Breaking News

ခိုင်မျိုး — ရွာထဲမှာ

ခိုင်မျိုး — ရွာထဲမှာ

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၂

ကျွန်တော်က နွေးထွေးချင်တယ်
ကျွန်တော်က ငြိမ်းချမ်းချင်တယ်
ကျွန်တော်က ပျော်ရွှင်လိုတယ်
ကျွန်တော့်မိသားစုထဲက တယောက်
မရဏမင်းက ခေါ်ဆောင်သွားပြီ
အဖေ၊ အမေ၊ အဖိုး အဖွား
မရဏဘုံက ခေါ်ဆောင်သွားပြီ
အသက်တစ်ရာ နေရသူဟာ
နှစ်ငါးဆယ် အိပ်နေခဲ့တာ မဟုတ်လား
လူ့ဘဝ နေရချိန်ဟာ နဲလွန်းတယ် ဆရာ
လူကိုယ်နဲ့ ခွေးမျက်နှာတွေ မျောလွင့်
လူကိုယ်နဲ့ ဝံပုလွေကောင်တွေ ရှင်သန်
လူကိုယ်နဲ့ ယုန်မျက်နှာလေးဟာ
ဆာရီရယ် ပန်းချီကားချပ်ထဲက ခုန်ထွက်
လူက ဉာဏ်ရှိတော့ အကောက်ဉာဏ်တွေ ထုတ်လွှတ်
တိရစ္ဆာန်အစစ်တွေဟာ
လူတွေရဲ့ ပြခန်းထဲမှာ ရွှေငါးလေးတွေနဲ့ နေထိုင်
ကျားအစစ်တွေဟာလည်း
လူလုပ်လှောင်အိမ်ထဲငိုကြွေး
မျောက်က ရွေ့လာတယ်ဆိုတဲ့ ဒါဝင်ရဲ့လူဟာ
မောင်းပြန်သေနတ်နဲ့ လူအချင်းချင်း သတ်ဖြတ်
ပိုင်းထားတဲ့ တိုင်းပြည်နဲ့
လူမျိူးစုတွေထဲ ကြည့်လေ
ရိုင်းသွားတဲ့ သမိုင်းတွေချည်းပဲ မဟုတ်လား
အခု နှစ်က ကူးပြီ
အချစ်ဟာ မဖူးသေးဘူး
လွတ်လပ်ရေး ရပြီးကတည်းက
ကန်းကုန်တာကြာပေါ့
ရွာထဲမှာ။ ။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar