ဟိုက်ရှားဘား - စိုးခင်မှ ပြောင်ကြီး
(မိုးမခ) နို၀င်ဘာ ၁၁၊ ၂၀၂၁
ဟေး...'စိုးခင်'
ဒေါင်ဆိုင် (လ္ဘက်ရည်ဆိုင်) ထဲမှ မိမိ၏နာမည်ကို လှမ်းခေါ်လိုက်သောကြောင့် စိုးခင် 'ဇတ်ပု' သွားသည်။
မဖြစ်ချေတော့။ ဤကိစ္စကို အမြန်ရှင်းမှဖြစ်တော့မည်။ ထို့ကြောင့် တဝက်ပြောင်နေသော ထိပ်ကိုပွတ်၍ 'ဆုံနေကြ' ဒေါင်ဆိုင်အတွင်းသို့ ဝင်လိုက်သည်။ ခွေးခြေတစ်လုံးကို ဆွဲယူလိုက်ပြီး၊ မိမိကို လှမ်းခေါ်လိုက်သော ငယ်သူငယ်ချင်း 'ကြက်ဥ' ဘေးတွင် ဝင်ထိုင်ကာ၊ 'ကျစိမ့်' တစ်ခွက်မှာလိုက်သည်...။
'ကြက်ဥ'က ခါတိုင်းနှင့်မတူသောသူ့ကို အဆန်းတကြယ် ကြည့်နေသည်။
"စိုးခင်...မင်းဘယ်လိုဖြစ်လာတာလဲ...ထိပ်ပြောင်ကြီးနဲ့ ဘာလို့အပြင်ကိုထွက်လာတာလဲ။ ခေါင်းမှာလည်း ဆံပင်တုစွပ်ဖို့ မေ့လာလို့လား..."
"မမေ့ပါဘူးကွာ...တမင်တကာ ဆံပင်တုမဝတ်ပဲထွက်လာတာ...ငါ့ကို လူတွေက 'ပြောင်ကြီး၊ ပြောင်ကြီးလို့' ပြန်ခေါ်စေချင်လို့ပဲ..."
"နို့...လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက မင်းမိန်းမငယ်ငယ်လေးရလာတော့ ထိပ်ပြောင်လာလို့ ငါတို့က မင်းကို 'ပြောင်ကြီး၊ ပြောင်ကြီးလို့' စနောက်ခေါ်ကြတယ်။ ဒါကို မင်းမိန်းမငယ်ငယ်လေးက 'သူ့ယောကျ်ားကို ပြောင်ကြီးလို့ ခေါ်ရမလားဆိုပြီး' စိတ်ဆိုးလို့ ဆံပင်တုကြီးဝယ်ပေးပြီး မင်းကိုအတင်းစွတ်ခိုင်းတယ်။ ပြီးတော့ ငါတို့ကို ထမင်းစားဖိတ်ပြီး သူ့ယောက်ကျ်ားကို 'စိုးခင်' လို့ပဲခေါ်ပါလို့တောင်းပန်ပြီးခေါ်ခိုင်းပြီးတော့မှ..."
"အေး...အခု သူကိုယ်တိုင်က ငါ့ကို ပြောင်ကြီးလို့ လူတွေခေါ်တာကို လက်ခံသွားပြီ..."
"ဟေ...ဘယ်လိုဖြစ်သွားတာလဲ..."
ကြက်ဥ တအံတသြမေးလိုက်သည်...
"အေးကွ....အခုက အင်တာနက်ပေါ်မှာရော ဖေ့စ်ဘွတ်မှာပါ 'စခ' 'စခ' လို့ ဆဲနေကြတော့၊ ငါ့ကိုပါ 'စိုးခင် စခ' လို့ ခေါ်လာနိုင်မယ့် အန္တရယ်ကိုကြိုမြင်နေလို့ကွ...ဒါကြောင့် သူက နောက်ဆို ငါ့ကို 'ပြောင်ကြီး' လို့ပဲ ခေါ်စေချင်တာ...နောက်ပြီး သူကပြောလိုက်သေးတယ်...'ကိုကိုရယ် 'ပြောင်ကြီး' လို့အခေါ်ခံရတာ 'စခ' လို့ အခေါ်ခံရတာထက် တော်ပါသေးတယ်' တဲ့..."
"ဟား ဟား ဟား ဟား ဟား..."
တဝိုင်းလုံး ပွဲကျ သွားကြသည်။ 'စိုးခင်' ကတော့ ခေါင်းပြောင်ပြောင်လေးကို ပွတ်နေလေသည်။
ဤနှင့်မပြီး 'ကြက်ဥ' က ဆက် 'ကျပ်' ပေးသည်။
"အားလုံးသိအောင် ကြေငြာဖို့တော့လိုတယ်...ဒီတော့ ကတ်ထူပြားပေါ်မှာ ရေးပြီး ပတ်ဝန်းကျင်ကလူတွေကို အသိပေးဖို့တော့ လိုတယ်"
ကျောင်းဆရာပီပီ ကြက်ဥက မည်သို့ရေးရမည်ကို အကြံဥာဏ်လည်း ပေးလိုက်သည်။
နောက်တစ်နေ့မနက်တွင် စိုးခင်၏ အိမ်ရှေ့ခြံစည်းရိုးတိုင်၌ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလေသည်။
ဆိုင်းဘုတ်၌ကား "ယနေ့မှစ၍ ကျွန်မ၏ယောကျ်ားအား 'ပြောင်ကြီး' ဟုသာခေါ်ဆိုကြပါရန်..." ဟုရေးသားထားလေသတည်း။
ဟိုက်ရှားဘား
နိုဝင်ဘာလ ၊ ၉ရက်၊ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar