Breaking News

စစ်ရေး အနေအထား ပြောင်းလဲလာတဲ့ မြဝတီမြို့နယ်

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၄ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၆


စစ်ရေး အနေအထား ပြောင်းလဲလာတဲ့ မြဝတီမြို့နယ်

ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလက ကရင်ပြည်နယ် မြဝတီမြို့နယ်က နယ်မြေတွေ၊ တပ်စခန်းတွေကို  တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ အနေအထားကနေ တစတစနဲ့ အာဏာသိမ်းစစ်တပ်က ပြန်လည် တိုက်ခိုက် သိမ်းပိုက် နေရာယူလာတာ၊ စောချစ်သူ ဦးဆောင်တဲ့ BGF တပ်တွေအကူအညီနဲ့ ပြန်လည်နေရာယူ ထိန်းချုပ်လာတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ကရင်လူမျိုး လက်နက်ကိုင် အဖွဲ့တွေအချင်းချင်းအကြား မတိုက်ခိုက်ရေးမူ အရလည်း အချို့သော နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က ပြန်လည်ရရှိသွားစေတာ ဖြစ်ပါတယ်။ ကော့ကရိတ်-သင်္ဃန်းညီနောင် အာရှလမ်းကို လုံးဝလက်လွှတ်ခဲ့ရပြီး သင်္ဃန်းညီနောင်က တပ်ရင်းတွေ၊ စကခစခန်းတွေပါ ဆုံးရှုံးပြီး မြဝတီမြို့ကိုထိန်းချုပ်မှု လက်လွှတ်ခဲ့ရကာ မြဝတီမြို့စောင့် တပ်ရင်းနဲ့ တပ်မမှူးအဆင့်ရှိသူတွေ ထိုင်းနယ်စပ်က ချစ်ကြည်ရေးတံတား အမှတ် ၂ အနီးမှာ အကာအကွယ်ယူခိုလှုံနေရတဲ့  ၂၀၂၄ ခုနှစ် ဧပြီလအနေအထားနဲ့ နှိုင်းယှဥ်ကြည့်ရင် အာဏာသိမ်းစစ်တပ် အနေနဲ့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေ၊ စခန်းအများအပြား ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို ကော့ကရိတ်မြို့ကိုလည်း ပြန်လည်မြို့၊ မြဝတီမြို့အနီးက မြို့စောင့်တပ် နဲ့ မြဝတီမြို့နယ်ထဲက ထိုင်းမြန်မာနယ်စပ်မျဥ်းအနီးက ဒေသတွေမှာပါ စိုးမိုးဖြန့်ကျက်ထားနိုင်တဲ့ အနေအထား ဖြစ်ပြီး ယခုနောက်ဆုံး အဖြစ်အပျက်တခုကတော့ ကရင်အမျိုးသားတပ်မတော် KNA အဖြစ်ပြောင်းလဲခံယူမယ့် BGF တပ်ရင်းတွေကို မြဝတီမြို့ထဲကနေ ထွက်ခွာဖို့ စစ်တပ်ဘက်က ညွှန်ကြားခဲ့ကာ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကိုတိုက်ခိုက်ခြင်း မပြုဖို့ အကာအကွယ်ပေးဖို့နဲ့ အကယ်၍ တိုက်ခိုက်ခံခဲ့ရရင် လေးကြောင်းတိုက်ခိုက်မှုနဲ့ လက်တုံ့ပြန်မယ့် နေရာတွေကိုလည်း ကြိုတင်အသိပေးထားတယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

မကြာသေးတဲ့ လပိုင်းတွေအတွင်း မြဝတီမြို့နယ် ထိုင်းမြန်မာနယ်စပ်မျဥ်းအနီးမှာ ရှိတဲ့ ဒေသတွေက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ရဲ့ အဆောက်အဦတွေကို အာဏာသိမ်းစစ်တပ်က ဝင်စီးတာ၊ ပစ္စည်းတွေ သိမ်းယူ ဖျက်ဆီးတာ၊ အဆောက်အဦတွေကို ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ရာက BGF တပ်က အကာအကွယ်ပေးထားတဲ့ နယ်မြေတွေထဲက ကျားဖြန့်လုပ်ငန်းတွေပါ ပါဝင်ခဲ့သလို အချို့ စီးနင်းမှု ဖျက်ဆီးမှုတွေကို BGF ဘက်ကို ကြိုတင်အသိမပေးတာ သဘောတူညီမှု မယူဘဲ လုပ်ဆောင်ခဲ့တယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ ဒီအဖြစ်အပျက်တွေက BGF နဲ့ စစ်တပ်အကြား ဆက်ဆံရေးကို အတိုင်းအတာတခုထိ ထိခိုက်စေခဲ့တာလည်း ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်ထဲမှာ လှုပ်ရှားနေကြတဲ့ ကရင်လူမျိုး လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ထက်မနည်းရှိနေပြီး အဆိုပါ ၅ ဖွဲ့အနက် စစ်တပ်နဲ့ အပစ်ရပ် သဘောတူထားတာ ၂ ဖွဲ့၊ နယ်ခြားစောင့်တပ် အဖြစ်ရပ်တည်တာ ၁ ဖွဲ့၊ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာက KNU/KNLA တဖွဲ့တို့ ဖြစ်ကြပါတယ်။ 

စစ်တပ် အနေနဲ့ ၄င်းတို့ရဲ့  အမိန့်ညွှန်ကြားမှု အောက်မှာရှိတဲ့ နယ်ခြားစောင့်တပ် BGF ကို KNU/KNLA နဲ့ တိုက်ခိုက်ကြတဲ့အခါ ကြားခံဒေသတွေ ထိန်းချုပ်ထားတဲ့ တပ်အဖြစ်၊ စစ်ဆင်ရေးတွေမှာ နယ်မြေကျွမ်းကျင်ပြီး ဒေသစကား၊ ယဥ်ကျေးမှုကို သိရှိနားလည်တဲ့ တပ်ဖွဲ့ဝင်တွေ၊ တပ်တွေအဖြစ် အသုံးချခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

BGF လက်နက်ကိုင်တပ် အနေနဲ့လည်း နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ရင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နေရာပေး၊ လုံခြုံရေးအကာအကွယ်ပေးတဲ့ ဝန်ဆောင်မှုကနေ ရရှိတဲ့ ငွေကြေးတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ရံပုံငွေ၊ တပ်ခေါင်းဆောင်တွေရဲ့ ပုဂ္ဂလိက ချမ်းသာကြွယ်ဝမှုတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ကို ထောက်ပံ့ထားနိုင်ဖို့ အတွက် ဒီရာဇဝတ်မှုလုပ်ငန်းတွေကို လုံခြုံရေးပေး အကာအကွယ် ပေးရတဲ့ အနေအထားမျိုး ရောက်ရှိခဲ့ရာက တဖက်မှာလည်း နိုင်ငံတကာက ပိတ်ဆို့ကန့်သတ်မှုတွေ ခံလာရပြီး ဂုဏ်သတင်း ပိုမိုကျဆင်းလာရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကနေ အပြောင်းအလဲ တခုကို လုပ်ဆောင်ရာမှာ ကရင်အမျိုးသားတပ်မတော် KNA အဖြစ်ဖွဲ့စည်းကြောင်း ပြီးခဲ့တဲ့ တနှစ်ကျော်ကတည်းက ကြေညာခဲ့ပေမယ့် မကြာသေးခင်သီတင်းပတ်တွေကမှ KNA အမှတ်တံဆိပ်တွေကို ပြောင်းလဲတပ်ဆင်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ဘက်က တုံ့ပြန်လုပ်ဆောင်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်တပ်အနေနဲ့  နယ်စပ်ကုန်သွယ်ရေး နဲ့ အရှေ့တောင်အာရှ နိုင်ငံချင်းဆက်ပတ်လမ်းပေါ်မှာ ရှိတဲ့ မြဝတီမြို့နဲ့ အဆိုပါဒေသတဝိုက်မှာ တနှစ်ခွဲကျော် ကာလအတွင်း စစ်ရေးအရ ထိန်းချုပ်မှုတွေ ပြန်လုပ်လာနိုင် လှုပ်ရှားလာနိုင်တဲ့ အကြောင်းရင်းတွေ အနက် ကရင်လက်နက်ကိုင် အဖွဲ့တွေအကြား အကျိုးစီးပွားကွဲပြားနေကြတာ၊ နိုင်ငံရေး ဘုံရပ်တည်ချက် မရှိကြတဲ့အချက်က အဓိကအချက် တချက်ဖြစ်နိုင်ပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ အခုလို ကရင်ပြည်နယ် မြဝတီမြို့နယ်တဝိုက်မှာ ပြန်လည်ထိန်းချုပ်မှု ရလာနိုင်ဖို့အတွက်  ပံ့ပိုးတဲ့ အခြားအကြောင်းအချက်တွေထဲမှာ ၁၀၂၇ စစ်ဆင်ရေး အရှိန်လျော့ကျလာပြီး မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့အနက်က ၂ ဖွဲ့နဲ့ အပစ်ရပ်နိုင်ခြင်း၊ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းနိုင်ခဲ့ပြီး လူအင်အား ပြန်လည်ဖြည့်တင်းနိုင်ခြင်းတွေလည်း ပါဝင်ပါတယ်။ 

တရုတ်နိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ ရှမ်းမြောက်၊ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ကရင်ပြည်နယ် မြဝတီ အစရှိတဲ့ နေရာဒေသတွေဟာ မြန်မာတနိုင်ငံလုံးနဲ့ ခြုံကြည့်ရင် ဗျူဟာအရ အရေးကြီးတဲ့ ဒေသတွေ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ နိုင်ငံချင်းချိတ်ဆက်ထားတဲ့ လမ်းမတွေ စီးပွားရေး စင်္ကြန်လမ်းစတဲ့ အချက်တွေအရလည်း ဒီဒေသတွေကို ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မှာ အသေအချာဖြစ်ပါတယ်။ 

ကရင်လက်နက်ကိုင် အဖွဲ့တွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါ အမျိုးသားရေး ဘုံအခြေခံ စည်းနှောင်မှုတခုသာ ခိုင်မာစွာ ရှိပေမယ့် အဖွဲ့တဖွဲ့ချင်းရဲ့ ရည်မှန်းချက်၊ အကျိုးစီးပွား၊ နိုင်ငံရေးရှုမြင်မှုတွေမှာ အမျိုးမျိုး အဖုံဖုံကွဲပြားနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလို တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ခွဲထွက်သွားတဲ့ ကွဲပြားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အင်အားသုံး မထိန်းချုပ်ခဲ့ဘဲ လွတ်လပ်စွာကွဲပြား ရပ်တည်ခွင့်ကို လက်ခံကျင့်သုံးခဲ့ကြတဲ့ အချက်က တဖက်မှာ ကောင်းမွန်တဲ့ အချက်ဖြစ်သလို နောက်ရှုထောင့်တခု ရလဒ်အရကြည့်ရင်တော့ စစ်ရေးအရ စုစည်းမှုမရှိတဲ့ အကျိုးဆက်တွေကိုလည်း ရင်ဆိုင်ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar