အောင်သူငြိမ်း - ဒီမိုကရေစီအရေး ဘယ်လိုပြန်လည်ပြင်ဆင်ကြမလဲ
အောင်သူငြိမ်း - ဒီမိုကရေစီအရေး ဘယ်လိုပြန်လည်ပြင်ဆင်ကြမလဲ
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၂
အိုင်ဒီယာ ၁၀-ခု
စာရှည်တယ်နော်။ 'မိုတီ' တက်ဖို့ ရေးတာ မဟုတ်ပါ။
၂၀၂၂ ဇန်နဝါရီလဆန်းပိုင်းကထုတ်တဲ့ Foreign Policy မဂ္ဂဇင်းမှာ စိတ်ဝင်စားဖွယ် ဆောင်းပါးရှည်ကြီး [ကဏ္ဍတခု လို့ ပြောရင် ရတယ်] ကို ဖတ်ရတယ်။ စိတ်ဝင်စားဖွယ်ဖြစ်လို့ ပြန်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီမဂ္ဂဇင်းက ဒီမိုကရေစီနဲ့ ပတ်သက်လို့ နာမည်ကျော် ပညာရှင် ၁၀-ဦးကို ဖိတ်ခေါ်စေပြီး သူတို့ရဲ့ အိုင်ဒီယာတွေကို ဆောင်းပါးတခုချင်းစီ ပြန်ရေးစေရင်း စုစည်းဖော်ပြထားတာပါ။
ဒီမိုကရေစီလှိုင်းက အကျပိုင်းဘက်ကို ရောက်နေပါတယ်။ Freedom House အဖွဲ့အစည်းရဲ့ ကမ္ဘာတလွှား ဒီမိုကရေစီ နှစ်စဉ် တိုင်းတာချက်တွေအရ လွန်ခဲ့တဲ့ ၁၅ နှစ်ဆက်တိုက် ဒီမိုကရေစီ ကျဆင်းနေခဲ့ပါတယ်။ ဒီအခြေအနေကို စတန်း ဖို့ဒ် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ လာရီ ဒိုင်းမွန်းကတော့ Democratic recession (စီးပွားပျက်ကပ်သဖွယ် ဒီမိုပျက်ကပ်) လို့ ခေါ်တွင်ပါတယ်။ သိသာတာကတော့ အမေရိကန် ၂၀၂၁ ရွေးကောက်ပွဲအပြီး အနိုင်ရပါတီကိစ္စ အငြင်းပွားကြရင်း ကက်ပီတို လွှတ်တော်အဆောက်အဦကို သမ္မတဒေါ်နယ်ထရမ့်ထောက်ခံတဲ့ အုပ်စုတွေက လူစုလူဝေးနဲ့ သိမ်းပိုက်မှု ဖြစ်ခဲ့ရ တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက် ရုပ်ပျက်ဆင်းပျက် ကိစ္စပါပဲ။ ဒါဟာ လစ်ဘရယ်ဒီမိုကရေစီ သက်တမ်းရှည်ကြာခဲ့တဲ့ နိုင်ငံတခု သမ္မတအပြောင်းအလဲ သမိုင်း ၂၄၅ နှစ်ကာလအတွင်းမှာ ပထမဦးဆုံး ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီက ခုခံစစ်လို ဖြစ်နေပါတယ်။ ဆူ ကြုံ နိမ့် မြင့် ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးထွားလာတဲ့ အခြေအနေမှာ ဒီမိုကရက်တစ် အင်စတီကျုရှင်း ယန္တရားစနစ်တွေက နိုင်ငံသားတွေရဲ့ အကျိုးကို မဆောင်ပေးနိုင်ဘူးလို့ ဖြစ်လာပါတယ်။ အင်တာနက်နဲ့ လူမှုမီဒီယာတွေက နိုင်ငံရေး အကွဲအပြဲ အစွန်းရောက်မှုတွေ၊ ယဉ်ကျေးမှုအရ ကွဲပြားမှုတွေကို ပိုကွဲရလေအောင် အသကုန် အားဖြည့်ပေးနေပါတယ်။
ဒီအခြေအနေကို လူပြိန်းကြိုက်ခေါင်းဆောင် နိုင်ငံရေးသမားတွေက အသုံးချနေကြတာပါ။ လူတွေ အစုအပြုံလိုက် ရွှေ့ပြောင်းအခြေချမှုတွေနဲ့ လူဦးရေဖွဲ့စည်းမှုကို အကြီးအကျယ် ပြောင်းလဲစေပါတယ်။ အာဏာရှင်အစိုးရတွေကလည်း အနောက်တိုင်း ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူလို့ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင် လာပါတယ်။ အနောက်တိုင်းမှာလည်း အာဏာရှင်ဆန်ဆန် ခေါင်းဆောင်တွေကို ကြိုက်လာကြပါတယ်။ အဲဒါအပြင် တဖက်က လူမျိုးဆက်သစ်တခုလုံးကို ခြိမ်းခြောက်မှုတွေ ဖြစ်တဲ့ Covid-19 ကူးစက်မှု ကပ်ဘေးနဲ့ ဥတုဖောက်ပြန် ပြောင်းလဲမှု အန္တရာယ်တွေကို ကြုံလာရပါတယ်။ ဒီမိုကရေစီဖက်က ရှုပ်ထွေး၊ အသံကျယ်လောင်၊ ညှိနှိုင်းမှု၊ အပေးအယူ လုပ်ရမှုတွေနဲ့ ဆုံးဖြတ်ချက်တွေချ အကောင်အထည်ဖော်နေရတဲ့ အချိန်မှာ အာဏာရှင်အစိုးရတွေက မြန်မြန်ထက်ထက်နဲ့ ပိုလို့ စွမ်းဆောင်နိုင်သလို ဖြစ်လာပါတယ်။
သေချာတာကတော့ အာနည်းချက်တွေရှိနေပေမယ့် အမြဲတစေ တီထွင်ဆန်းသစ်မှုတွေနဲ့ ပြန်လည်လုပ်ဆောင်နေကြရဦးမှာ ဖြစ်ပါတယ်။ (Constant reinvention). လစ်ဘရယ် ဒီမိုကရေစီရဲ့ အားကောင်းချက်တွေဖြစ်တဲ့ နိုင်ငံသား အခွင့်အရေးတွေ၊ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်ခွင့်၊ လူမှုရေးအရ တဆင့် အထက်ကိုတက်နိုင်စွမ်း၊ အခွင့်မသာ သူ တွေနဲ့ လူနည်းစုတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေကို ပေးနိုင်တဲ့အတွက် ဒါတွေကို ဆက်လက်အကျိုးဆောင်ပေးနေရမှာပဲ ဖြစ်ပါတယ်။
ပညာရှင်တွေက ဒီမိုကရေစီ ပြန်လည်ပြုပြင် ထွန်းကားရေးအတွက် အိုင်ဒီယာ ၁၀-ခုကို ဆွေးနွေးခဲ့ကြပါတယ်။
၁။ နှစ်ပါတီစနစ်ကို ဖျက်သိမ်းပါ။
ဒီနေ့ လစ်ဘရယ် ဒီမိုကရေစီရဲ့ အကျပ်အတည်းကို မြေငလျင်ကြောသဖွယ် အပြောင်းအလဲဖြစ်တဲ့ လူဦးရေ ဖြစ်တည်မှု သဘောသဘာဝကို နားမလည်ဘဲ မဖြစ်နိုင်ပါဘူးတဲ့။ ဖြစ်နေတာက စီးပွားရေးအခွင့်အလမ်းတွေဟာ မြို့ပြကြီးတွေမှာ စုဝေးနေပါတယ်။ အဲသည်တော့ ကျေးလက်ဒေသက လူထုတွေက မြို့တွေဆီကို ရွှေ့လာကြပါတယ်။ မြို့ပြမှာ နေထိုင်ကြ သူတွေက ပြောရရင် ယဉ်ကျေးမှုစုံကို လက်ခံတယ်၊ စုံလင်ထွေပြားမှုကို လက်ခံတယ်။ မြို့ပြဆန်တယ်- သိပ်လူမျိုးစွဲ နိုင်ငံစွဲ ကြီးကြတာတော့ မဟုတ်ပါဘူး (ကော်စမိုပိုလီတန် ဖြစ်တယ်)၊ သူတို့က ခေတ်နဲ့အညီ ပြန်လည်ဖွင့်ဆိုထားတဲ့ ယဉ်ကျေးမှု တန်ဖိုး၊ လူမျိုးကွဲပြားမှု၊ ကျား-မ လိင်ကွဲပြားမှုအသစ်တွေကိုလည်း လက်ခံတတ်သူတွေ ဖြစ်ပါတယ်။
တချိန်တည်းမှာ ကျေးလက်မှာ ကျန်နေတဲ့လူထုတွေကတော့ Post-industrial စက်မှု တော်လှန်ရေးမှာ နောက်ကျန်နေသူ တွေ ဖြစ်တတ်ပါတယ်။ ကမ္ဘာလွှမ်းပတ် ပြောင်းလဲမှု (ဂလိုဘယ်လိုက်ဇေးရှင်း) ကလည်း သူတို့ကို မညှာတာပါဘူး၊ ဒီဒဏ်ကို အလူးအလဲ ခံရပါတယ်။ အဲတော့ လက်ယာစွန်း အယူသန်တယ်။ တချိန်က တိုင်းပြည်ရဲ့ ရွှေခေတ်မျိုး ပြန်တမ်းတနေတာ၊ အတိတ်ရဲ့ မြင့်မြတ်မှု၊ လူမျိုး၊ ဘာသာ၊ သာသနာတွေ ရှေးရိုးစဉ်လာထုံးတမ်းတွေကို အသည်းအသန် ကာကွယ်လိုကြသူတွေ ဖြစ်တတ်ကြပါတယ်။
အဲသည်မှာ ကွဲကြပါလေရော။ ငါတို့- သူတို့ (Us vs. them) ကွဲပြားမှုက ထရမ့်ရဲ့ အမေရိကားနဲ့ အင်္ဂလန်ရဲ့ ဥရောပက ထွက်တော်မူခန်း (Brexit) မှာ သိသိသာသာကြီး မြင်ကြရပါတယ်။ ဒီမှာပဲ လစ်ဘရယ်ဒီမိုကရေစီရဲ့ နှလုံးသားကို တည့်ကို တိုက်ခိုက်ခံရပါတယ်။ သူတို့က နောက်ကျန်နေတဲ့၊ ဂလိုဘယ်လိုက်ဇေးရှင်း နဲ့ စီးပွားရေးအခွင့်အလမ်းနည်းတဲ့ လက်ျာစွန်း အင်အားစုတွေကို အားယူကြပါတယ်။ ကျန်နိုင်ငံတွေလည်း မလွတ်ကြပါဘူး။ ဂျာမဏီနိုင်ငံမှာ Alternative for Germany ၊ ဆွီဒင်မှာ ဒီမိုကရက်တွေ၊ ဒတ်ချ်မှာ Dutch Party for Freedom ၊ ဒိန်းမတ်မှာ Danish People's Party စတဲ့ အမျိုးသားရေးဝါဒီ ပါတီတွေက နောက်ကျကျန်ရစ်ခဲ့တဲ့ ဒေသတွေက လူထုတွေကို အဓိကထားစည်းရုံးကြပါတော့တယ်။
အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန်မှာက များသူ အနိုင်ယူကြေး (First-past-the-post) စနစ်နဲ့ ရွေးကောက်ပွဲ လုပ်ကြပါတယ်။ ဒီလို ပါတီချင်းပြိုင်ဆိုင်မှုမှာ ကွဲပြားမှုတွေကို ပိုကွဲ အစွန်းရောက်သွားအောင် ဖြစ်စေပါတော့တယ်။ အရင်ကာလတွေ တုန်းကတော့ ရွေးကောက်ပွဲတွေမှာ အလယ်ဗဟိုချက်မကျတဲ့ လူထုအများ မဲတွေကို ရအောင်ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကွဲအပြဲ၊ မြို့ပြ-ကျေးလက် အကွဲအပြဲမှာတော့ ကွဲနေတာတွေကို ပိုအားဖြည့်ပေးသလို ဖြစ်ပြီး၊ တဦးနိုင် တဦးရှုံး (zero-sum) အသေအကျေ ချရသလို ဖြစ်လာပါတော့တယ်။ နှစ်ပါတီစနစ်ရဲ့ သဘောအရ နိုင်ငံက အင်အားစုတွေ နှစ်ခြမ်းကွဲတာကို အားဖြည့်ပေးပြီး၊ သရုပ်လက္ခဏာအရ ကွဲပြားမှုကို ပိုအစွန်းရောက်စေပါတယ်။ (polarization) အမျိုးသားနိုင်ငံရေးကို နောက်ဆုံး ကတုတ်ကျင်းတွေထဲက တိုက်ရတဲ့ခံစစ်တွေလို ဖြစ်အောင် တွန်းပို့ပါတော့တယ်။
ကိုယ်စားပြုစနစ် ရွေးကောက်ပွဲ (PR system) လုပ်ကြတဲ့ ဥရောပနိုင်ငံတွေကလည်း သိပ်တော့ ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ အာဏာရှင်ဆန် တဲ့ လူပြိန်းကြိုက် နိုင်ငံရေးသမားတွေ လှိုင်းစီးပြီး တက်လာနိုင်ပါသေးတယ်။ ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲမှုတွေကလည်း အမြဲတစေလိုအပ်နေတာကို ဖော်ပြပါတယ်။
၂။ စောင့်ကြည့်နေတဲ့ အရင်းရှင်စနစ်ကို ဖျက်သိမ်းပါ။ (Destroy surveillance capitalism)
စောင့်ကြည့်နေတဲ့ အရင်းရှင်စနစ်က (surveillance capitalism) ကျနော်တို့ခေတ်ရဲ့ စီးပွားရေး အင်စတိကျုရှင်းတွေ ဖြစ်လာနေပါတယ်။ ဒါက ဒီမိုကရေစီနဲ့ တွန်းတိုက်မိဖို့ ဖြစ်လာပါတယ်။ ဧရာမ အရင်းရှင်အုပ်စုကြီးတွေ ဖြစ်တဲ့ Google, Facebook, Amazon, Microsoft နဲ့ Apple စတာတွေက လူသားတွေ လှုပ်ရှားမှု နီးပါးတိုင်းလောက်ကို ခြေရာခံ မှတ်တမ်းတင်နေပါတယ်။ ကမ္ဘာ့ ဆက်သွယ်ရေးနဲ့ သတင်းစနစ် ဖြစ်လာနေပါတယ်။ သူတို့ကို အစိုးရတွေက ဥပဒေတွေနဲ့ ထိန်းချုပ်ဖို့ ရာလည်း မစွမ်းသာပါဘူး။
စီးပွားရေး၊ လူမှုရေး နဲ့ နောက်ဆုံးနိုင်ငံရေး ပါဝင်ဆောင်ရွက်မှုတွေကိုတောင် တာဝန်ယူ တာဝန်ခံမှုမရှိတဲ့ လက်ချိုးရေလို့ရတဲ့ ကုမ္ပဏီကြီး အနည်းစုက ထိန်းချုပ်လာပါတယ်။ အထူးသဖြင့် Covid-19 ကူးစက်ကပ်ဘေးဖြစ်တဲ့ ၂-နှစ်ကာလမှာ ပိုလို့ အစွမ်းထက်လာပါသေးတယ်။ ဒီအချက်က လူမှုရေးအရ ပြိုကွဲဖို့ ဖြစ်လာပါတယ်။
လူတဦးချင်း လုံခြုံမှု (privacy) ဆိုတာ မရှိနိုင်တော့ပါဘူး။ လူတဦးချင်းသာမက လူမှုအသိုက်အဝန်းအတွက်လည်း ပြဿနာတွေ ရှိလာပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ လမ်းကြောင်းချပေးမှုတွေ၊ လူမှုအသိုက်အဝန်းထဲ ကွဲပြား မညီညွတ်မှုတွေ၊ လူတွေရဲ့ အမူအကျင့်ကို အဝေးကနေ ထိန်းချုပ်အသုံးချတာတွေ၊ ဒီမိုကရေစီ အင်စတိကျုရှင်းတွေကို အင်အားချိနဲ့စေတာ တွေ ဖြစ်လာပါတယ်။ တရုတ်နိုင်ငံဆိုရင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီး အာဏာရှင်ဆန်တဲ့ ထိန်းချုပ်မှုတွေကို လုပ်လာနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ကော်ပိုရေးရှင်းကြီးတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ လုပ်ထားတဲ့ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေးဥပဒေ (anti-Trust Law)၊ အလုပ်သမား အခွင့်အရေးတွေနဲ့လည်း မကာကွယ်ပေးနိုင်ပါဘူး။
ဒီအခါ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပနိုင်ငံတွေက ပုဂ္ဂလိက လုံခြုံမှု (privacy) နဲ့ ပါဝင်တဲ့အကြောင်းအချက် (content) တွေကို ဥပဒေနဲ့ ထိန်းချုပ်ဖို့ ကြိုးပမ်းလာပါတယ်။ ဒီအချိန်မှာ တရုတ်ကတော့ ဒစ်ဂျစ်တယ် နည်းပညာကုမ္ပဏီကြီးတွေကို ထိန်းချုပ်ဖို့ ထိထိရောက်ရောက် လုပ်လာပါတယ်။ သူတို့ အန္တရာယ်ကြီးတာ သဘောပေါက်လာကြပုံပါပဲ။
စာရေးသူကတော့ အခြေခံမူ ၃-ခု အကြံပေးပါတယ်။
(၁) ဒီမိုကရေစီနည်းကျ ဥပဒေစိုးမိုးရေးက အမှန်အုပ်ချုပ်နိုင်ရပါမယ်။ (၂) တခါမှ မကြုံဖူးသေးတဲ့ မမျှော်မှန်းထားတဲ့ ဘေးအန္တရာယ်တွေအတွက် မမျှော်မှန်းထားတဲ့ အဖြေတွေ လိုအပ်ပါတယ်။ (၃) အခြေအနေသစ်တွေကြောင့် လူ့အခွင့်အရေးသစ်တွေလည်း လိုအပ်တယ်.. လို့ ဖော်ပြထားပါတယ်။
ကျနော်တို့ဟာ စောင့်ကြည့်ခံနေရတဲ့ လူ့အဖွဲ့အစည်း ဖြစ်နိုင်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်နိုင်ပါတယ်။ တချိန်တည်းမှာ နှစ်ခုလုံးတော့ မဖြစ်နိုင်ပါဘူး… တဲ့။
၃။ အဟန့်အတားများကို ဖြိုချပါ။ (Break down the barriers)
အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီအတွက် မသိမသာ စိမ့်ဝင်ပျံ့နှံ့လာတဲ့ ခြိမ်းခြောက်မှုတွေက တရုတ်ဆီက၊ သို့မဟုတ် ရုရှားဆီက လာတာမဟုတ်ပါဘူး။ သူတို့ ကိုယ်တွင်းကပဲ ဖြစ်ပေါ်လာတာပါ။ လူဦးရေ ဖွဲ့စည်းပုံ ပြောင်းလဲလာတာနဲ့အမျှ လူများစုဖြစ်တဲ့ လူဖြူတွေက သူတို့ချုပ်ကိုင်ထားတဲ့ အာဏာအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာတာပါ။ လူဖြူ၊ ခရစ်ယာန် ဒေသခံတွေက သူတို့နဲ့မတူတဲ့ လူမဲ၊ အခြားသော လူမျိုးရေး လူနည်းစုများ၊ ခရစ်ယာန်မဟုတ်တဲ့ လူများစုများအပေါ် စိုးရိမ် စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့်ပဲ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ လစ်ဘရယ်မဆန်တဲ့ နိုင်ငံရေးအမြင်တွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ သူတို့အကျိုးစီးပွား ကာကွယ်ပေးနိုင်ရေးအတွက် အာဏာရှင်ဆန်တဲ့ နိုင်ငံရေးသမားတွေကို တံခါးဖွင့်ပေးမိသလို ဖြစ်စေပါတယ်။
လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲမှုက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် လစ်ဘရယ် အခင်းအကျင်းအပေါ်မှာလည်း ဆက်လက်ပြီး စိန်ခေါ်မှုတွေ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ဥရောပမှာ ရွှေ့ပြောင်းအခြေချသူတွေက ဆက်ဝင်ရောက်နေပါတယ်။ ပြောင်းလဲလာတဲ့ လူဦးရေအတွက် အတူမျှဝေခံစားနိုင်တဲ့ နိုင်ငံသားဖြစ်မှု (Shared citizenship) ဆောင်ရွက်နိုင်မှသာ လစ်ဘရယ် ဒီမိုကရေစီကို ဆက်လက်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတထရမ့်ကို မဲပေးခဲ့ကြသလိုပဲ၊ ပြင်သစ်မှာလည်း မာရင်းလီပင်းရဲ့ အမျိုးသားရေး မဟာမိတ်အဖွဲ့ကို မဲပေးခဲ့ကြပါတယ်။ ဒတ်ချ်မှာ Party for Freedom ကို မဲပေးခဲ့ကြပါတယ်။ ဆွီဒင်မှာ ဒီမိုကရက်တွေကို မဲပေးခဲ့ကြပါတယ်။ ဒီမိုကရေစီစနစ်ကို ဆွဲချဖို့ ကြိုးစားနေတဲ့ စိတ်ဒေါသထွက်နေကြတဲ့ မဲဆန္ဒရှင်တွေအတွက် ပိုကောင်းမွန်တဲ့ နည်းလမ်းတခုခု ရှာဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ လစ်ဘရယ်ဒီမိုကရေစီ ဆက်လက်ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။
ကျောင်းတွေမှာ လူမျိုး၊ အဆင့်အတန်း၊ ဇာတ် ခွဲခြားထားတာတွေ ရုပ်သိမ်းဖို့ လိုအပ်ပါတယ်။ လူမျိုးမတူတာတွေ သီးခြားစီ ခွဲနေစေမယ့်အစား ဈေးချို လူတတ်နိုင်တဲ့၊ အဆင့်မြှင့်ပေးထားတဲ့ အိမ်ရာတွေကို ဆောက်လုပ်နေရာချပေးဖို့ လိုအပ်ပါမယ်။ နောက်ခံအသီးသီးက လူငယ်တွေ အတူတကွစုပေါင်း အလုပ်လုပ်နိုင်ရေးအတွက် အသက် ၁၈ နှစ်ကျော်ပြီဆိုရင် မဖြစ်မနေ ရပ်ရွာစီမံကိန်းတွေ၊ ပြည်သူအများကောင်းကျိုး ကိစ္စတခုခုမှာ လုပ်အားပေးစေဖို့ လိုအပ်ပါမယ်။ ဒါမှပဲ အပြန်အလှန် ပြောဆို ဆွေးနွေးမှုတွေ ဖြစ်နိုင်ပါလိမ့်မယ်။ လူတယောက်နဲ့ တယောက်အကြား လူသားမဆန်လောက်အောင် ချိုးနှိမ်ဆက်ဆံနေတဲ့ အခြေအနေဆိုးတွေက လွတ်မြောက်စေနိုင်ပါလိမ့်မယ်။
၄။ ဒီမိုကရေစီ မဟာမိတ်အင်အားစု တည်ဆောက်ပါ။ (Build an alliance for democracies.)
ကမ္ဘာတလွှား ဒီမိုကရေစီက အကျပိုင်းရောက်လာတဲ့အခါ အာဏာရှင်တွေက ပိုအင်အားကောင်းသလို ဖြစ်လာပါတယ်။ ကမ္ဘာကြီးကို ပြန်ကြည့်ရင် ကမ္ဘာ့ GDP ရဲ့ ၇၀ ရာခိုင်နှုန်းကို ဒီမိုကရေစီနိုင်ငံတွေက ကိုယ်စားပြုထားပါတယ်။ ဒီအင်အားကို နေရာ တကျ အသုံးချနိုင်ရင် အာဏာရှင်နိုင်ငံတွေအတွက် သတင်းစကား ဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့အင်အား အကောင်းဆုံး ဖြစ်လာပါ မယ်။ ကမ္ဘာပေါ်မှာ ဘယ်လူထုကမှ “အာဏာရှင်စနစ် ပိုပေးပါ” ဆိုပြီး လမ်းပေါ်ထွက် တောင်းဆိုတာမျိုး ရှိမနေပါဘူး။
သမ္မတ ဂျိုးဘိုင်ဒင်က ဒီမိုကရေစီထိပ်သီး ညီလာခံခေါ်ယူခဲ့ပါတယ်။ ဒါဟာ တကြိမ်တခါနဲ့ ပြီးသွားမယ့် ကိစ္စမျိုး မဖြစ်သင့်ပါဘူး။ ပိုကျယ်ပြန့်တဲ့ ကမ်ပိန်း၊ ဒီမိုကရေစီကို ပြန်လည်ဆန်းသစ်နိုင်ဖို့ အခွင့်အရေးနဲ့ လူထုတွေ အကောင်းမြင်ဖြစ်လာစေဖို့ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂလို လက်ရှိ ကမ္ဘာ့လုံးဆိုင်ရာ အင်စတိကျုရှင်းတွေက အားကောင်းထိရောက်မနေပါဘူး။ မလုံလောက်ပါဘူး။ ဒီမိုကရေစီက ပြည်တွင်းမှာရော၊ ပြည်ပအဆင့်မှာပါ ရှင်သန်တိုးတက်နေရမှာပါ။ ဒါကို စိတ်တက်ကြွလိုလားသူတွေအကြား မဟာမိတ်ဖွဲ့စည်းမှု လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ် ထွန်းကားလာတဲ့ခေတ်မှာ နိုင်ငံသား အခွင့်အရေး ကာကွယ်ပေးမှုကလည်း ပိုလိုအပ်လာပါတယ်။ တရုတ်က နည်းပညာပြိုင်ဆိုင်မှုမှာ ရှေ့ပြေးနိုင်ပါတယ်။ ဒီအခါ စောင့်ကြည့်နေတဲ့ အာဏာရှင်စနစ်ကို ပိုလို့ တည်ဆောက်နိုင်ပါသေးတယ်။
ဒီမိုကရေစီ မဟာမိတ်အင်အားစုကို သေချာဆောက်နိုင်တဲ့အခါ ဘုံတူညီတဲ့ အဖြေများ ထုတ်နိုင်ပါလိမ့်မယ်။ ဒေတာ စီးဆင်းမှု နဲ့ ကာကွယ်ပေးမှုအတွက် အခြေခံမူတွေ ချပေးနိုင်ပါလိမ့်မယ်။ အသိဉာဏ်တု (AI) နဲ့ ဘဝကို ပြောင်းလဲစေနိုင်မယ့် နည်းပညာ ဖွံ့ဖြိုးမှုများအတွက် ဘုံမြော်မြင်ချက်အသစ်တွေကို ရှာဖွေနိုင်ပါလိမ့်မယ်။ အာဏာရှင်မဖြစ်စေဖို့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်စေဖို့ စံနှုန်းများကိုလည်း ချမှတ်ပေးနိုင်ပါလိမ့်မယ်။
အောင်သူငြိမ်း