မျိုးသန့်ထွန်း(စစ်ကိုင်း) — ပေ ပုရပိုက်ပညာရှင် ဆရာကြီးဦးညွန့်မောင်ကို နောက်ဆုံး တွေ့ဆုံခဲ့ခြင်း
မျိုးသန့်ထွန်း(စစ်ကိုင်း) — ပေ ပုရပိုက်ပညာရှင် ဆရာကြီးဦးညွန့်မောင်ကို နောက်ဆုံး တွေ့ဆုံခဲ့ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၂
၂၈-၇-၂၀၂၁နေ့က ဆရာကြီးဦးညွန့်မောင်ရဲ့သမီး ဖုန်းဆက်လာတယ်။ ဆရာကြီး ဦးညွန့်မောင် နေ့ခင်း ၁ နာရီ ၅ မိနစ်လောက်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားကြောင်း ပြောပါတယ်။
ဟာ... ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်ရပါတယ်။ တော်တော်လေးလည်း ဝမ်းနည်းသွားတယ်။ ဒါနဲ့ ဆရာကြီးရဲ့ တပည့်တပန်းတွေ သိရသလောက် ဖုန်းဆက်ပေးပါမယ်လို့ အာမခံလိုက်ပါတယ်။ အလွန် စိတ်မကောင်းကြောင်း ပြန်အပြောလိုက်ရပါတယ်။
သမီးလုပ်သူက ပြောပါတယ်။ ဆရာကြီးကလည်း မှာထား၊ ပြောထားပြီးသာပါတဲ့။ သူ (ဆုံးပါး) သေတဲ့အခါ ချက်ချင်းချ(သင်္ဂြိုဟ်)ဖို့ ပြောထားပြီးသားလို့ သမီးလုပ်သူက ပြောပါတယ်။ ဟုတ်ပါတယ်လေ ဆရာက တရားရှိတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဆရာကြီး ဆုံးပါးတဲ့ကာလက ကိုဗစ်-၁၉ ရောဂါ သောာင်းကျန်းတဲ့ကာလ၊ အရေးအထဲ အာဏာရှင်အုပ်ချုပ်တဲ့ ကာလ။ ဆရာကြီးတောင် ပြောခဲ့မိသေးတယ်။
ဆရာရယ် အခုကာလကြီးက “ကိုဗစ်လည်း ကြောက်ရ၊ ကိုစစ်လည်း ကြောက်ရ”တဲ့ကာလ ဖြစ်နေပါတယ်။ ဆရာက ရယ်မောနေပါတယ်။ ဖြစ်ချင်တော့ ဆရာ ဆုံးတဲ့လ(ဇူလိုင်)မှာပဲ စစ်ကိုင်းက အစ်မအရင်းနဲ့ ယောက်ဖ တရားလွှတ်တော်ရှေ့နေ ဦးညွန့်မောင်တို့လည်း တိမ်းပါးသွားကြသေးတယ်။ ကဲ… အဲဒီအဖြစ်အပျက် ကြည့်တော့ ၂၀၂၁ ခုနှစ်က ကိုဗစ်-၁၉ ကာလနာကြီးဟာ ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ဆွေမျိုးမိတ်ဆွေအပေါင်းတွေတို့ကို ဝါးမျိုသွားတဲ့ ရောဂါဆိုးကြီးလို့ ပြောချင်ပါတယ်။ အခုဆို ဆရာကြီးလည်း ဆုံးပါးရှာတယ်။
ဆရာကြီးက ၉၆ ပါးရောဂါနဲ့ ဆုံးတာပါ။ မှတ်မိပါသေးတယ်။ မဆုံးခင်က ဆရာကြီး နေထိုင်ရာ မြောက်ဒဂုံ (၃၅) ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ် (၄၇၅) ဆရာကြီး နေအိမ်ကိုရောက်ခဲ့ပြီး ငွေ၊ ပစွည်းတိုနဲ့ ထိုင်ကန်တော့ လေတော့ ဆရာက ဆုတွေအများကြီး ပေးခဲ့သေးတယ်။
နောက်တစ်ခါ ကျွန်တော့်မှတ်စုစာအုပ် အထဲမှာ ဆရာ့လက်ရေးနဲ့ “စာပေသုတေသီ-ဆရာဦးမျိုသန့်ထွန်း တစ်ယောက် စာပေသုတေသနလုပ်ငန်းများ အောင်မြင်ပါစေ” ဆရာ့လက်မှတ်-ဦးညွန့်မောင် အောက်က မောင်မောင်ညွန့်(မန်း-တက္ကသိုလ်) ၁၂-၆-၂၀၂၁ နေ့စွဲ ရေးပေးခဲ့တာကို မှတ်မိနေမိတယ် ဆရာရယ်။
စာရေးသူ ဆရာကြီးဆီ ရောက်ခဲ့တဲ့ရက်စွဲ ဖြစ်ပါတယ်။
အမှတ်တရ မှတ်တမ်းလေတစ်ခုလည်းဖြစ်သွားပါတယ်။ ဆရာကတောင်ပြောသေးတယ်။ဒီရှေးဟောင်း ပေ၊ ပုရပိုက်စာတွေ လေ့လာနေသူဆို ကိုမျိုးသန့်ထွန်း တစ်ယောက်ပဲ ရှိတာ တွေ့နေရတယ်။
“အဲသလောက်ကြီး အားမကိုးပါနဲ့အုံး” ဆရာကို ပြန်ပြောရပါတယ်။ ဆရာက “အားကိုးစရာဆို နောက်လူတွေ မရှိကြတော့ဘူးလေ"။
“ဒါဆို ဆရာမျိုးဆက်သစ် စာကြည့်တိုက်မှာ မမွေးခဲ့ဘူးလား” မေးလိုက်တော့ ဆရာက “ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ အများစုက "ပေ ပုရပိုက်ပညာကို စိတ်ဝင်းစားမှု အားနည်းကြပါတယ်။ နောက်ပိုင်းလူငယ်တွေ ပြောတာပါ။ ကိုမျိုးသန့်ထွန်းတို့လို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနဲ့ဆက်သော်လည်းကောင်း မေးမြန်းတဲ့သူတွေက ရှားသွားပြီးလေ" ဆရာက ဝမ်းနည်းအသံပါပါနဲ့ပြောပါတယ်။
ဆရာက ဆက်ပြောတာက တကယ်တော့ “ရှေးဟောင်းစာပေဖြစ်တဲ့ ပေပုရပိုက်တွေဟာ မြန်မာ့ယဉ်ကျေးမှုအမွေ တရပ်ပါ။ မြန်မာ့ယဉ်ကျေးမှုအမွေကို မြန်မာလူမျိုးတွေ ဆက်လက် မထိန်းသိမ်းရင်း မြန်မာ့လူမျိုးယဉ်ကျေးမှုကြီး ကွယ်ပျောက်သွားမှာပဲ ရှိပါတောတယ်” တဲ့ ဆရာ့လေအသံ အေးအေးလေးနဲ့ ပြောပါတယ်။
နားထောင်ရသူ ကိုယ့်မှာ တုန်းလှုပ်မိပါတယ်။ ဆရာရဲ့ အိမ်ရောက်ခဲ့စဥ်က ဆရာဟာ လူငယ်တစ်ဦးလိုပဲ ဖျတ်ဖျတ်လတ်လတ်ပါပဲ။ ဆရာ့ကို “ဆရာ အသက်ဘယ်လောက် ဖြစ်ပြီလဲ”။
ဆရာက “၂၀၂၁ခု လာမယ့်ဒီဇင်ဘာဆို ၉၂ နှစ်ဖြစ်ပြီ!”တဲ့။
“ဟာ...ဆရာ အသက်ရှည်လိုက်တာနော်!” လို့ ပြောတော့ ဆရာက “အရင်ဘဝက သူတစ်ပါး အသက်သတ်ခဲ့တာနည်းလို့ ဖြစ်မှာပဲ” ပြောပါတယ်။
“ဟုတ်မယ် ဆရာ။ ဒါပေမဲ့ လက်ရှိဘဝမှာ စိတ်ကောင်းစေတနာနဲ့ စာပေလေ့လာလိုက်စားနေလို့လည်း အသက်ရှည်တာနေမှာပါလို့ ကျွန်တော်က ပြောလိုက်ပါတယ်။ အဲဒါကို ဆရာက သဘောတူကြောင်း ခေါင်းညိတ်ပြပါတယ်။ ဆရာ စာကြည့်တိုက်က ပေပုရပိုက်ဌာနစိတ်မှာ လုပ်စဥ်က ပေပုရပိုက် စုဆောင်း ထိန်းသိမ်းခဲ့ပုံလေ မှတ်မိသလောက် ပြောပြပါအုံး”လို့ ကျနော်က မေးလိုက်ပါတယ်။
ဆရာက စာကြည့်တိုက်မှူးဆရာဦးသော်ကောင်းအကြောင်း စတင်ပြောပါတယ်။
ဆရာ ဦးသော်ကောင်းဟာ ရာထူးရာခံမက်တဲ့သူ မဟုတ်ဘူး။ တကယ့် စာပေမြတ်နိုးစိတ် အင်မတန်ရှိတဲ့လူတစ်ဦး ဖြစ်ပါတယ်။ အဲအချိန်က ဆရာဦးသော်ကောင်းလို လူမျိုးရှိလို့သာ တက္ကသိုလ်ဗဟိုစာကြည့်တိုက်ကြီး တိုးတတ်ဖွံ့ဖြိုးခဲ့တာ အမှန်ပါပဲလို့ ပြောပါတယ်။
ဆရာဦးသော်ကောင်းကပြောတာ ဆရာဦးညွန့်မောင်ဟာ ရဟန်းလူထွက်ဆိုတော့ ပါဠိတော်တွေကို ကျွမ်းကျင်ပိုင်နိုင်ပါတယ်။ ဒီအပြင် ၁၉၇၅ က စာကြည့်တိုက်ပညာဒီပလိုမာဘွဲ့ရထားပြီး ဆရာ့ ဘွဲ့ယူစာတမ်းဟာ “ကုန်းဘောင်ခေတ် မြန်မာနိသျှများ စာစုစာရင်း” ဖြစ်ပါတယ်။ ဒီစာစုစာရင်းဟာ ဆရာတို့လို ရှေးဟောင်းစာပေများ လေ့လာလိုက်စားသူမှ လုပ်နိုင်စွမ်းရှိတဲ့ စာစုစာရင်း ဖြစ်နေပါတယ်။
ဆရာဦးညွန့်မောင်ဟာ စာကြည့်တိုက်ပညာဘွဲ့ရပြီးနောက် ဆရာဦးသော်ကောင်းရဲ့ ဖိတ်ခေါ်မှုကြောင့် ဆိုမလား၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက် ပေပုရပိုက်ဌာနစိတ်မှာ ကြီးမှူးအဖြစ် အလုပ်ခန့်လိုက်ပါတယ်။ ရေအသင့် ကြာအသင့် ဆိုသလိုပါပဲ။ ထိုအချိန်က တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး ဆရာဦးသော်ကောင်းဟာ ရှေးဟောင်းစာပေ ပေပုရပိုက်တွေက အစ လက်ရေးစာမူတွေလည်း စုဆောင်းထိန်းသိမ်းဖို့ စိတ်အားထက်သန်ပါတယ်။ ဒါကြောင့် ဆရာညွန့်နဲ့ ဆရာသော်တို့ဟာ တတ်ညီလက်ညီ ရှေးဟောင်း စာပေပစွည်းတွေ၊ ပေပုရပိုက်တွေကို စုဆောင်းရာမှာ လှူဒါန်းခြင်း (Donation) လက်ခံမယ်၊ ဒါမှမဟုတ် ဝယ်ယူခြင်း (Purchasing) မျိုးနဲ့ စုဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဆရာက ၁၉၇၂ ခုကနေ ၁၉၉၂ ခုအထိ စာကြည့်တိုက်အတွက် ရှေးဟောင်းစာပေ ပေပုရပိုက်များကို နှစ်စဥ် ကျပ်တစ်သိန်းခွဲနီးပါးဖိုး ဝယ်ယူစုဆောင်းခဲ့တယ်လို့ ပြောပါတယ်။ ဆရာက ထပ်ပြောတာက ဗဟိုစာကြည့်တိုက်ဟာ အရှေ့တောင်အာရှစာကြည့်တိုက်တွင် လက်ရေးစာ (Manuscripts) အများဆုံး ပိုင်ဆိုင်တဲ့ စာကြည့်တိုက်လို့ ပြောလို့ရပါတယ်။ ဆရာတို့ဟာ ရှေးဟောင်းစာပေ ပေပုရပိုက်များ စုဆောင်းဖို့ ရှာတော်ပုံထွက်ရာ မြို့မြို့နယ်နယ်က ဘုန်းကြီးကျောင်းပေါင်း စုစုပေါင်း ၅၀ နီးပါး ကောက်သင်းကောက်သလို လုပ်ကိုင်ခဲ့ရပါတယ်။
တစ်ခါက ရေစကြိုနယ်ထဲက ဘုန်းကြီးကျောင်းမှာ ခြင်္သေ့ရုပ်တုအောက်မှာ ပြန်ကြဲနေတဲ့ ပေမူတွေကို တွေ့တော့ ကောက်သင်းကောက်ကာ စုစည်းလိုက်တဲ့အခါ ရှေးဆရာတော်တစ်ပါးရဲ့ မေတ္တာစာ ဖြစ်နေပါတယ်။ ဒါကို ဘုန်းကြီးဆီအလှူခံပြီး စာကြည့်တိုက်ကို ယူလာခဲ့ပါတယ်။ နောက်တစ်ခါလည်း မကွေးဘက်က ရွာတစ်ရွာမှာ ကျောင်းဆရာကြီးတစ်ဦးရဲ့ စုဆောင်းမှုပါ။ အဲဒီမှာ ဆရာဦးသော်ကောင်းလည်း ပါတယ်။ ခရီးက ကြမ်းတမ်းပါတယ်။ ကုန်းတန်း ရေတန်း ဖြတ်ရတဲ့ ခရီးပါ။
ကျောင်းဆရာကြီး စုဆောင်းခဲ့ရာမှာ ရှေးသတင်းစာဟောင်းများ၊ ရှေးသင်္ကြန်စာများ၊ ပြက္ခဒိန်ဟောင်းများ၊ စာအုပ်ဟောင်းများ၊ ဂျပန်လက်ထက်က လေယာဥ်ပေါ်က ကြဲချခဲ့တဲ့ စာရွက်များကအစ ရရှိခဲ့ပါတယ်။ ကျောင်းဆရာကြီးကိုယ်တိုင် လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဆရာရယ် ကောင်းလိုက်တဲ့ အလှူဒါန တစ်ခုဖြစ်ပါတယ်။ မြတ်မြတ်နိုးနိုး စုဆောင်းသမျှကို မြတ်မြတ်နိုးနိုး အလှူပြုခြင်းပါပဲ။ ဒါနဲ့ အခု သံဃနာယက ဗန်းမော်ဆရာတော်နဲ့ ငယ်စဥ်က ကျောင်းနေဖက် သူငယ်ချင်းတွေလို့ သိရပါတယ်။
ဒါ့အပြင် ကဗျာ ဆရာတင်မိုးနှင့် မောင်စွမ်းရည်တို့နဲ့လည်း ငယ်သူငယ်ချင်းတွေလို့ သိထားပါတယ်။ ဆရာက ဟုတ်ပါတယ်လို့ ဆိုပါတယ်။ ဆရာတို့က မြင်းခြံက တစ်နယ်သားချင်းလည်း ဖြစ်နေပါတယ်။ မြင်းခြံနယ်က ဘုန်းကြီးရယ်၊ ကွန်မြူနစ်ရယ်၊ ဆေးလိပ်ရယ် ထွက်တယ်လို့ ကြားဖူးပါတယ်။
အဲသလို ပြောလိုက်တော့ ဆရာက ရယ်ပါတယ်။ ဆရာကြီးရဲ့ သမိုင်းအကြောင်းကို ပြန်ကြည့်တဲ့အခါ.. ဆရာကြီးဦးညွန့်မောင်ကို မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ နွားတဲရွာ (နောက်တော့ နန်းတည်ရွာ အမည်ပြောင်း) မှာ အဖဦးပိုး၊ အမိဒေါ်ဂေါက်တို့က ၂၄ ဒီဇင်ဘာလ ၁၉၂၉ ခု (မြန်မာသက္ကရာဇ် ၁၂၉၁ ခု၊ နတ်တော်လဆုတ် ၉ ရက်) မှာ မွေးဖွားခဲ့တယ်။ မွေးချင်း ၈ ယောက်မှာ ဆရာကြီးက စတုတ္ထမြောက်သား ဖြစ်တယ်။
ငယ်စဥ်က နွားတဲရွာက ဆရာတော်ဦးနန္ဒမာလာကျောင်းမှာ အခြေခံ အရေး အဖတ် သင်ကြားခဲ့တယ်။ နောက်တော့ ရွာနဲ့ လေးမိုင်လောက်က ဇကျမ်းရွာ အလယ်တန်းကျောင်းမှာ မူလတန်းပညာ သင်ယူခဲ့တယ်လို့ ဆိုပါတယ်။ ယင်းကျောင်းမှာ ကဗျာဆရာကြီးတင်မိုးနဲ့ မောင်စွမ်းရည်တို့နှင့် စာအံဖော်အံဖက် ကျောင်းနေဖက်သူငယ်ချင်းတွေလို့ သိရတယ်။ ဆရာက ပြောပြဖူးပါတယ်။ ဒီအပြင် ယခုနိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးနဲ့လည်း ချစ်ခင်ကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းလို့ သိရပါတယ်။ ဆရာက ထိုကျောင်းမှာပဲ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲတွေမှာ နှစ်စဥ်လိုလို ရွှေတံဆိပ်နှင့် ငွေတံဆိပ်များ ရခဲ့ပါတယ်။ ဆရာဟာ ထိုကျောင်းက ၄ တန်းအောင်တဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပါတယ်။
စစ်အတွင်းမှာ တောင်သာမြို့နယ်က အထက်တန်းကျောင်းမှာ တက်ရောက်သင်ကြားပြီး သတ္တမတန်း အောင်ခဲ့ပါတယ်။ ထိုအချိန်က စစ်ကြီးကြောင့် ကျောင်းပိတ်လိုက်တော့ မိမိ(နွားတဲ)ရွာပြန်ပြီး မင်္ဂလာမှန်ကျောင်း ဆရာတော်ဦးနန္ဒဝံသထံ ရှင်သာမဏေဝတ်ပါတယ်။ အဲဒီမှာ ပါဠိ ပိဋကတ်စာပေများ သင်ကြားခဲ့ပါတယ်။ သူဟာ ရှင်သာမဏေဝတ်ဖြစ်တာက ဒုတိယကမ္ဘာစစ်ကြီးကြောင့်လို့ စစ်ကြီးကို ကျေးဇူးတင်ကြောင်း ဆရာက ပြောပါတယ်။
ဆရာဟာ ရှင်သာမဏေဘဝနဲ့ ပါဠိပထမပြန်စာမေးပွဲတွေ ဝင်ရောက်ဖြေရာမှာ ပထမငယ်တန်း၊ ပထမလတ်တန်းတို့ အောင်ခဲ့ပါတယ်။ နောက်မှာ ၁၉၅၄ မှာ အစိုးရဓမ္မာစရိယ စာမေးပွဲ အောင်မြင်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၅၉ လောက်က အင်မတန်မှ ခက်ခဲနက်နဲတဲ့ သံဃာတော်များ ကြောက်ရွံ့ကြသော မန္တလေး သကျသီဟဓမ္မာစရိယစာမေးပွဲကိုလည်း အထူး အောင်မြင်ခဲ့တယ်လို့ ဆရာထံမှ သိရှိရပါတယ်။
၁၉၆၅ မှာ တက္ကသိုလ်ဝင်တန်းကို ရဟန်းဝတ်နဲ့ ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ဒီနောက် လူဝတ်လဲကာ မန္တလေးတက္ကသိုလ်မှာ မြန်မာစာ မေဂျာယူ၍ ပညာသင်ယူခဲ့ပါတယ်။ ၁၉၇၀ ပြည့်မှာ မန္တလေးတက္ကသိုလ်က ဝိဇ္ဇာဘွဲ့(-မြန်မာစာ )ရရှိခဲ့ပါတယ်။
ဆရာကြီးဦးညွန့်မောင်ဟာ စနစ်သစ်ပညာရေး ၁၉၆၄ မှာ စတင်ထူထောင်တဲ့ “တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ အသစ်ဖွင့်လိုက်သော” ပေပုရပိုက်ဌာနစိတ် (Manuscript Section) ကို ကြီးမှူးပဲ့ကိုင်ရှင်ကြီးဖြစ်ပါတယ်။ တက္ကသိုလ်ဗဟိုစာကြည့်တိုက်ရဲ့ ဦးဆောင်စာကြည့်တိုက်မှူးကြီး ဆရာကြီးဦးသော်ကောင်း ဖြစ်ပါတယ်။ ဆရာကြီးဦးသော်ကောင်းက ပေပုရပိုက်နဲ့ ပတ်သက်လာရင် ဆရာကြီးဦးညွန့်မောင်ကို အားကိုးပါတယ်။ ဆရာဦးညွန့်မောင်ဟာ “မောင်မောင်ညွန့်(မန်း-တက္ကသိုလ်)” ကလောင်နဲ့ အဖိုးတန်စာကောင်းပေမွန်များ ရေးသားခဲ့ပါတယ်။
ဆရာ ရေးသားတဲ့ ‘သုတရိပ်မြုံစာရဂုံ’ (၂၀၀၉၊ အလင်းသစ်စာပေ) ထုတ်စာအုပ်ဟာ မြန်မာစာပေ ဝေဖန်ရေး၊ သမိုင်းနှင့်အတ္ထုပ္ပတ္တိစာပေ၊ စာကြည့်တိုက်ပညာရေးရာများ၊ ပါဠိပိဋကတ်စာပေများပါ အကျန် ဆရာအတွက် အကောင်းဆုံးစာအုပ်လို့ မှတ်ချက်ပေးချင်ပါတယ်။ မြန်မာ့စာပေသမိုင်းမှာ မရှိမဖြစ်စာအုပ်လို့လည်း ပြောပါရစေ။ နောက်တစ်အုပ်က ‘မြန်မာသင်ပုန်းကြီးအခြေပြု’ (၂၀၁၃၊ ရန်အောင်စာပေ) စာအုပ်လေးဟာ မြန်မာလူမျိုးတိုင်း လက်ကိုင်ထားသင့်တဲ့စာအုပ်လို့ ညွန်းချင်ပါတယ်။
ဒီးအပြင် မြင်းခြံကိုးဆောင်တိုက် ဆရာတော် ရေးသားတဲ့ ‘မေတ္တာစာအမျိုးမျိုးနှင့် အထွေထွေစာများ’ (၂၀၁၆၊ ထွန်းဖောင်းဒေရှင်းက ထုတ်တယ်လို့ ယူဆ)စာအုပ်ကို ဆရာက ပေမူကနေ စုဆောင်း ရေးသားခဲ့ပါတယ်။ ဒီအရင်က ဆရာကြီးဆီ ဖုန်းဆက်ပြီး ပေပုရပိုက်တွေအကြောင်း၊ စုဆောင်းပုံ၊ ရှာဖွေခဲ့ရပုံတို့ မှတ်သားဖွယ် မေးမြန်းနေကြ။ ဖုန်းနဲ့ စကားပြောရတာ အားမရ၊ လူကိုယ်တိုင်တွေ့ မေးမယ်လို့ဆို ဆရာ့ဆီ သွားခဲ့တာပါ။ ဆရာကြီးရဲ့ အိမ်ကို တစ်ခေါက် နှစ်ခေါက်လောက် ရောက်ဖူးပါတယ်။ ဒါပေမဲ့ အခုကျတော့ လမ်းတွေအသစ်ခင်းထားတော့ မမှတ်မိအောင် ပြောင်းသွားပါတယ်။ ဆရာက အိမ်အရှေ့ ထွက်စောင့်နေရှာတယ်။
၁၉၄၉ မှာ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ရဲ့ ပဓာနနာယက ဘဒ္ဒန္တသုန္ဒရာဘိဝံသဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုကာ အဘွားဒေါ်နှင်းအေးက ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရဟန်းဘောင်ဝင်ခဲ့ပါတယ်။ ဒီနောက် ဆရာကြီးဟာ အစိုးရ ပထမကြီးနှင့်ဓမ္မာစရိယတန်းတွေကို ဝင်ရောက်ဖြေဆိုရာ ၁၉၅၄ မှာ အောင်မြင်ခဲ့ပါတယ်။ ထိုအပြင် ၁၉၅၉ မှာ အလွန်ခက်ခဲတဲ့ သကျသီဟဓမ္မာစရိယကိုလည်း အထူးအောင်မြင်ခဲ့ပါသေးတယ်။ ရဟန်ဝတ်နဲ့ မန္တလေး ပွဲကုန်းရပ်မှာရှိတဲ့ လှသိပ္ပံအလွတ်ပညာကျောင်းကို ညကျောင်းတတ်ရင် ၁၉၆၅မှာ တက္ကသိုလ်ဝင်တန်း(၁၀ တန်း) အောင်ခဲ့ပါတယ်။
ဒီနောက်မှာ ဆရာဟာ လူဝတ်လဲကာ မန္တလေးတက္ကသိုလ် မြန်မာစာမေဂျာ တက်ရောက်သင်ကြားခဲ့ပါတယ်။ ဆရာဟာ မန္တလေးတက္ကသိုလ် ဆရာကောင်းတွေနဲ့ ပညာနို့ရည်သောက်သုံးခွင့် ရခဲ့ပါတယ်။
ဆရာကြီးဦးဆန်းထွန်း(မန်းတက္ကသိုလ်)၊ ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ ဆရာကြီးချမ်းမြ စတဲ့ ဆရာကြီးတွေရဲ့အောက်မှာ ပညာသင်ကြားခွင့်ရခဲ့ပါတယ်။ ဆရာဦးညွန့်မောင်ဟာ ၁၉၇၀ ခုမှာ မန္တလေးတက္ကသိုလ်က မြန်မာစာဘွဲ့ရရှိပြီး ရန်ကုန်ကို အလုပ်လုပ်ဖို့ ဆင်းလာပါတယ်။ နောက်တော့ ကမ္ဘာအေးဗုဒ္ဓသာသနာအဖွဲ့ (ထိုအချိန်က သာသနာရေးဦးစီးမဖြစ်သေး) တိပိဋကပါဠိမြန်မာမှာ တစ်နှစ်နီးပါး လုပ်ကိုင်ခဲ့ပါတယ်။ ဒီနောက် ရန်ကုန်တက္ကသိုလ်က စာကြည့်တိုက်ဒီပလိုမာသင်တန်း တက်ရောက်ပြီး ၁၉၇၅ ခုမှာ စာကြည့်တိုက်ပညာဘွဲ့ ရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ ဆရာဦးသော်ကောင်းကျေးဇူးနဲ့ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ ပေပုရပိုက်ဌာနမှာ ဝင်ရောက်လုပ်ကိုင်ခဲ့အပြီး ၁၉၉၂ ခုမှာ စာကြည့်တိုက်မှူး-၂ အဆင့်နဲ့ သက်ပြည့်ပင်စင်ယူခဲ့ပါတယ် ပင်စင်ယူပြီးနောက် တက္ကသိုလ်များသမိုင်းဌာနမှာ ရှေးဟောင်းစာပေပညာရှင်အဖြစ် ဆက်လက် အမှုထမ်းခဲ့ပါတယ်။ တိုင်းပြည်အကျိုးအများအကျိုးအတွက် ဆရာကြီးဟာ ပညာရှင်အဆင့် စာအုပ်စာပေများကို ဆက်လက်ရေးသားပြုစုရင်း ၂၀၁၉ မှာ တစ်သက်တာ စာပေဆုရှင်အဖြစ် နိုင်ငံတော်က ချီးမြှင့် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ဆရာကြီးဦးညွန့်မောင်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့ပေမယ့် ဘဝတသက်တာ မှတ်သားစရာတွေ ဒုနဲ့ဒေး ရရှိကာ အများတကာချပြဖို့ တာဝန်တရပ်လို့ ခံယူထာပါကြောင်း။ အခုတော့ ဆရာကြီးဟာ ကွယ်လွန်သွားခဲ့ပါပြီ၊ မြန်မာ့ယဥ်ကျေးမှုအမွေဖြစ်တဲ့ ရှေးဟောင်းစာပေ ပေမူမှပုံနှိပ်မှုအဖြစ် ဆရာလက်ရာများ ကျန်ရစ်ခဲ့သော်လည်း လူသိပ်မသိရှာပါဘူး။ ဒါပေမဲ့ ပေပုရပိုက် စာပေမြန်မာသမိုင်းမှာ ဆရာ့အမည် မပါလို့ မဖြစ်။ ဗုဒ္ဓဘာသာထုံးစံအရ ဆရာကြီးဦးညွန့်မောင်ဟာ အများတကာအကျိုးအတွက် စိတ်ကောင်းစိတ်မြတ်ရှိသူ တစ်ဦးအနေနဲ့ ကောင်းရာသုဂတိကို ရောက်ရှိနေပါလိမ့်မယ်လို့ ယုံကြည်ပါကြောင်း။ ။
မျိုးသန့်ထွန်း(စစ်ကိုင်း)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar