Breaking News

ဂျူနီယာဝင်း - ကွန်ပျူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ

ဂျူနီယာဝင်း - ကွန်ပျူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ 
(မိုးမခ) နို၀င်ဘာ ၁၁၊ ၂၀၂၁

(၂၀၀၁ ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ် ကွန်ပျူတာနည်းပညာတော်လှန်ရေးအကြောင်းဆိုပါတော့လို့ စာအုပ်မှာ ကြော်ငြာထားပါတယ်။

ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း” လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း  ဆက်ဘာသာပြန်ခဲ့ပါတယ်။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ‘ကွန်ပျူတာနည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပျူတာဆိုတဲ့ နည်းပညာတော်လှန်ရေးအကြောင်း လူတွေ ပိုပြီးသတိထားမိလာမယ်လို့ ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပျူတာ ဆိုတဲ့ ဝေါဟာရတစ်ခု အသက်သွင်းဖို့ ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်စီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိ မမီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းစီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစ ကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

ပြင်သစ် စာအုပ်ထုတ်လုပ်ရေး Hermann Publication House မှ ထုတ်ဝေသူတစ်ဦး ဖြစ်သူ  မက္ကစီကန်လူမျိုး သင်္ချာပညာရှင် (မစ္စတာဖရီမင်) Monsier Freyman က Nobert Wiener ပါမောက္ခဝီနာနဲ့ ဆက်သွယ်ခဲ့ပြီး သူ့ကို  ဆက်သွယ်ရေးနဲ့ ထိန်းချူပ်မှုဆိုင်ရာနဲ့ပတ်သက်တဲ့ စာအုပ်လေး တစ်အုပ် ရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ 

ပါမောက္ခ ဝီနာက တော်တော်လေး သဘောခွေ့သွားပါတယ်။ အဲသည်တုန်းက သူ့မှာ ဘတ်ဂျက်ကလည်း နည်းနည်းကျနေတော့ သိပ်မကြာခင်မှာပဲ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စာချုပ်ချုပ်ဖြစ်သွားပါတယ်။

“ကိုကာလေး တစ်ခွက်နဲ့ စိတ်ပါလက်ပါပေါ့”လို့ သူက အဲသည်တုန်းကအဖြစ်ကို သတိတရ ပြန်ပြောပါတယ်။ 

၁၉၄၇ ခုနှစ် နွေရာသီကာလမှာ မက်စီကိုမြို့ကလေးမှာ သူ ခပ်သွက်သွက်ပဲ စာရေးပါတယ်။ သူနဲ့အတူ အချိန်ကုန်ပေးခဲ့သူက Arturo Rosenblueth (အာတူရို ရိုဆန်ဘလက်ချ်) ဖြစ်ပါတယ်။ သူနဲ့ ကျန်းမာရေး ဆေးပညာဆိုင်ရာ အမျိုးသားတက္ကသိုလ်မှာ စာတမ်းဖတ်ပွဲ အတူတူ ကျင်းပခဲ့ဖူးပါတယ်။ ဝီနာရဲ့ စာထဲမှာလည်း အဲဒီလူအကြောင်းတွေ ထည့်သွင်းရေးသားခဲ့ပါသေးတယ်။

“သူက ကျွန်တော့်ရဲ့ အချိန်အတော်ကြာ အဖော်တစ်ယောက်ပါ” လို့ သူက ပြောခဲ့ပါတယ်။

၀ီနာရဲ့ လက်ထောက် Oliver Sellfidge (အောလီဗာ ဆဲလ်ဖရစ်) ကလည်း အဲသည်စာတမ်းဖတ်ပွဲကို Walter Pitts (ဝေါ်လ်တာ ပစ်) နဲ့အတူ တက်ခဲ့ကြပါတယ်။ ဝီနာက သူ ရှင်းပြခဲ့တဲ့ ‘ဆက်သွယ်ရေး’ ဆိုတဲ့ စကားလုံးနဲ့ပတ်သက်လို့ အဆင်ပြေတဲ့ စကားလုံးတစ်ခုကို ရှာဖွေနေရင်းကနေ နောက်ဆုံးတော့ ဂရိ စကားလုံး ဖြစ်တဲ့ messenger (မက်ဆင်ဂျာ) ဆိုတာကို ပထမဦးဆုံး စဉ်းစားမိသွားပါတယ်။ 

ဒါပေမဲ့ ကံဆိုးချင်တော့ အဲသည်စကားလုံးက အင်္ဂလိပ်လို တိုက်ရိုက်အဓိပ္ပာယ်ကျတော့ ‘a messenger from God’ (ဘုရားသခင်ဆီက မက်ဆင်ဂျာ) ‘ဘုရားသခင်ဆီက စကားများ၊ ဟောကြားချက်များကို သယ်ဆောင်လာပေးသူ’  ဆိုတာ ဖြစ်နေတယ်။ ဂရိစကားလုံး messenger (မက်ဆင်ဂျာ) က အင်္ဂလိပ်လို angelo = messenger from God ဖြစ်ပါတယ်။ 

သူ့ရဲ့ New Science (သိပ္ပံပညာအသစ်) အတွက်ကျတော့ သူ လိုချင်တာ အဲဒီအဓိပ္ပာယ် မဟုတ်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ဝီနာက သူ ဘာလိုချင်တာလဲ ဆိုတာကို သေချာ အာရုံစိုက်ပြီး စဉ်းစားဆုံးဖြတ်တယ်။

လက်တင်စကားလုံး steerman ‘စတီယာရင်မင်း’ ဆိုတာကျတော့ gubernator ဆိုတာဟာ governor အုပ်ချုပ်သူ၊ ချုပ်ကိုင်သောသူ ဆိုတဲ့ သဘောပါတယ်။ အင်ဂျင်၏ အလျင်နှုန်းကို ထိန်းချုပ်သောပစ္စည်းကို ဆိုလိုချင်တာ ဆိုတော့ နည်းနည်း နီးစပ်လာတယ်။ တဖန် လူက ထိမ်းချုပ်တာ စတီယာရင်မင်း ဆိုပြန်တော့ လူက ချုပ်ကိုင်တယ်ဆိုတဲ့ သဘောတရားက ဝင်လာပြန်တယ်။ ဒါပေမဲ့ အဲဒီ  လက်တင်စကားလုံးက ဂရိ အဓိပ္ပာယ်နဲ့ကျပြန်တော့ steersman စတီယာရင်မင်း ဖြစ်နေပြန်တယ်။

ဆိုလိုတာက အဲဒီထဲက မလွတ်ဖူးဖြစ်နေတာ။ ဒါနဲ့ ဝီနာက အဲဒါကို အခုလို စဥ်းစားလိုက်တော့ စတီယာရင်မင်းက ဂရိစကားလုံး စာလုံးပေါင်းအားဖြင့် kybernetes (ကိုင်ဘာနက်တစ်) ဖြစ်နေတဲ့အတွက် အင်္ဂလိပ်လို အနီးစပ်ဆုံး cybernetics ( ဆိုက်ဘာနက်တစ်) ဆိုပြီး ခပ်မိုက်မိုက်လေး ခေါ်လိုက်ပါတယ်။ 

ဆဲလ်ဖရစ်နဲ့ ပစ်က အဲသည် ‘ဆိုက်ဘာနက်တစ်’ ဆိုတာကို သဘောတူတယ်။ တကယ့်ကို နယူးဆိုင်းရင့် သိပ္ပံပညာအသစ်အတွက် တကယ့်ကို အကောင်းဆုံးအမည်ပဲ တဲ့။

ဝီနာဟာ အဲသည်အကြောင်းတွေကို မပြီးနိုင်တဲ့ အမည်ဆက်တွေနဲ့ ရေးမှတ်ပြီး သူ့စာကို ဆက်ရေးပါတယ်။

Cyberspace (ဆိုက်ဘာစပေ့စ်)၊ Cybercash (ဆိုက်ဘာခရက်ချ်)၊ Cyberpunk (ဆိုက်ဘာပန့်ခ်)၊ Cybersex (ဆိုက်ဘာဆက်စ်) (အခု ခေတ်မီသော စကားလုံး Cyberattack (ဆိုက်ဘာတိုက်ခိုက်မှု) ဆိုတာ အဲသည်ကနေ ဆင်းသက်လာတာပေါ့) ဒီလိုနဲ့ ချ‌ရေးနေလိုက်တာ မပြီးဆုံးနိုင်တော့ဘူးတဲ့။

Cybernetic (ဆိုက်ဘာနက်တစ်)  ဆိုတဲ့ စာအုပ်ပိုင်းဆိုင်ရာတွေဟာ ရေးရတာ သိပ်တော့မလွယ်ဘူးလို့ ဆဲလ်ဖရစ်က ပြောတယ်။ သူက ဝီနာတစ်ယောက် ထပ်ခါတလဲလဲ ပြင်လိုက်၊ ဘာလိုက်နဲ့ ကြိုးစားနေရတာကို နံဘေးကနေ မြင်နေရတဲ့သူကိုး။

၀ီနာက အစပိုင်းတုန်းကတော့ သူ့စာအုပ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ အတွက် အဓိက ရည်ရွယ်ပြီး ရေးသားဖို့ စိတ်ကူးခဲ့တယ်။ သူက အဲဒီထဲမှာ “ကျွန်တော်နဲ့ ရှနွန်တို့ တီထွင်ခဲ့တဲ့အရာ” ဆိုတဲ့ အချက်အလက်အသစ် တစ်ခုကို သင်္ချာသဘောတရားနဲ့ တင်ပြထားတယ်။ သူက လေယာဉ်ပျံ ပစ်ခတ်မှုဆိုင်ရာ ထိန်းချုပ်ရေးစနစ်နဲ့ ပတ်သက်တဲ့ သီအိုရီတစ်ခုကိုလည်း ချပြထားတယ်။ နောက်ပိုင်းမှာ သူက စစ်ပြီးတဲ့နောက်ပိုင်း သူ့စာအုပ်ကို ပြန်ပီး စုပေါင်းထုတ်ဖြစ်ခဲ့တယ်။

ဘာလို့ဆို အခုဟာက သူ့အတွက် ပထမအတွေ့အကြုံ ဖြစ်နေတယ်။ ဝီနာက  စစ်အတွင်းတုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေကို အခွင့်အရေးရတုန်း လူတွေရှေ့ ပြရမှာကိုး။ သူက သူ့ရဲ့ရဲဘက်တစ်ဦးဖြစ်သူ ရူပဗေဒပညာရှင် Arturo Rosenblueth (အာကျူရို ရိုဆက်ဘလက်) နဲ့တုန်းက အတူလုပ်ခဲ့တာတွေ တွက်ချက်ခဲ့တာတွေကို အဲဒါတွေ ပြန်ပြီး ထည့်ရေးခဲ့ပါတယ်။

၀ီနာ ရေးနေရင်းနဲ့ကို ထည့်စရာတွေနဲ့ ပေရှည်နေတာ။ စက်ကြီးအတွက်ကလည်း နည်းပညာအသစ်ကလည်း သူ့ဟာနဲ့သူ ရှိနေသေးတယ်။ ကမ္ဘာကိုလည်း ချပြရဦးမယ်။ ဒီတော့ လူတွေအတွက်ကလည်း အသိပေး တန်တာ ပေးချင်တယ်။

“ပြောရရင်တော့ အခုလုပ်နေတဲ့ တီထွင်မှုအသစ်ဟာ ကောင်းတာအတွက်ရော ဆိုးတာအတွက်ရော အဆုံးအစမဲ့ ဖြစ်နိုင်တတွေ အများကြီးပါပဲလေ။” 

အဲသည် ဖြစ်နိုင်တာတွေ အများကြီးရယ် ဆိုတာက ၁၉၄၇ ခုနှစ်မှာ ဝီနာ့ စိတ်ထဲမှာ ရှိနေခဲ့တာပါ။

စစ်အတွင်းမှာ တကယ်ပဲ မှန်ပါတယ်။ သူဟာ စစ်သုတေသနပိုင်းဆိုင်ရာတွေမှာ သူ့ဘဝကို ပုံအပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းပေါ့လေ Hiroshima (ဟီရိုရှီးမား) နဲ့ Nagasaki (နာဂါဆာကီ) စစ်ရေးကိစ္စတွေဟာ သူ့ကို ချောက်ချားသွားစေတယ်။ (အဏုမြူဗုံးကိစ္စများ၊ သမိုင်းထဲက အနိဋ္ဌာရုံတွေကို ပြောတာပါ။)

သူ အခု သုတေသနတွေ လုပ်နေတဲ့ သိပ္ပံနဲ့ နည်းပညာတွေဟာ အဲသည်လို မဟုတ်တာတွေ သတ်ဖြတ်မှုတွေ အတွက်များ ဦးတည်သွားပြီလားရယ်လို့ သူ့စိတ်တွေ တကယ် ချောက်ချားတုန်လှုပ်ခဲ့ပါတယ်။ 

(ဘာသာပြန်သူအနေနဲ့ သမိုင်းလေးကို နည်းနည်း ဟပြချင်ပါတယ်။ အမေရိကန်က ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နဲ့ ၉ ရက်တွေမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီကို အဏုမြူဗုံးကြဲခဲ့ပါတယ်။ ထိုဗုံး ၂ လုံးက လူပေါင်း ၁ သိန်း ၂ သောင်း ၉ ထောင်နဲ့ ၂ သိန်း ၂ သောင်း ၆ ထောင်ကြား သေကျေပျက်စီးခဲ့ပါတယ်။ အရပ်သား အများဆုံး ဖြစ်ပါတယ်။ ဒါဟာ စစ်လက်နက်ဆိုင်ရာ စစ်ပွဲတစ်ခု ဖြစ်ပါတယ်။)

၁၉၄၅ ခုနှစ်မှာ သတင်းနဲ့ပြည်ကြားရေး နော်ဝေကနေ သိပ္ပံပညာရှင် Einstein (အိုင်စတိုင်း) ဆီကို စာရေးတယ်။

“ဝီနာဟာ သည်လို မဖြစ်သင့်တဲ့ သတ်ဖြတ်မှုတွေကို လုံးဝကို တုန်လှုပ်ပါတယ်။ နာဂါဆာကီက သတ်ဖြတ်မှုကို ကန့်ကွက်ပါတယ်။ သိပ္ပံပညာဆိုင်ရာ သည်လိုကိစ္စနဲ့ ပတ်သက်တဲ့ စည်းဝေးပွဲကိုလည်း ကန့်ကွက်တယ်။”

(Albert Einstein (အဲလ်ဘတ်အိုင်စတိုင်း) ဆိုတာ အများသိကြတဲ့ နာမည်ကျော် ရူပဗေဒပညာရှင် ဖြစ်ပါတယ်။ အဏုမြူဗုံး ထုတ်လုပ်တဲ့ သီအိုရီအစဟာ သူ တီထွင်ခဲ့တဲ့ E=mc2 (အီးညီမျှခြင်း အမ် စီ စကွဲ ဖြစ်ပါတယ်။ နောက်က 2 က c အပေါ်က ၂ ထပ်ပါ။) က ဖြစ်တာကြောင့် အိုင်စတိုင်းလည်း တော်တော်လေး စိတ်မချမ်းမသာဖြစ်ခဲ့တယ်လို့ သူ့အကြောင်းတွေထဲမှာ ပါဖူး၊ ဖတ်ဖူးပါတယ်။) 

၀ီနာဟာ MIT (Massachusette Institute of TEchnology) (အမ်အိုင်တီ) (မက်ဆက်ချူးဆက် စက်မှုတက္ကသိုလ်) က ရုံးကို ရောက်လာတယ်။ သူက အခုလို ကွန်မင့်ပေးတယ်။

“စစ်တိုက်ခြင်း၊ စစ်မှုရေးရာ စစ်ပွဲ စတဲ့ စိတ်ဓာတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဝမ်းနည်းစရာ အဖြစ်။”

သူဟာ သူ အခုလက်ရှိလုပ်နေတဲ့ အလုပ်ဟာ သည်လို စိတ်မကောင်းစရာ အဆုံးသတ်ရတယ်လို့ မြင်တယ်။ အမ်အိုင်တီက ဥက္ကဋ္ဌ Karl Compton (ကားလ်ကွန်တွန်) ဆီကို ရေးထားတဲ့ ထွက်စာဟာ သူ့လက်ထဲမှာ မျောနေတယ်။ (ဆိုလိုတာက ရေးပြီး မပေးရသေးတာ။)

“ကျွန်တော်ဟာ သိပ္ပံဆိုင်ရာ အလုပ်ကနေ လုံးဝဥဿုံ ထွက်ပါတယ်။ ကျွန်တော့်ရဲ့ အသိစိတ်ကို သန့်ရှင်းတယ်လို့ မထင်တဲ့ အလုပ်အဖြစ် ကျွန်တော် မြင်မိပါတယ်။”

၀ီနာရဲ့ သည်ကိစ္စအပါ် ရုတ်တရက် ဖြစ်လာတဲ့စိတ်နဲ့ ရေးလိုက်တဲ့ အဲသည်ထွက်စာဟာ ပြန်ရုပ်သိမ်းဖို့ ဖြစ်လာတယ်။ ဆိုလိုတာက မျောနေရာကနေ အဲသည်စာ မပို့ဖြစ်ပါဘူး။ သူ့စိတ်က သူ့ရဲ့ အလုပ်လုပ်ချင်တဲ့ ဘက်ကို ပြန်လည်သွားတယ်။ 

၁၉၄၅ ဆောင်းရာသီမှာတော့ တကယ့်ကို အချိန်ကောင်းကို ရောက်လာပါတော့တယ်။

“ကျွန်တော့်ရဲ့ အလုပ်တွေ နောက်လုပ်မယ့်အလုပ်တွေဟာ တာဝန်မယူတတ်တဲ့ စစ်တပ်လက်ထဲကို ရောက်ပြီး ပျက်စီးသွားမယ်ဆိုရင် ထုတ်ဝေသွားမှာ မဟုတ်ပါဘူး” လို့ သူက Atalantic Monthly Magazine အတ္တလန်တိတ် လစဉ် မဂ္ဂဇင်နဲ့ Bulletin of the Atomic Scientists အဏုမြူဆိုင်ရာ သိပ္ပံပညာရှင်ဆိုင်ရာ သတင်းများ၊ စာစောင်တွေထဲမှာ A Scientist Rebels (သိပ္ပံပညာရှင်များ  ရင်ဆိုင်နေရသော ပြဿနာများ) ဆိုတဲ့ အခန်းကဏ္ဍမှာ ထင်ပါရဲ့၊ ဆက်တိုက်ဆိုသလို သူ့ကြေညာချက်ကို ထည့်သွင်းဖော်ပြခဲ့တယ်။
 
(အတွေးအမြင် အမှတ် ၃၄၀၊ နိုဝင်ဘာလ ၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar