Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၅ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၅ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၁

• မြန်မာပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး New normal
မြန်မာ့နိုင်ငံ နိုင်ငံရေးအကြပ်အတည်းက တရစ်ပြီးတရစ် ဖြေရှင်းဖို့ ပိုခက်ခဲတဲ့အခြေအနေထဲ တိုးဝင်နေတယ်လို့ထင်မြင်မိတယ်။ သံတမန်ရေးအရ ဖိ အားပေး၊ ပိတ်ဆို့မှု၊ ဖယ်ကျဥ်မှု စတဲ့နည်းနာတွေနဲ့ ကြိုးစားနေကြတာက နေ့စဥ်သတင်းတွေရဲ့ သတင်းခေါင်းစဥ် ဖြစ်လို့နေပါတယ်။ ဘာလို့ဆို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေ ကုလသမဂ္ဂ စတဲ့အဖွဲ့အစည်းတွေရဲ့ အသံတွေ ပြောဆိုမှုတွေဖြစ်နေတာကြောင့် မြန်မာ့အရေးကို ဖြေရှင်းဖို့ သံတမန်ရေးဖိအားပေးတာ စီးပွားရေးပိတ်ဆို့တာတွေ တရစ်ပြီးတရစ် လုပ်ဆောင်နေကြတာ တွေ့နေရပါတယ်။ ဒါတွေက မြန်မာ့အရေးကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒေသတွင်းအဖွဲ့အစည်း အာဆီယံတို့က လက်ပိုက်ကြည့်မနေဘူး၊ လူထုကို လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ် သတ်ဖြတ်ဖမ်းဆီးနေ ပိုင်ဆိုင်မှုတွေ ဖျက်ဆီး သိမ်းယူ မီးရှို့နေတဲ့ စစ်တပ်ကို မထောက်ခံဘူးဆိုတာကိုပြသဖို့ ကြေညာချက်တွေ ထုတ်ပြန်ချက်တွေ ဆုံးဖြတ်ချက်တွေ ထုတ်နေကြတဲ့ သဘောလို့ နားလည်ပါတယ်။ 

အဲဒီလို နိုင်ငံတကာကထောက်ခံမှုက အရေးကြီးတာအမှန်ပါ။ သို့ပေမယ့် အဆုံးအဖြတ်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ခေတ်သစ်စစ်အေး အခင်းအကျင်းရဲ့ ရှေ့တန်းမျက်နှာစာ မဟုတ်လို့၊ ရေနံလို စွမ်းအင်အရင်းအမြစ်အတွက် မရှိမဖြစ်အရေးကြီးတဲ့ နိုင်ငံမဟုတ်လို့၊ နိုင်ငံတကာမှာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အကြမ်းဖက်မှုတွေကို တင်ပို့နေတဲ့နိုင်ငံမဟုတ်လို့၊ ကွန်မြူနစ် အရင်းရှင် စတဲ့ခေတ်ကလို လွယ်လွယ်နဲ့ စစ်ရေးအရ လက်ဝင်ပါကြတဲ့ အချိန်အခါမျိုး မဟုတ်ကြတော့လို့ စစ်ရေးအရ လက်ဝင်လျှိုကြမယ့် လက္ခဏာမရှိပါဘူး။ ဒီလို လက်ဝင်လျှိုကြတဲ့ သာဓကအဖြစ်တွေကလည်း ဇတ်သိမ်းမကောင်းကြတာများတာတွေ့ရမှာပါ။ အီရတ်၊ လစ်ဗျား၊ အာဖဂန်နစ်စတန် စတဲ့နိုင်ငံတွေက စစ်ရေးဝင်စွက်ဖက်မှုတွေက ရည်မှန်းချက် အာဏာရှင်ဖြုတ်ချရေး အောင်မြင်တယ်ဆိုပေမယ့်လည်း ဒီမိုကရေစီကို တည်ဆောက်နိုင်တဲ့ရလဒ်မျိုး မထွက်ခဲ့ကြပဲ ပိုရှုပ်ထွေးတဲ့အခြေအနေမျိုး အသစ်ဖြစ်ပေါ်လာတာမျိုးပဲဖြစ်လို့ ကမ္ဘာမှာ ရေပန်းမစားကြတော့ပြန်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအဖို့ အနောက်တောင်ဒေသတွေရဲ့ ပင်လယ်ထွက်ပေါက်ဖြစ်လို့ အရေးပါတာ မှန်ပါတယ်။ သို့ပေမယ့် မြန်မာ့အရေးက တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ တရုတ်ပေါ်လစီကိုတော့ မလွှမ်းမိုးနိုင်ပါဘူး။ အမေရိကန်လည်း အလားတူသဘောပဲ ဖြစ်မယ်ထင်ပါတယ်။ အာဆီယံအနေနဲ့ကတော့ မြန်မာအရေးက အာဆီယံ သိက္ခာတက်ဖို့ထက် မျက်နှာပျက်စရာကများမယ်လို့ အခုအချိန်မှာ ယူဆနေကြတာမျိုးလို့ ထင်ပါတယ်။ 

ဒီနေရာမှာ ပြည်တွင်းက လူတွေရဲ့ ခံစားချက် အမြင်တွေကို ပြန်ကြည့်မယ်ဆိုရင် လူအများရဲ့ဆန္ဒကိုဆန့်ကျင်ပြီး လူနည်းစု အကျိုးစီးပွားအတွက် နိုင်ငံရေးအာဏာကို သိမ်းယူ၊ ကစားပွဲကို စည်းမျဥ်းတွေဖျက်ပြီး အကုန်တစ်ကစမယ်၊ မပါစေချင်သူတွေကို ထိန်းချုပ်ထားမယ်ဆိုတာမျိုး ကြေညာတဲ့ စစ်တပ်ကို စစ်တပ်ခေါင်းဆောင်ကို ဒီနေရာက နေဖယ်ရှားချင်တာ အများစုရဲ့ ဆန္ဒဖြစ်ပါတယ်။ အဲဒီအထဲ နိုင်ငံရေး ဗဟုသုတရှိသူ ကျယ်ပြန့်တဲ့အမြင်ရှိသူတွေကတော့ ဖက်ဒရယ်ကိစ္စ၊ လူနည်းစု အရေး၊ လူမျိုးစုအရေးဆိုတာပါ တပြိုင်နက်ထဲ ဖြေရှင်းရတော့မယ်ဆိုတာ နားလည်သဘောပေါက်လာကြပေမယ့် လူတိုင်း အဆင့်တိုင်းမှာ သိကြတဲ့ သဘောတော့မဟုတ်သေးပါဘူး။ 

စစ်ကောင်စီရဲ့ အာဏာသိမ်းခေါင်းဆောင်ကို ဖယ်ရှားမယ့်သူ ဘယ်သူ့ကိုမဆို ထောက်ခံချင်ကြတာလည်း ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အာဏာသိမ်း စစ်ကောင်စီကိုဖယ်ရှားမယ့် ဘုံသဘောတူညီမှု၊ ဘုံအကျိုးစီးပွားရှိနေပြီမို့ ဘာလို့ စစ်တပ်က မပြုတ်ကျနိုင်ရမှာလဲ မပြိုကွဲနိုင်ရမှာလဲ မချေမှုန်းနိုင်ရမှာလဲလို့မေးစရာ ရှိလာမယ်ထင်ပါတယ်။ စစ်တပ်ကို မကြိုက်တာမှန်ပေမယ့်လည်း ခု စစ်တပ်ကို ပြုတ်ကျအောင်လုပ်မယ်ဆိုတဲ့ အဖွဲ့အစည်းကိုလည်း စွမ်းဆောင်ရည်အရ၊ အခြေခံမူဝါဒအရ ရာနှုန်းပြည့် မယုံကြည်နိုင်တဲ့ ပြဿနာရှိနေကြတဲ့သဘောလည်း တွေ့ရပါလိမ့်မယ်။ 

ဥပမာအားဖြင့်ပြရရင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ကြီးကြီးမားမားမဖြစ်တာ လုံးဝမဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာမှန်ပေမယ့် CRPH,  NUG တို့ကိုလည်း အပြည့်အဝထောက်ခံပြီး အတူစစ်ရေးအရ လှုပ်ရှားကြဖို့ သဘောတူညီမှု မရှိကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ UWSA, RCSS, SSPP/SSA နဲ့ ရခိုင်ပြည်နယ်မှာ AA တို့လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပေမယ့် NLD ဦးဆောင်တဲ့ NUG နဲ့လည်း လက်တွဲလုပ်ဆောင်မယ့် အလားအလာ အရိပ်အရောင်တွေ မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် နွေဦးတော်လှန်ရေးပဲခေါ်ခေါ် ၂၀၂၁ အရေးတော်ပုံပဲခေါ်ခေါ် ဦးဆောင်သူတွေအနေနဲ့ ဒီအခင်းအကျင်းအနေအထားကို လက်တွေ့ကျတဲ့ နိုင်ငံရေးချဥ်းကပ်မှုကနေ ချဥ်းကပ်သုံးသပ်ပြီး နားလည်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

မြန်မာပြည်တွင်းက လက်ရှိရောက်နေတဲ့ အခြေအနေဟာ အဆိုးဆုံးအနေအထားမဟုတ်သေးဘူးလို့ သုံးသပ်အကဲဖြတ်ကြတယ်ဆိုရင် နောက်ထပ် အကြမ်းဖက်မှုတွေ၊ တိုက်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ၊ မြို့ရွာတွေပျက်စီးမှုတွေ ကြုံရနိုင်သေးတယ်လို့ မှန်းဆထားရမယ့်သဘောဖြစ်ပါတယ်။ 

လူထုအဖို့ဘယ်လိုအရာတွေ ပြင်ဆင်ထားရမလဲ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ငွေကြေး စတာတွေ ပြင်ဆင်စုဆောင်းထားဖို့ လိုအပ်မယ်လို့ ဆိုကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ လယ်ယာစိုက်ပျိုးသူတွေ လက်နက်ကိုင်တိုက်ပွဲတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် ကိုယ့်လယ် ကိုယ့်ယာကို မစိုက်ပျိုးနိုင်ကြတော့ပဲ  အချိန်လွန်သွားကြတာတွေ အများအပြားရှိနေမှာပါ။ တဖက်မှာလည်း ကုန်ထုတ်လုပ်မှု လျော့နည်းသလို လူတဦးချင်းဝင်ငွေတွေလည်း လျော့ကျပြီး သုံးစွဲနိုင်စွမ်းလည်း ကျဆင်းနေတာ ဖြစ်ပါတယ်။ 

ခုနေမှာ နောက်လာမယ့် ၆ လတာကာလဟာ ဘာတွေဖြစ်မလဲ၊ ဘယ်လိုဖြစ်မလဲဆိုတာတော့ ဘယ်သူမှ မှန်းဆခြင်း မတတ်နိုင်ကြပဲ အဖြစ်အပျက်တွေရဲ့ ခက်ခဲရှုပ်ထွေးလာမှု ဖြေရှင်းရခက်ခဲလာမှုတွေကို သာထပ်ပြီးကြုံတွေ့ကြရဖို့ များတယ်လို့ထင်မြင်မိပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar