မောင်ရစ် - ၂၀၂၁ မှာ ထားရစ်ခဲ့တယ်
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၂
၂၀၂၀ မှာ ကိုဗစ် - ၁၉ ဖြစ်တော့ ရောဂါဘေးဆိုးကြောင့် မိတ်ဆွေတွေအများကြီး ထားရစ်ခဲ့ရတယ်။ ၂၀၂၁ ကျတော့ ပိုဆိုးပါတယ်။ မြန်မာတပြည်လုံးက ပြည်သူတွေဟာ စစ်အာဏာရှင် ဖက်ဆစ်ဘီလူးကြောင့် ချစ်ခင်သူပေါင်း မြောက်များစွာကို ထားရစ်ခဲ့ရတယ်။ နောက်ထပ်ကိုဗစ်လှိုင်းကလည်း တက်လာတော့ မင်းဆိုးအပြင် ရောဂါကပ်ဘေးကြောင့် လူပေါင်းများစွာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရပါတယ်။ ရှောင်လွှဲခြင်းငှာ မစွမ်းသာလို့ ကံကြမ္မာဆိုးကြောင့် အသက်ဆုံးရှုံးကြရသလို မိမိတို့ ယုံကြည်ချက် အနာဂတ် လွတ်လပ်ရေး တရားမျှတမှုတွေအတွက် ရဲဝံ့စွာ စွန့်စားရပ်တည်ပြီး အသက်တွေစွန့်ကြ မိသားစုတွေစွန့်ကြ ရာထူးစည်းစိမ် နေရပ်တွေ စွန့်ကြ အဆုံးရှုံးခံပြီး တိုက်ပွဲဝင်ကြရပါတယ်။ အဲသည် ၂၀၂၁ မှာ ကျနော်တို့တတွေ အကြောင်းကြောင်းနဲ့ မိမိတို့ ချစ်ခင်သူ ရဲဘော်တွေ မိသားစုတွေ မိတ်ဆွေတွေကို ထားရစ်ခဲ့ကြပါတယ်။ ၂၀၂၂ အဝင်မှာ ကျနော်တို့က ကျန်ရစ်သူတွေနဲ့ လက်ချင်းမြဲမြဲတွဲပြီး နွေဦးတော်လှန်ရေး အောင်မြင်မှု အဆုံးထိရောက်အောင် ဆက်ချီတက်ကြဖို့ သန္နိဌာန် ဆက်ခိုင်မာကြဖို့ပဲ လိုပါတယ်။
ကျစ်ရစ်သူ ကျနော်တို့အတွက် သွားနှင့်ခဲ့သူတွေထားရစ်ခဲ့တာက သူတို့စိတ်ဓာတ်တွေ မျော်လင့်ချက်တွေ သူတို့ပေးဆပ်မှုတွေ သူတို့ဖြတ်သန်းမှု အတွေ့အကြုံ သင်ခန်းစာတွေ ဖြစ်ပါတယ်။ ကျနော်တို့က သူတို့ထားရစ်ခဲ့တဲ့ ကောင်းမွေတွေကို ဆက်ပြီးသယ်ဆောင်ကြရပါမယ်။ သူတို့ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတဲ့ ဆိုးဝါးတဲ့ အတွေ့အကြုံ ဆုံးရှုံးမှုတွေကို ကျနော်တို့က မမေ့မလျော့ မှတ်တမ်းတင် မော်ကွန်းထိုးပြီး သည်လိုမျိုး သမိုင်းအကျည်းတန်မှုတွေ နောက်ထပ်မဖြစ်အောင် ကျနော်တို့ အစွမ်းကုန်ကြိုးစားကြရပါမယ်။ ကျနော်တို့တွေ စိတ်ထဲ အသည်းထဲမှာ သူတို့နဲ့အတူတကွ အမြဲတည်ရှိပြီး ပြည်သစ်တည်ချိန်မှာ မျိုးဆက်သစ်တွေ အနာဂတ်ရင်သွေးငယ်တွေအတွက် လှပကောင်းမွန်မှုတွေသာ ပေးအပ်နိုင်အောင် ကြိုးစားကြရပါမယ်။
၂၀၂၁ မှာ ထားရစ်ခဲ့ရသူတွေထဲမှာ ကျနော်တို့ မိုးမခရဲ့နာယကကြီး ဆရာဦးမိုးသူလည်း ပါခဲ့တယ်။ အခြား ချစ်ခင်လေးစားရသူတွေ မြောက်များစွာ ရဲဘော်တွေများစွာရှိပေမယ့်လည်း ကိုယ်နဲ့ နီးစပ်သူတွေအကြောင်းလေးတွေပဲ ရေးချင်မိပါတယ်။
၈၈ အရေးတော်ပုံကြီးကနေမွေးဖွာလာတဲ့ ပါတီတွေ မျိုးဆက်တွေ အဖွဲ့အစည်းတွေ အများအပြားထဲမှာ NLD ပါတီလည်းတခု အပါအဝင်ဖြစ်ပါတယ်။ အဲသည်ပါတီထူထောင်ခဲ့တဲ့သူတွေ အတော်များများ ကွယ်လွန်ကုန်ကြပြီ။ ဆရာဦးဝင်းတင်မရှိတော့တဲ့နောက် သက်ရှိရာဇဝင်စာအုပ်ကြီးဆိုလို့ ဆရာဦးမိုးသူသာ ရှိတော့တယ်။ ပြီးတော့ စာပေအနုပညာသမားတဦးဖြစ်တဲ့ ဦးမိုးသူက မျိုးဆက်သစ်တွေ အားလုံးကို တခါးဖွင့်ကြိုဆိုပြီး ရှင်သန်နေထိုင်သူမို့ သူ့ဆီက အသိပညာအတွေးအမြင်တွေကို လူငယ်တွေအတွက် တံခါးမရှိ ဓါးမရှိ ဝင်ထွက်သွားလာ မေးမြန်း ရယူနိုင်ခဲ့ကြပါတယ်။ ဦးဝင်းတင်ကိုယ်တိုင်ကလည်း အဲသည်လို တခါးဖွင့်ပေါ်လစီကျင့်သုံးတာမို့ အနာဂတ်တိုင်းပြည်အတွက် လူငယ်မျိုးဆက်တွေအတွက် သိချင် မေးချင် ပြောဆိုဆွေးနွေးချင်တာတွေအတွက် တံတားတစင်း လမ်းတစင်းလို ခင်းပေးသူလို့ ဆိုနိုင်ပါတယ်။ ၂၀၂၀ မှာ ကိုဗစ် -၁၉ ဖြစ်ကြတော့ ဆရာဦးမိုးသူလည်း နေမကောင်းဖြစ်ရတယ်။ ဒါပေမယ့် ပြန်လည်နေကောင်းသက်သာလာပါတယ်။ ၂၀၂၁ မှာ နွေဦးတော်လှန်ရေးစတင်တော့ ဆရာဦးမိုးသူကိုယ်တိုင် အတော်ယိုင်နေပါပြီ။ အိုမင်းမစွမ်းဖြစ်နေတဲ့ ပညာရှင်တဦးဟာ အခုလိုတိုင်းပြည်ကြီး အရေးပေါ်နေချိန်မှာ စိတ်ထိခိုက်ခံစားနေရမယ်လို့ ထင်ပါတယ်။ ၂၀၂၁ စက်တင် ဘာ ၁ ရက်မှာ ကွယ်လွန်ပါတယ်။ နွေဦးတော်လှန်ရေး အရှိန်အဟုန်မြင့်တက်နေချိန် စစ်အာဏာရှင် ဆန့်ကျင်ရေး ချေမှုန်းအနိုင်ယူနိုင်ရေးအတွက် နိင်ငံရေးနည်းတွေအပြင် လက်နက်ကိုင် ခုခံတော်လှန်စစ်ကိုပါ ပြည်သူက အခိုင်အမာ စတင်ကိုင်စွဲတဲ့လလည်း ဖြစ်ပါတယ်။
ဆရာဦးမိုးသူက သူ့သက်တမ်းတလျောက်လုံး စာပေ၊ စာနယ်ဇင်းလက်နက်၊ နိုင်ငံရေးနည်းလမ်းများနဲ့ အမြဲတစေ ကိုင်စွဲပြီး တိုင်းပြည်ဒီမိုကရေစီအရေးဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ နောင်နွေဦးမျိုးဆက်တွေ CDM တွေ၊ Gen-Z တွေ၊ NLD မျိုးဆက်တွေ၊ NUG တွေ၊ NUCC တွေ၊ CRPH တွေ၊ EAOs တွေ၊ PDF တွေက လက်နက်မျိုးစုံကိုင်စွဲပြီး တိုင်းပြည်ကို စစ်အာဏာရှင်လက်ထဲက ပြန်လည်တိုက်ယူနေကြတဲ့ခေတ်အဖြစ် ပြောင်းလဲသွားတာကို သူ ဘာမှတ်ချက်ပေးလေမလဲလို့ ကြားချင်နေမိပါတယ်။
ကျနော်က ကိုလိုနီခေတ်ကို ဖြတ်သန်းခဲ့သူ အဖိုးအဖွားတွေဖြစ်တဲ့ ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်၊ ပြည်တွင်းစစ်နဲ့ မဆလတပါတီအာဏာရှင်ခေတ်ကို ဖြတ်ကြရတဲ့ အဖေနဲ့ အမေတို့တွေ လက်ထဲမှာ ကြီးပြင်းခဲ့ပြီးနောက် ကျနော်တို့ကိုယ်တိုင် စစ်အာဏာရှင် စောမောင်၊ သန်းရွှေခေတ်မှာ ရုန်းကန်ကြရသူတွေ ဖြစ်လာပါတယ်။ အခု မျိုးဆက်သစ်တွေက စစ်အာဏာရှင် မင်းအောင်လှိုင်ကို အပြုတ်တိုက် အနိုင်တိုက်မယ့် မျိုးဆက်တွေဖြစ်လာကြပါပြီ။ အဖိုးနဲ့ အဖွားခေတ်မှာ လက်နက်ကိုင်ပြီး နိုင်ငံရေးစကားပြောတဲ့ ခေတ်ဖြစ်ခဲ့ပြီး အဖေတို့ခေတ်မှာ လက်နက်မကိုင်ဘဲ အာဏာဖီဆန်တဲ့ခေတ် ဖြစ်လာတယ်။ အဲသည်သဘောတရားမျိုးနဲ့ စစ်အာဏာရှင်ကို တွန်းလှန်ကြတဲ့ ၈၈အရေးတော်ပုံမှာ တဖက်သတ် ပစ်ခတ်ဖမ်းဆီးနှီပ်စက်ထောင်ချတာကို ခံစားခဲ့ကြပါတယ်။ ကျနော်တို့တွေကလည်း စာပေ စာနယ်ဇင်း အသိပညာ အနုပညာတွေနဲ့ ခေတ်ကို ပြောင်းလဲဖို့ ဆက်ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၁ နွေဦးတော်လှန်ရေးခေတ်သစ်မှာ လူစကားနားမလည်တဲ့ အာဏာရှင်တွေကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ဖို့ဆိုတဲ့ ခေတ်ကို ပြောင်းခဲ့ပါပြီ။
အဖိုးအဖွားတွေနဲ့ နေထိုင်ခဲ့စဉ်တုန်းက မေးခဲ့ချင်တာက နေဝင်းဆိုတဲ့ အာဏာရှင်ကြီးနဲ့ သူ့တပါတီစနစ်ကြီးကို ဘာကြောင့် အဲသည်မျိုးဆက်တွေက မတားဆီးနိင်ခဲ့ရသလဲဆိုတဲ့မေးခွန်း။ အဖေတွေအမေတွေလက်ထက်ကျတော့ မဆလခေတ်မှာ လိုက်လျောညီထွေနေထိုင်ခြင်းနဲ့ ဘာကြောင့်များ အသားကျနေခဲ့ကြတာလဲ ဆိုတဲ့ မေးခွန်း။ ကျနော်တို့ခေတ် ၈၈ မျိုးဆက်တွေကလှည့်ကျတော့ ကျနော်တို့တွေက စစ်အာဏာရှင်တွေနဲ့ ဘာကြောင့်များ ဒိုင်ယာလော့ဂ်တွေနဲ့ စေ့စပ်ချင်ခဲ့ကြတာလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အခုအချိန်မှာ ရှေ့ကမျိုးဆက်ဟောင်းတွေလိုမျိုး လက်ရှိနွေဦးတော်လှန်ရေးမျိုးဆက်တွေက စစ်အာဏာရှင်တွေနဲ့ အတူနေထိုင်ခြင်းကို မရွေးချယ်ကြတော့ပါဘူး။ သူတို့စစ်အာဏာရှင်မျိုးဆက်တွေသနားမှ နွားချမ်းသာရတဲ့ ဘ၀မျိုးကိုလည်း မရွေးချယ်ကြတော့ပါဘူး။ သူတို့ကလှည့်မှာ တော်လှန်ရေးကို အဆုံးထိတိုက်မယ်လို့ ကြွေးကြော်နေချီတက်နေကြချိန်မှာ ကျနော်တို့တွေက သူတို့နောက်က တဖဝါးမကွာ လိုက်ပါချီတက်ကြဖို့ပဲ ရှိပါတယ်။
အခု ၂၀၂၂ နှစ်သစ်ကို ရောက်ပါပြီ။ ပြန်စဉ်းစားကြည့်လိုက်တော့ ကိုလိုနီခေတ်ကစပြီး တော်လှန်ရေးသံမဏိသက်ရှည် ပါတီတွေ လက်နက်ကိုင်တပ်တွေထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မြန်မာပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း နှစ်သစ်ကူးများစွာ ဖြတ်သန်းခဲ့ကြတဲ့ အစုအဖွဲ့တွေ ဖြစ်တယ်လို့ တွေးမိတယ်။ ၂၀၂၂ မှာ မြန်မာပြည်ထောင်စုနိုင်ငံသားတွေ အကုန်လုံးက နွေဦးတော်လှန်ရေးအင်အားစုတွေအဖြစ် အတူတကွ နှစ်ကူးကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးနဲ့အတူတူ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် နှစ်သစ်တွေအတွက် အတူတကွ စတင် စုစည်းချီတက်ကြတဲ့ နှစ်အဖြစ် မော်ကွန်းတင်ကြရမယ် ထင်ပါတယ်။ ၂၀၂၁ ထဲမှာ ကျနော်တို့ထားရစ်ခဲ့ကြတာက ကျဉ်းမြောင်းတဲ့ အစွန်းရောက်တဲ့စနစ်တွေ မျိုးဆက်တွေ အတွေးအခေါ်တွေ အမူအကျင့်တွေ ဖြစ်ပါတယ်။ ၂၀၂၂ မှာ သူတို့တွေအတွက် နေရာမရှိပါ။ နွေဦးတော်လှန်ရေး ဦးဆောင်ချီတက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်တွေနဲ့ ကျနော်တို့ လက်တွဲလိုက်ပါခွင့်ရတဲ့အတွက် ကျနော် ဝမ်းသာဂုဏ်ယူမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar