မင်နီဆိုးတားနဲ့ ဂါဇာမှာ အကြမ်းဖက်နေကြတာ အတူတူပဲ
မင်နီဆိုးတားနဲ့ ဂါဇာမှာ အကြမ်းဖက်နေကြတာ အတူတူပဲ
သောမတ်စ် အယ်လ် ဖရိုက်ဒ်မန် (Thomas L. Friedman)(မိုးမခ ဘာသာပြန်) ဇန်နဝါရီ ၂၆၊ ၂၀၂၆ (နယူးယောက်တိုင်းသတင်းဆောင်းပါး)
ယခုနေ့ရက်တိုင်း ကျွန်တော် ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ကိုယ့်ကိုယ်ကို မေးနေရပါတယ်။ ကျွန်တော် အများဆုံး ဂရုစိုက်တဲ့ သတင်းနှစ်ခုနဲ့ ပတ်သက်ပြီး နောက်ထပ် ဘာပြောရဦးမလဲ။ တစ်ခုက ကျွန်တော်ရဲ့ မွေးရပ်မြို့ မစ်ဆစ်ဆစ်ပီမြစ်ကမ်းနားမှာ ဖြစ်ပျက်နေတာ၊ နောက်တစ်ခုက ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်ကမ်းနဲ့ ဝါဒီ ဂါဇာ နှစ်ဖက်ကမ်းမှာ ဖြစ်ပျက်နေတာပါ။
ဘယ်ဗီဒီယိုကို အချိန်ပေးပြီး ကြည့်ရမလဲ။ မစ်နီယာပိုလစ်မှာ ရနီးဂွတ် (Renee Good) ကို မျက်နှာချင်းဆိုင် ပစ်ခတ်ခဲ့တဲ့ ICE အရာရှိရဲ့ ဗီဒီယို၊ ဂွတ်က အခင်းဖြစ်ပွားနေရာကနေ ရှောင်တိမ်းဖို့ ကြိုးစားနေချိန်မှာပဲ အိုက်စ်လက်နက်ကိုင်က ပစ်သတ်လိုက်တယ်။။ ဒါမှမဟုတ် စနေနေ့က ဗီဒီယို၊ ဖက်ဒရယ်အေးဂျင့်တွေ သူနာပြု အလက်စ် ဂျက်ဖရီ ပရီတီ (Alex Jeffrey Pretti) ကို အချက်ပေါင်းများစွာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာ။ အဲလက်စ်က မျက်ရည်ယိုဓာတ်ငွေ့နဲ့ အတိုက်ခိုက်ခံထားရတဲ့ အရပ်သားအမျိုးသမီးတစ်ဦးကို ကူညီဖို့ ကြိုးစားချိန်မှာ အိုက်စ်လက်နက်ကိုင်တွေက သူ့ကို ဆွဲချပြီး ပစ်သတ်လိုက်ကြတယ်။ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့က ဗီဒီယို၊ အစ္စရေး တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ပြသခဲ့တဲ့ ဂါဇာမှာ ပါလက်စတိုင်း သတင်းထောက် သုံးဦး အပါအဝင် အခြားသူများ သေဆုံးခဲ့တဲ့ ဗီဒီယို။ အဲ့ဒီ သတင်းထောက်တွေက အီဂျစ်အကူအညီ ပေးနေတဲ့ လူမှုစာနာရေးကော်မတီအတွက် အလုပ်လုပ်နေချိန်မှာ ရွှေ့ပြောင်းနေရတဲ့ ဒုက္ခသည်စခန်းမှာ အကူအညီ ဖြန့်ဝေမှုကို မှတ်တမ်းတင်နေခဲ့ကြတာ။ ဒါမှမဟုတ် ဟားမာ့စ်က ပြိုင်ဘက်တွေကို အမြစ်ပြတ် သတ်ဖြတ်နေတဲ့ ဗီဒီယိုတွေ၊ အဲ့ဒီ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ စစ်ပွဲက ပါလက်စတိုင်းပြည်သူတွေအတွက် ဘေးဒုက္ခပဲ ဖြစ်စေခဲ့ပေမယ့် လက်နက်ချဖို့ ခုထိ ငြင်းဆန်နေတာတွေ။
ဒီဖြစ်ရပ်တွေဟာ သင်ထင်ထားတာထက် အများကြီး တူညီချက်ရှိပါတယ်။ ကျွန်တော်ရဲ့ အမြင်အရ ဒါတွေအားလုံးကို ဆိုးရွားတဲ့ ခေါင်းဆောင်တွေ ဦးဆောင်နေတာ၊ သူတို့က ဆွေးနွေးပြီး ညှိနှိုင်းဖြေရှင်းရမှာကို မရွေးချယ်ကြဘူး။ အကြမ်းဖက်တဲ့ ဖြေရှင်းနည်းတွေကို ပိုနှစ်သက်ကြတယ်။ ဒီခေါင်းဆောင်တွေက သံမဏိလက်သီးနဲ့ ချဉ်းကပ်မှုတွေက သူတို့အတွက် နောက်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး နည်းလမ်းလို့ မြင်ကြတယ်။ သမ္မတ ထရမ့်က ၂၀၂၆ ကြားကာလရွေးကောက်ပွဲအတွက် … အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူက အလားတူ အချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ မျှော်လင့်ထားတယ်၊ ဟားမာ့စ်ကလည်း စစ်ပွဲရှုံးခဲ့ပေမယ့် စစ်ပွဲအပြီး ခေတ်မှာ ပါလက်စတိုင်း နိုင်ငံရေးလှုပ်ရှားမှုကို ဖယ်မပေးနိုင်ဘဲ ဦးဆောင်ဖို့ အဓမ္မ ကြိုးစားနေတယ်။
ဟားမာ့စ်နဲ့ ICE တို့မှာလည်း မထင်ခဲ့တဲ့ တစ်ခု တူညီချက်ရှိတယ်။ သူတို့ရဲ့ လက်နက်ကိုင်အကြမ်းဖက်သမားတွေ အများစုက မျက်နှာဖုံး စွပ်ထားကြတယ်။ အရှေ့အလယ်ပိုင်းမှာ သတင်းထောက်အဖြစ် အတွေ့အကြုံရခဲ့တဲ့ ကျွန်တော်က လူတွေ မျက်နှာဖုံး စွပ်တာက မကောင်းတဲ့ အရာတစ်ခုခု လုပ်နေလို့ ကင်မရာမှာ မျက်နှာမှတ်တမ်းတင် ခံချင်လို့ပဲ သိခဲ့တယ်။ ဘေရွတ်နဲ့ ဂါဇာမှာ မကြာခဏ တွေ့ခဲ့တယ်၊ မစ်နီယာပိုလစ်မှာ တွေ့မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေစိုးမိုးရေးကို ကာကွယ်ရမယ့် အမေရိကန်ရဲ့ ပြည်တွင်း လုံခြုံရေး အိုက်စ် ရဲတပ်ဖွဲ့တွေက ဘယ်အချိန်ကတည်းက သူတို့၏ မျက်နှာတွေ ပင်ကိုယ်စရိုက်တွေကို ဖုံးကွယ်ချင်နေကြတာလဲ။
ဟားမာ့စ် တိုက်ခိုက်သူတွေ မျက်နှာဖုံး စွပ်တာကို ကျွန်တော် နားလည်ပါတယ်။ သူတို့မှာ အစ္စရေးလူမျိုးနဲ့ ပါလက်စတိုင်းလူမျိုး နှစ်မျိုးလုံးရဲ့ အသက် ဘ၀တွေ လက်မှာ သွေးစွန်းနေပြီး လက်စားချေမှုကို ကြောက်နေကြလို့။ ဒါပေမယ့် သတင်းဉာဏ်စမ်းချင်လို့ ICE အရာရှိ ဓာတ်ပုံတစ်ပုံနဲ့ ဟားမာ့စ် စစ်သားတစ်ယောက်ရဲ့ ဓာတ်ပုံကို တွဲပြီး ထားရင် ခွဲခြားပြောပြဖို့ သင် ခက်ခဲလိမ့်မယ် လို့ ကျွန်တော် သင့်ကို စိန်ခေါ်ပါတယ်။ အမေရိကန်၏ ပြည်တွင်းလုံခြုံရေး ပြည်ထဲရေးအတွင်းဝန် ခရစ်တီ နိုအမ် (Kristi Noem) ကို မှတ်ချက်တခု ပြောချယ်။ အမေရိကားမှာ သည်လို ဖြစ်နေတာ ကောင်းတဲ့ အသွင်အပြင် မဟုတ်ပါဘူး။ ဘာကို ဆင်ခြေပေးပြီး ဖုံးကွယ်နေတာလဲ။
ဂူးနဲ့ ပရီတီ (သားကောင်) နှစ်ဦးစလုံးက ရှင်းရှင်းလင်းလင်းပဲ ဘေးကနေ မျက်မြင် စောင့်ကြည်သူအဖြစ် ရှိနေခဲ့ကြပြီး အခြားသူတွေကို ကာကွယ်ဖို့ ကြိုးစားနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာ၊ အနီးကပ် ပစ်ခတ်ခဲ့တဲ့ အေးဂျင့်တွေက လက်နက်ကို အဆင်အခြင်မဲ့ သုံးစွဲခဲ့ကြသူတွေပဲ။ ဒါပေမယ့် ထရမ့်အဖွဲ့က ICE က အပြစ်မရှိဘူးလို့ အခိုင်အမာ ပြောနေတယ်။ တရားမဝင်တဲ့လူတွေကို လူဝင်မှုကြီးကြပ်ရေးက လိုက်လံ ဖမ်းဆီးပြီး နှင်ထုတ်ဖို့ အစိုးရ ကြိုးပမ်းမှုအတွက် အကြမ်းဖက်မှုကို တရားဝင်မှု တည်ဆောက်လို့ မရပါဘူး။
ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့ ကိုယ်ကျင့်တရား ပျက်စီးစေတဲ့ အမွေတစ်ခုက “အသင့်ပြင်၊ သေနတ်နဲ့ ချိန်၊ ပစ်” ဆိုတဲ့ အလေ့အထပါပဲ။ ဗုဒ္ဓဟူးနေ့က အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း သတင်းထောက်တစ်ဦး အဘ်ဒယ် ရော့ဖ် ရှာ့သ် (Abdel Raouf Shaath) က CBS နဲ့ အခြား မီဒီယာတွေမှာ နှစ်ပေါင်းများစွာ ကင်မရာသမားအဖြစ် အလုပ်လုပ်ခဲ့သူ၊ အခြားသူတွေက ဒေသခံ သတင်းထောက်တွေ မိုဟာမက် ဆလာ ကစ်ရှတာ (Mohammad Salah Qishta) နဲ့ အနတ်စ် ဂနိုင်မ် (Anas Ghneim) ပါ။ သူတို့က အီဂျစ် ကယ်ဆယ်ရေး ကော်မတီ အကူအညီ ဖြန့်ဝေမှုကို ရိုက်ကူးဖို့ တာဝန်ယူထားချိန်မှာ သူတို့ ယာဉ်ကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
သည်လိုလုပ်တာ တကယ် လိုအပ်လို့လား။ အပစ်အခတ်ရပ်စဲရေး ကာလမှာ အခြေအနေကို ကိုင်တွယ်ဖို့ ဒါက တစ်ခုတည်းသော နည်းလမ်းလား။ ချက်ချင်း လေကြောင်းတိုက်ခိုက်ပြီး နောက်မှ မေးခွန်းထုတ်မလား။ အစ္စရေးက အီရန်မှာ နျူကလီးယား သိပ္ပံပညာရှင်တွေကို ညအမှောင်ထဲမှာ ၁၂၀၀ မိုင်အကွာကနေ လုပ်ကြံနိုင်တယ်၊ ဒါပေမယ့် အိမ်နီးချင်း နေရာမှာ နေ့အလင်းရောင်ထဲမှာ သတင်းထောက်ကို တိုက်ခိုက်သူနဲ့ ခွဲခြားမရဘူးလား။ ရှက်စရာပဲ။ ဒါက သြဂုတ်လမှာ အစ္စရေး တပ်ဖွဲ့တွေက ဂါဇာရဲ့ နာဆာ ဆေးရုံ လှေကားပေါ်မှာ ရိုက်တား သတင်းထောက် ဟူဆမ် အယ်လ်-မာစရီ (Hussam al-Masri) ကို သတ်ဖြတ်ခဲ့ပြီး လများအနည်းငယ်ပဲ ကြာပါတယ်။
နက်တန်ယာဟူက အရင်က သတ်ဖြတ်မှုအတွက် တောင်းပန်ခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က သတ်ဖြတ်ခံရတဲ့ သတင်းထောက် သုံးဦးနဲ့ ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ပုံစံခွက် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ တပ်ဖွဲ့တွေက “ဟားမာ့စ်နဲ့ ဆက်စပ်နေတဲ့ ဒရုန်းကို ထိန်းချုပ်နေတဲ့ သံသယရှိသူ အများအပြားကို ဖော်ထုတ်ခဲ့ပြီး ဒရုန်းကို ကိုင်တွယ်နေတဲ့ သံသယရှိသူတွေကို တိုက်ခိုက်ခဲ့တယ်” လို့ ဆိုတယ်။ IDF က အသေးစိတ်ကို ပြန်လည်စိစစ်နေတယ်လို့ ထပ်ပြောတယ်။ အမြဲတမ်း ပြောနေတဲ့ စကားပဲ။ နိုင်ငံတစ်ခုနဲ့ တပ်မတော်၏ဝိညာဉ် ဆုံးရှုံးသွားတဲ့လမ်းပဲ။
တကယ်ဖြစ်ပျက်နေတာက ဒီပါ။ နက်တန်ယာဟူက ပြန်လည်ရွေးကောက်ခံဖို့ ပြိုင်ဆိုင်နေတယ်။ အစ္စရေးက ဂါဇာ ကမ်းမြှောင်ရဲ့ ၅၃ ရာခိုင်နှုန်းလောက်ကို လက်ရှိ သိမ်းပိုက်ထားပြီး ဟားမာ့စ်က ကျန်တဲ့ ၄၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်။ ထရမ့်က အီဂျစ်၊ ကာတာ နဲ့ တူရကီ အကူအညီနဲ့ ဟားမာ့စ်ကို လက်နက်ချဖို့၊ စစ်ရေး ခေါင်းဆောင်တွေ ထွက်ခွာဖို့၊ ဂါဇာဒေသအဖွဲ့ကို နိုင်ငံရေးအဖွဲ့အစည်း သန့်သန့်ဖြစ်လာအောင် တွန်းအားပေးနေတယ်။ အပြန်အလှန်အနေနဲ့ ထရမ့်က အစ္စရေးကို သူ့နယ်နိမိတ်ဆီ ဆုတ်ခွာဖို့ မျှော်လင့်ထားတယ်။
နက်တန်ယာဟူက ဂါဇာမှာ ဟားမာ့စ်က နိုင်ငံရေး လွှမ်းမိုးမှု ဆက်ရှိနေပြီး IDF ဆုတ်ခွာရင် သူ့ မဟာမိတ် အစွန်းရောက်တွေဆီက ပြင်းထန်စွာ ဝေဖန်ခံရမယ်ဆိုတာ သိပါတယ်။ အဲ့ဒီ မဟာမိတ်တွေက ဂါဇာမှာ ဆက်နေချင်တာတင်မကဘူး။ အနောက်ဘက်ကမ်း (West Bank) ကိုပါ အစ္စရေးလက်အောက်မှာ တရားဝင် ရယူလိုကြတယ်။ ဒါကြောင့် ဘီဘီ (Bibi) က စစ်ပွဲ ဆက်ဖြစ်စေချင်တယ်၊ ဟားမာ့စ်ကို တိုက်ခိုက်ဖို့ လှုံ့ဆော်ချင်တယ်၊ ဆုတ်ခွာရမှာ မဖြစ်နိုင်။
တစ်ချိန်တည်းမှာပဲ ဟားမာ့စ်က မြေပြင်ပေါ်မှာ ထိန်းချုပ်မှု အာဏာပါဝါ ဆက်ထိန်းဖို့ လက်နက်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ နိုင်ငံရေးအဖွဲ့ ဖြစ်လာဖို့ အတင်းအကြပ် လုပ်ခံရရင်တောင် ထရမ့်အစိုးရ ထူထောင်ဖို့ ကြိုးစားနေတဲ့ နည်းပညာရှင်တွေ ဗြူရိုကရက်အစိုးရကို ဟားမာ့စ်က အစွမ်းကုန် စွက်ဖက်ဖို့ ကြိုးစားမှာပဲ။
အမေရိကားဘက်မှာ ထရမ့်က မစ်နီယာပိုလစ်မှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုကနေ နိုဝင်ဘာမှာ သူ့အတွက်သူ့ပါတီအမတ်တွေ အနိုင်ရမယ်လို့ ယုံကြည်နေတယ်။ သည်လိုရှုပ်ထွေးမှုက ရွေးကောက်ပွဲမှာ အကျိုးရှိမယ်လို့ ထင်နေတာ။ လူထုစစ်တမ်းတွေအရ အမေရိကန်အများစုက ICE ရဲ့ နည်းလမ်းတွေကို မကြိုက်ကြပေမယ့်ပဲလည်း သူက အမေရိကန်တွေမှာ တရားမဝင်လူတွေ ဝင်ရောက်လာနေတာကို လက်မခံလိုတဲ့ ခံစားချက်ကို မီးထိုးပေးတဲ့ “ဥပဒေနဲ့ အညီ အကြမ်းဖက်မှု” ကနေ လူထုထောက်ခံချက်ရလိမ့်မယ်လို့ လောင်းကြေးထပ် နေတယ်။
ဒါပေမယ့် ဝှိုက်ဟောက်စ်ထဲမှာ နောက်ထပ် အမြင်တစ်ခု ရှိနေတယ်။ ဒုသမ္မတ JD Vance က ပြီးခဲ့တဲ့ အပတ်က မစ်နီယာပိုလစ်ကို သွားရောက်ပြီး ဒေသခံ တာဝန်ရှိသူတွေကို ဖက်ဒရယ်အေးဂျင့်တွေနဲ့ ပူးပေါင်းဖို့ တိုက်တွန်းခဲ့တယ်၊ “အပူချိန်ကို လျှော့ချပါ၊ ရှုပ်ထွေးမှုကို လျှော့ချပါ” လို့။ ရုတ်တရက်ဆိုသလို အပေါက်ဆိုး ရိုင်းစိုင်းတဲ့ Vance က အသံကောင်းဟစ်ပြနေပြန်တယ်။ ကျွန်တော် သူက ရီပတ်ဘလစ်ကန် ဥပဒေပြုအမတ်တွေရဲ့ ရှုံးနိမ့်မှာကို စိုးရိမ်ကြောက်ရွံ့မှုကို ထုတ်ဖော်နေတယ်လို့ ယူဆပါတယ်။ အဲ့ဒီ အမတ်တွေက ICE လှုပ်ရှားမှုတွေက ကြားကာလရွေးကောက်ပွဲမှာ ရှုံးနိမ့်မှု ဖြစ်စေနိုင်တယ်လို့ စိုးရိမ်နေကြတယ်။
မင်နီဆိုတာက ကြံ့ကြံ့ခံ ကန့်ကွက်ဆန္ဒပြနေကြတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အလေးပြုလိုက်ပါတယ်။ အကြမ်းဖက် အာဏာအလွဲသုံးစားမှုတွေကို မှတ်တမ်းတင်ပြီး ရှေ့တန်းက ရင်ဆိုင်တားဆီးနေတဲ့ လူထုလှုပ်ရှားမှုကြီးအတွက် ဂုဏ်ယူပါ။ တရားဝင် စာရွက်စာတမ်း ရှိသူရော မရှိသူရော ဥပဒေနဲ့ အညီ နေထိုင်ပြီး ကြိုးစားလုပ်ကိုင် တည်ဆောက်ကြလို့ ကျွန်တော်တို့ မြို ချမ်းသာကြွယ်၀လာခဲ့ကြတဲ့အတွက် အိမ်နီးချင်းတွေကို ဝိုင်းဝန်း ကာကွယ်ကြပါ။ ဒါပေမယ့် နယ်စပ်ကို ထိန်းချုပ်ပြီး တရားဝင် နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်း ဖန်တီးပေးတဲ့ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ရေးအတွက် ကျယ်ကျယ်လောင်လောင် တောင်းဆို တိုက်တွန်းကြဖို့လည်း အရေးကြီးပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရမယ့် သတင်းစကားက ဆက်ရှိနေပါတယ်။ မြင့်တဲ့ နံရံတွေ ဆောက်ကြ။ ကြီးမားတဲ့ တံခါးတွေ တတ်ဆင်ကြ။ နယ်စပ်ကို စည်းကမ်းတကျထိန်းချုပ်ပါ၊ ဒါပေမယ့် တရားဝင် လူဝင်မှုစနစ် ကို တိုးမြှင့်ပါ။ ဒီမိုကရက်တွေဆီက ထရမ့် ပြန်အာဏာရလာရတဲ့ အကြောင်းရင်းတစ်ခုက အရင်အစိုးရ (ဘိုင်ဒင်လက်ထက်မှာ) တရားမဝင် လူဝင်ရောက်မှုကို ထိန်းချုပ်မှု ပျက်ကွက်ခဲ့တာကို ဘယ်တော့မှ မမေ့သင့်ပါဘူး။ လွတ်လပ်တဲ့ မဲဆန္ဒရှင်တွေက အဲ့ဒီကိစ္စကို အလေးအနက်ထား ဂရုစိုက်နေဆဲပါ။
ထရမ့်၊ ဘီဘီ နဲ့ ဟားမာ့စ် သုံးဦးစလုံးက သူတို့အကျိုးစီးပွားကိုသာ အာရုံစိုက်နေကြတယ်။ ၂၀၂၆ ရွေးကောက်ပွဲ။ မင်နီဆိုတာ၊ အစ္စရေး နဲ့ ဂါဇာ ပြည်သူတွေက ဒါကို သတိရှိရှိ ထားရမယ်။ ထရမ့်က ကွန်ဂရက်ကို ဆက်ထိန်းချုပ်နိုင်ရင်၊ ဘီဘီက ပြန်ရွေးချယ်ခံရရင်၊ ဟားမာ့စ်က ပါလက်စတိုင်း လှုပ်ရှားမှုကို သိမ်းပိုက်နိုင်ရင် သုံးနိုင်ငံစလုံး မှောင်မိုက်တဲ့ အချိန်ကို ရောက်ရှိသွားမယ်။ အဲ့ဒီ မှောင်မိုက်ကနေ ပြန်လည်နာလန်ထူဖို့ အလွန်ခက်ခဲမယ်။ ဒီမိုကရေစီကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
