိတော့ မော်ဒယ်လ်မမရဲ့ တိုက်ခန်းရှေ့မှာ အဆင်ပြေနေပါသေးတယ်။ ဒါပေမဲ့ ဆယ်ယောက်ကနေ ဆယ့်ငါးယောက်အထိတိုးလာတော့ တဖြည်းဖြည်းနဲ့ သူ့အခန်းရှေ့ကို ကောင်မလေးတွေ ရောက်လာပါပြီ။

သင်တန်းလာတက်တဲ့ ကောင်မလေးတွေဆိုတာကလည်း ပန်းပွင့်လေးတွေလို နူးညံ့လှပနေတဲ့ မြို့ပြကောင် မလေးတွေဆို‌တော့.....။

တစျခါတစျခါ အသားကပျ ဘောငျးဘီအောကျမှာ သူတို့ရဲ့ ရငျခုနျတိမျးမူးဖှယျရာကိုယျခန်ဓာအချိုးအဆက်ကို  မြင်‌နေတွေ့နေရပါတယ်။တစ်ခါတစ်ခါမှာတော့ တိုနှံ့နှံ့ဘောင်းဘီလေးတွေအောက်ကဖြောင့်စင်းသွယ်မွတ်တဲ့ ပေါင်တံတွေကိုအင်ပရက်ရှင်းနစ် ပန်းချီကားတစ်ချပ်လိုမြင်တွေ့နေရပြန်ရော။

ပေါင်တံတွေကလည်း အသွေးအရောင်စုံလင်လှပါတယ်။ပျားရည်ရောင်အညိုနု‌ရောင်ပေါင်တံ၊ လ‌ရောင်လို နုဖြူဆွတ်မြနေတဲ့ ပေါင်တံ၊ ဝါဝင်းစိမ်းမြနေတဲ့ပေါင်တံ၊သစ်အယ်သီးရောင်ပေါင်တံ။

" ဘယ်လိုလုပ်မလဲ ရာဖြတ်ကြီး၊ လေ့ကျင့်ခန်းလုပ်နေတဲ့ ကောင်မလေးတွေက ခင်ဗျားရဲ့အခန်းဝကိုတောင် ရောက်လုနေပြီ"

လူစုံတဲ့ တစ်ရက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆရာက ပြူးပြူးပြာပြာနဲ့ အကဲစမ်းသလိုလိုလာပြောတော့ ရာဖြတ်ကြီးဟာ ဆေးလိပ်တောင် အဖွာမပျက်ဘူး။

"အာရောဂျံ ပရမံလာဘံဗျ။ကျန်းမာရေးထက် အရေးကြီးတာ ဘာရှိမလဲဗျာ။ ဟိုလင်မယားကလည်း ကျုပ်ကို အကျိုးအကြောင်း ပြောပြထားပြီးပါပြီ။ တစ်တိုက်တည်း နေ‌‌နေကြတဲ့ အိမ်နီးချင်းတွေပဲဗျာ။ ဒီလောက်လေးတော့သည်းညည်းခံပေးရမှာပေါ့ဗျာ"

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆရာဟာ ပခုံးတစ်ချက်တွန့်လိုက်ပြီး...

"တကယ့်ကို သဘောမနောကောင်းတဲ့လူကြီးမင်းပါလားဗျာ။မူဝါဒပိုင်းဆိုင်ရာသဘောထားဟာ ချက်ခြင်းကိုပြောင်းလဲသွားတာပါပဲလား"

"ဟုတ်ပါ့ဗျာ။ ကနဦးတုန်းက ပန်းအိုးလေး သူ့အခန်းဘက် နည်းနည်းဝင်နေတာကို ဖြစ်နေလိုက်တာများ ကမ္ဘာပျက်နေတဲ့ အတိုင်းပဲ"

"ဟား...အဲဒါက ပန်းအိုးဗျ သူငယ်ချင်းရ။ အခုဟာက ကောင်မ‌ချောချောလေးတွေဗျ။ မတူဘူးလေဗျာ"

ရာဖြတ်ကြီးက ပြုံးစစနဲ့ ပြန်ပြောတော့ ကျွန်တော်တို့မှာ ရယ်မောရပါသေးတယ်။

အဲဒီအချိန်မှာပဲ တချိန်လုံး သူ့ရဲ့မေးစေ့ချွန်ချွန်လေးကို လက်နဲ့ပွတ်သပ်နေတဲ့ တရားဟောဆရာဟာ တွေးတွေးဆဆနဲ့....

"မဟုတ်မှလွဲရောဗျာ။ ကျွန်တော့်စိတ်ထဲမှာတော့ ၃၄၊ ၂၂၊ ၃၅ ပဲဗျာ။ သေချာလောက်တယ်ဗျာ။ မှန်ကန်တိကျဖို့ကို ကျွန်တော့်ဘက်ကနေလုံးဝတာဝန်ယူတယ်ဗျာ"

"ဘာလဲဗျ။ ခင်ဗျားဟာက အရင်းမရှိ အဖျားမရှိနဲ့။ဘာတွေများ မှန်ကန်တိကျနေတာလဲ"
ရာဖြတ်ကြီးက မျက်မှောင်ကြုတ်ပြီးပြန်မေးလိုက်တော့ ....

"ဘယ့်နှယ့် အရင်းမရှိ အဖျားမရှိရမှာလဲဗျာ။
အရင်းလည်း ရှိပါတယ်။ အဖျားလည်း ရှိပါတယ်ဗျ။ သင်တန်းဆရာမ လုပ်နေတဲ့ကျွန်တော်တို့မော်ဒယ်မမရဲ့ ကိုယ်ခန္ဓာအတိုင်းအထွာကို ကျွန်တော့်ဘာကျွန်တော် စိတ်တွက်တွက်ပြီး ခန့်မှန်းကြည့်နေတာပါဗျ"

ရယ်မောသံတွေဆိုတာညံစီသွားပြန်ပါတယ်။
ဘာပဲပြောပြော အမြဲတမ်းလိုလို တိတ်ဆိတ်ငြိမ်သက်နေတတ်တဲ့ ကျွန်တော်တို့တိုက်ဟာ ကောင်မလေးတွေရောက်လာတော့မှပဲ လူသံသူသံတွေနဲ့ ရှုပ်ထွေးလှုပ်ခတ်လာခဲ့တာပါ။

အဲဒီသင်တန်းဖွင့်ပြီးတဲ့နောက်ပိုင်းမှာ လူတွေဟာ အရင်ကလို လေးလံထိုင်းမှိုင်းမနေတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် ဘာမှသာ မပြောကြပေမယ့် ညနေခင်းတွေကို လည်တဆန့်ဆန့်နဲ့ စောင့်မျှော်နေတတ်ကြပြီ။ ညနေငါးနာရီထိုးတာနဲ့ နေမထိထိုင်မသာဖြစ်ပြီး ရွစိရွစိ ဖြစ်ကုန်ကြပြီ။
နောက်ပိုင်းကျတော့ ဘယ်ကနေ ဘယ်လို ရောဂါပိုးတွေ ကူးစက်ပျံ့နှံ့ကုန်တယ် မသိဘူး။တရားဟောဆရာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆရာတို့ဟာ ညနေစောင်းတာနဲ့ ရာဖြတ်ကြီးရဲ့ အခန်းထဲကို ဇာတ်တိုက်ထားသလို အခန့်သားရောက်ရှိနေကြပါပြီ။ တချို့ရက်တွေများတရားဟောဆရာကတောင် ဝီရိယပိုကောင်းပြီး စောစောစီးစီး ရောက်နှင့်နေတတ်‌သေးတယ်။

ဘာပဲပြောပြော နှစ်ပေါင်းများစွာ‌ သွေ့ခြောက်အေးစက်လာခဲ့တဲ့ သူတို့ရဲ့ ညနေခင်းတွေဟာ မြို့ပြကောင်မလေးတွေကြောင့် နွေးမြလှပလာခဲ့တာကိုတော့ ငြင်းလို့မရပါဘူး။

ဂီတဟာ ပိတ်နေတဲ့ တံခါးရွက်တွေကို တစ်ချပ်ပြီးတစ်ချပ် ဆွဲဖွင့်တတ်တာမျိုးဆိုရင် သိပ်လှတဲ့ပေါင်တံတွေဟာ တော်ရုံခင်မင်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အရမ်းကို ခင်မင်ရင်းနှီးသွားစေတယ်လို့ ပြောလို့ရနိုင်ပါတယ်။
ဘာ‌ကြောင့်လည်းဆိုတော့ ကောင်မလေးတွေပြန်သွားပြီး သိပ်မကြာခင်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆရာနဲ့ တရားဟောဆရာတို့ဟာ တယောက်လည်ပင်းကို တယောက်က ဖက်ပြီး ရာဖြတ်ကြီးရဲ့ အခန်းကနေ ပျော်ရွှင်ကြည်နူးစွာနဲ့ ဆင်းလာတတ်လို့ပါပဲ။

သူတို့ရဲ့ ရင်ခုန်သံကို မြန်နှုန်းမြင့်သွားစေတဲ့ ကောင်မလေးတွေရဲ့ ပေါင်တံအကြောင်းကို စားမြုံ့ပြန်ရင်း တခိခိနဲ့ ရယ်လို့မောလို့။
သူတို့မျက်လုံးတွေကို ကြည့်လိုက်ရင်လည်း  နက္ခတ်တာရာ အသစ်တစ်လုံးကိုရှာဖွေတွေ့ရှိသွားတဲ့ လူတစ်ယောက်ရဲ့ မျက်လုံးတွေလို တဖျပ်ဖျပ်နဲ့ ‌တောက်ပလို့။

သူတို့နှစ်ယောက်က ရယ်‌မောပျော်ရွှင်နေလို့ ထစ်ကနဲရှိ ဒေါသတွေနဲ့ ချွန်မြပူ‌လောင်နေတတ်တဲ့ ရာဖြတ်ဆရာကရောတဲ့။

ဟိုတစ်လောလေးကတင် အိမ်ရှင်အဘွားကြီးရောက်လာပြီး မိုးယိုနေတဲ့ခေါင်မိုးကို ပြင်ပေးမယ်ပြောတော့ ...

"ရပါတယ် အန်တီရယ်။မိုးက နေ့တိုင်းရွာနေတာမှ မဟုတ်တာ။ရွာတော့ရော ဘာဖြစ်ရမှာလဲ။မိုးယိုတဲ့နေရာကို ခွက်လေး ဇလုံလေး ခံထားလိုက်ရင် ပြီးနေတဲ့ဟာပဲ"

အဲဒီတုန်းက ရာဖြတ်ဆရာကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး တအံ့တဩနဲ့ ပြန်သွားရှာတဲ့ အိမ်ရှင်အဘွားကြီးကိုကြည့်ပြီး ကျွန်တော်တို့မှာ ရယ်လိုက်ရတာ အူတွေတောင် နာပါတယ်။
ဒီလိုအချိန်မျိုးမှာ ခေါင်မိုးပေါ်က မိုးယိုတာလောက်ကို လာမပြောနဲ့။ရေတံခွန်ကြီးတစ်ခုလုံး သူ့ခေါင်းပေါ်ကို တဝေါဝေါနဲ့ စီးကျနေရင်တောင်မှ .....

"ရပါတယ် အန်တီရယ်...အေးဆေးပါ " လို့ ပြန်ပြောမယ့် ရာဖြတ်ကြီးပါပေ။

အခုလိုအချိန်မျိုးမှာ သူ့အတွက် နုဖြူဝင်းမွတ်နေတဲ့ပေါင်တံတွေထက် အရေးကြီးတာ ဘာမှမရှိတော့ဘူးမဟုတ်လား။

အဲဒီ ဝင်းပသွယ်လျတဲ့ပေါင်တံတွေကြောင့်ပဲ သွေ့ခြောက်အထီးကျန်နေတဲ့ သူ့ရဲ့ညနေခင်းတွေဟာ စိမ်းမြလှပလာခဲ့ရတာမဟုတ်လား။

(လေး)  

ကျွန်တော်အဲဒီတိုက်ခန်းလေးက ပြောင်းသွားတဲ့နေ့က ကျွန်တော့်မိတ်ဆွေတွေဟာ ကျွန်တော့်ကိုကျီးကြည့်ကြောင်ကြည့်ကြည့်ပြီး အဲဒီတိုက်မှာပဲ ငေါင်စင်းစင်းကြောင်စီစီနဲ့  ကျန်နေရစ်ခဲ့ပါတယ်။ 
      
တရားဟောဆရာကတော့ စုပ်တသတ်သတ်၊ ခေါင်းတရမ်းရမ်းနဲ့ အတော့်ကို စိတ်မကောင်းဖြစ်နေတဲ့ ပုံစံပါပဲ။

သူ တရားဟောရမယ့် လူတစ်ယောက်လျော့သွားလို့များ စိတ်မကောင်းဖြစ်သွားတာလားတော့မသိ။‌ ဒါကလည်း သိပ်မဖြစ်နိုင်ပါဘူး။ကောင်မလေးတွေရောက်လာပြီးတဲ့နောက်ပိုင်းမှာ အဲဒီလူကြီးဟာ တရားဒေသနာအကြောင်းကိုသိပ်မပြောတော့ဘူး မဟုတ်လား။

နေရာဒေသချင်း ဝေးကွာသွားခဲ့ပေမယ့် လည်း အကြောင်းတိုက်ဆိုင်လို့ အဲဒီဘက်ကိုရောက်သွားလေတိုင်း ကျွန်တော့်မိတ်ဆွေတွေကို သတိရတတ်ပါတယ်။အထူးသဖြင့် ညနေခင်းတွေမှာ ပိုပြီး သတိရတတ်ပါတယ်။

လိမ္မော်ရောင်ညနေခင်းထဲ ရောက်လာတာနဲ့ကျွန်တော့်မိတ်ဆွေတွေဟာ ပေါင်တံများရဲ့ အရွေ့အလျားကို တံခါးချောင်လေးထဲကနေ တိတ်တိတ်လေး ချောင်းကြည့်ပြီး ဘယ်ဟာကဖြင့် ရီဟန်းနားရဲ့ ပေါင်တံ၊ ဘယ်သူကဖြင့် ‌အင်ဂျလီနာ ဂျိုလီရဲ့ ပေါင်တံ၊ ဘယ်သူကဖြင့် အီရီနာရှေ့ခ်ရဲ့ပေါင်တံ၊ ဘယ်ဟာကတော့ဖြင့် ဘရာဇီးလ်မော်ဒယ် နာတာလီယာ ဂါရီဘော်တိုရဲ့ပေါင်တံဆိုပြီး သူတို့ဟာသူတို့ ငြင်းခုန်အကဲဖြတ်နေကျမဟုတ်လား။ ။        

နိုင် ဝင်း သီ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar