မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၀ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီလ ၂၁၊ ၂၀၂၂
◾️ချင်းအမျိုးသားနေ့၊ မပြေလည်နိုင်သေးတဲ့ ဖက်ဒရယ်အရေးနဲ့ ပြည်ထောင်စု
ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစု တစုဖြစ်တဲ့ ချင်းလူမျိုးတို့ရဲ့ အမျိုးသားနေ့ ဖြစ်ပါတယ်၊ အင်္ဂလိပ်ပြက္ခဒိန် နှစ်စပိုင်းမှာ တိုင်းရင်းသားလူမျိုးစုအတော်များများရဲ့ အမျိုးသားနေ့တွေ ကျရောက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မွန်အမျိုးသားနေ့ကျရောက်ခဲ့ပြီး အဲမတိုင်ခင်က ရှမ်းအမျိုးသားနေ့ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမျိုးသားနေ့တွေမှာ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားရေး ရည်မှန်းချက်၊ လက်ရှိရောက်ရှိနေတဲ့အခြေအနေ ယဉ်ကျေးမှုဆိုင်ရာ အမျိုးသားရေး လက္ခဏာစတဲ့ကိစ္စရပ်တွေက ပြန်သုံးသပ်စရာ ရည်မှန်းချက်တွေဘယ်လောက် ပေါက်မြောက်သလဲဆိုတာ သုံးသပ်စရာတွေ ရှိပါလိမ့်မယ်။
ချင်းလူမျိုးတွေအဖို့တော့ ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း အပြောင်းအလဲတွေ ကြီးကြီးမားမား အကွေ့အချိုးတွေ ရှိခဲ့တဲ့နှစ်လို့ဆိုရမယ် ထင်ပါတယ်။ စစ်အာဏာသိမ်းပြီး တနှစ်တာအတွင်း ချင်းပြည်နယ်တောင်ပိုင်း၊ အလယ်ပိုင်း မြောက်ပိုင်းတွေမှာ အခြေအနေ အပြောင်းအလဲတွေအများကြီး ဖြစ်ပေါ်ခဲ့တာပါ။ မင်းတပ်ကနေ စတင်လိုက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ အရင့်အရင် ဆယ်စုနှစ်တွေနဲ့ချီရှိခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး လက်နက် ကိုင် အဖွဲ့ထက်ကို ပိုပြီးကျယ်ပြန့်တဲ့ လက်နက်ကိုင် တော်လှန်ရေးတရပ်ကို နှိုးဆော်ခဲ့ပြီး မတူပီ၊ ထန်တလန်၊ ဖလမ်း၊ ကလေး၊ တီးတိန် စတဲ့နယ်တွေဆီ ချင်းလက်နက်ကိုင်လှုပ်ရှားမှုက ပျံ့နှံ့ခဲ့ပါတယ်။ လူပေါင်းသောင်းနဲ့ချီပြီးလည်း စစ်ပွဲတွေကနေ တိမ်းရှောင်ခဲ့ကြရပြီး အခုချိန်ထိ တောထဲ တောင်ထဲ ရွာတွေမှာ ဖြန့်ကျက်တိမ် းရှောင်နေကြရတဲ့ ဒေသတွေ ချင်းပြည်နယ်မှာ အများအပြားရှိနေပါတယ်။ လူဦးရေ သောင်းဂဏန်းအထိ ရှိတဲ့ ထန်တလန်မြို့ဆိုရင်လည်း တမြို့လုံး စွန့်ခွာသွားခဲ့ကြရပြီးနေအိမ် ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ရပြီ ဖြစ်ပါတယ်။
ချင်းပြည်နယ်ဟာ စီအန်အက်ဖ် လက်နက်ကိုင်တပ်ဖွဲ့တွေ ဆယ်စုနှစ်နဲ့ချီရှိခဲ့သည့်တိုင် စစ်အာဏာသိမ်းမှုမတိုင်ခင်ထိ လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်သလောက် ရှားပါးခဲ့ပြီး စီအန်အက်ဖ်ဟာ အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့သာ ဖြစ်ပါတယ်။ ချင်းလူမျိုးတွေဟာလည်း ဆယ်စုနှစ်များစွာ ပဋိပက္ခဖြစ်ပွားခြင်းမရှိတဲ့ ဒေသမှာနေထိုင်ကြသူတွေ လူငယ်အများအပြားက ပြည်ပမှာ အလုပ် အကိုင် သွားရောက်လုပ်ကိုင်ကြပြီး အသက်အရွယ်ကြီးသူတွေနဲ့ ကလေးဦးရေ အချိုးအစားများပြားတဲ့ ဒေသလို့ လူအများက သိရှိကြတာပါ။
သို့ပေမယ့် အခုဖြစ်ပွားတဲ့ စစ်အာဏာသိမ်းမှုအပြီးမှာတော့ ချင်းပြည်နယ်ရဲ့ နိုင်ငံရေး စစ်ရေး အရှိန်အဟုန်က အရင် ဆယ်စုနှစ်တွေက သိရှိထားတဲ့ ငြိမ်သက်နေတဲ့ ပြည်နယ်တခု လူငယ်လူဦးရေ နည်းပါးတဲ့ ပြည်နယ်တခုထက် လက်နက်ကိုင် ခုခံတိုက်ခိုက်မှုမှာ အရှိန်အဟုန်နဲ့ ဆန့်ကျင်ကြတဲ့ ပြည်နယ် တခုဖြစ်လာနေတာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးဆယ်စုနှစ် ၇ ခုခွဲကြာသည်အထိ မပြီးပြတ်သေးတဲ့ ဖက်ဒရယ်အရေးကိစ္စ နိုင်ငံရေးပြဿနာဟာ အခုတော့ စစ်ရေးအသွင်နဲ့ ချင်းပြည်နယ်မှာ တဖန်အသက်ဝင်လာခဲ့တာလို့ ဆိုရမယ်ထင်ပါတယ်။ စစ်ရေး လှုပ်ရှားလာတာဟာ စီးပွားရေးအတွက် လူတွေရဲ့ အေးအေးချမ်းချမ်း နေထိုင်စားသောက် ရေးကို ကြီးမားစွာ ဂယက်ရိုက်စေတာ အမှန်ဖြစ်ပေမယ့် ဆယ်စုနှစ်နဲ့ချီ မပြေလည်တဲ့ နိုင်ငံရေး ပြဿနာက အရှေ့ကို ရောက်လာတဲ့ သဘောလို့ဆိုရမယ်ထင်ပါတယ်။
အလားတူပဲ ကယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုနီးပါးအတွင်း ဖက်ဒရယ်အရေးနဲ့ပတ်သက်လို့ နိုင်ငံရေး ကိစ္စရပ်တွေ မဆွေးနွေးနိုင်ခင် ပြည်နယ်အဆင့် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးထားခဲ့ရာက ဖေဖေါ်ဝါရီ ၁ ရက်နေ့က အခြေအနေတွေအားလုံး ပြောင်းပြန်ဖြစ်ပြီး အပစ်ရပ်သဘောတူညီမှုက ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ဧပြီလဝန်းကျင်က စတင်လိုက်တဲ့ သေနတ်သံတွေက အခုအခါ ဗုံးသံ၊ လေယာဉ်သံတွေနဲ့ မြို့ရွာတွေအပေါ်မှာ မီးခိုးလုံးတွေ အပေါ်ကို မြင့်တက်လာတဲ့အနေအထားအထိ ဆိုးရွားလာခဲ့တာ တွေ့ရမှာပါ။
ကုန်လွန်ခဲ့တဲ့ တနှစ်တာအတွင်း လူဦးရေ သိန်းနဲ့ချီ ကျေးရွာနဲ့ မြို့တွေပေါ်က စွန့်ခွာပြီး ရာဂဏန်းနဲ့ချီတဲ့ အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ကြရပြီး ရာပေါင်းများစွာလည်း ဒဏ်ရာရခဲ့ကြပါတယ်။ ဖက်ဒရယ် စနစ်ကို အောင်မြင်စွာ အကောင်အထည် မဖေါ်နိုင်ခဲ့ခြင်းဟာ ခုပြည်တွင်းစစ်ရဲ့ အရင်းခံအကြောင်း ဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဖက်ဒရယ်စနစ်ကို အကောင်အထည်မပေါ်နိုင်ခြင်းကို တဖန် အကြောင်းရှာရင် စစ်အာဏာရှင်စနစ် နဲ့ အခြားသော အာဏာရှင်စနစ်တို့က အကြောင်းရင်းခံဖြစ်တာတွေ့ရပါလိမ့်မယ်။
ဒါကြောင့်အခု ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဟာ ဆယ်စုနှစ်ချီ ရှိလာတဲ့ နိုင်ငံရေးပြဿနာတွေအားလုံး မျက်နှာပြင်ပေါ်တက်လာသလိုဖြစ်စေပြီး အဲဒီပြဿနာတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့အတူ တပြိုင်ထဲ ဖြေရှင်းဖို့ အခွင့်ကောင်းလို့ ရှုမြင်မှုတွေလည်း ရှိတာတွေ့ရပါတယ်။
နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ရာအတွက် စစ်ရေးလမ်းစဉ်ကို ကိုင်စွဲကြရာမှာ နိုင်ငံရေး ပြဿနာကို တန်းတူ ရည်တူ အခွင့်တူညီမျှ စိတ်ဓါတ်နဲ့ ခံယူချက်နဲ့ ဖြေရှင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ စစ်ရေးမှာ အသာစီးရနေသူတွေက အင်အားနဲ့ နိုင်ငံရေးတန်းတူမှု မပေးလိုကြရင် နိုင်ငံရေးပြဿနာ မပြေလည်နိုင်ပဲ ရှိမယ့်အရေးလည်း သတိမူသင့်တယ်ထင်ပါတယ်။
ဒါတွေကတော့ တိုင်းရင်းသားလူမျိုးစု တန်းတူကိုယ်ပိုင်ပြဌာန်းခွင့်၊ တနည်းအားဖြင့် စစ်မှန်တဲ့ ဖက်ဒရယ် အမျိုးမျိုးသော စကားလုံးတွေနဲ့ ပုံဖျက်ထားခြင်းမရှိတဲ့ ဖက်ဒရယ် ရိုးသားတဲ့ ရပ်တည်မှု တန်းတူမှု လေးစားမှုနဲ့ ဖက်ဒရယ်စနစ်ကို ယုံကြည်ကြမှသာလျင် ဆယ်စုနှစ်များစွာ မဖြေရှင်းနိုင်ခဲ့တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီတည်ဆောက်ရေးက အကောင်အထည် ပေါ်လာမယ်လို့ ယူဆမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar