Breaking News

နွေမ - အသက်ကြီးမှ အထုအထောင်းခံချင်သူ

နွေမ - အသက်ကြီးမှ အထုအထောင်းခံချင်သူ
(မိုးမခ) ဖေဖော်၀ါရီ ၂၀၊ ၂၀၂၂

(၁)
အိုကြီးအိုမအရွယ်ရောက်နေမှ ဘယ်သူတွေမြှောက်ပေးလိုက်လဲ မသိ။ အာဏာထသိမ်းလေသည်။ သူနှင့်သူ့မိသားစုကို ကြည့်တော့လည်း တိုင်းပြည်က ခိုးထားသည့်ငွေကြေးများဖြင့် စားမကုန် သောက်မကုန် ချမ်းသာနေသည်။ သူသည် အခြားသူမဟုတ်၊ တပ်ရင်းတစ်ရင်းမှာ လက်နက်ကိုင်အရေအတွက် ၁၀၀ ဝန်းကျင်လောက်သာရှိသည့် တပ်ရင်းများစွာကို အုပ်ချုပ်ရသည့် မအလပင် ဖြစ်သည်။

သူသည် အာဏာသိမ်းပြီးနောက် အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်သည်။ လိုက်နာမည့်လူမရှိသည့် အမိန့်များ ဖြစ်သည်။ ပြီးနောက် သတင်းစာ ရှင်းလင်းပွဲများလုပ်သည်။ ထိုသတင်းစာရှင်း လင်းပွဲများသည် ပြည်သူများအတွက် ဟာသဇာတ်ကားတစ်ကား ကြည့်ရသလိုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြည့်မိသည့် ပြည်သူတိုင်း တဝါးဝါး တဟားဟား ရယ်နေကြသောကြောင့်ပင် ဖြစ်၏။ 

မအလသည် အာဏာသိမ်းပြီးသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း ၎င်းနှင့် ခိုးဖော်စားဖက်များကို အသိအမှတ်ပြုသည့် နိုင်ငံဟူ၍ မရှိပေ။ ထို့အတူပင် ပြည်သူများသည်လည်း ဆန္ဒထုတ်ဖော်၍ လက်နက်စွဲကိုင်၍ တိုက်ပွဲဝင်နေကြဆဲပင်ဖြစ်သည်။ ထို့အပြင် မည်သည့်နိုင်ငံမျှအသိအမှတ်မပြုသည့်ကြားထဲက NUG နှင့် PDF တို့ကို ဖမ်းခိုင်းဖို့ အင်တာပိုပုလိအဖွဲ့ကို အကြောင်းကြားထားသည်က ပို၍ပင် ဟားတိုက်ရယ်မောစရာ ကောင်းလှပါသည်။

(၂)
မအလကို ပြည်သူများပြောနေကြသည့် စကားများသည် ကြားရသည့်လူတိုင်းကို ပြုံးရွှင်ရယ်မောစေသည်။ ထိုစကားမှာ အာဏာသိမ်းသည့် မအလသည် ယနေ့အချိန်ထိ သတင်းစာနှစ်စောင်နှင့် ရုပ်သံလိုင်းနှစ်ခုသာ ရရှိသေးသည်ဟုပင် ဖြစ်သည်။ ထိုစကားသည် လက်တွေ့မှာလည်း မှန်ကန်ပါသည်။ မအလ၏ အမိန့်များကို ပြည်သူများ တက်ညီလက်ညီ ဖီဆန်နေကြဆဲ ဖြစ်သည်။

ပြီးသည့်အခါ မအလသည် သူ၏မိန့်ခွန်းများကို စုစည်းထားသောစာအုပ်ကို တစ်အုပ်လျှင် မြန်မာငွေကျပ်တစ်ထောင်ဖြင့်ရောင်းမည်ဟု သူပိုင်သည့် သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။ အလွန်အင်မတန်မှ ကြီးကျယ်မြင့်မြတ်သည့် သမိုင်းဝင်မိန့်ခွန်းများ ပါဝင်မည်ထင်သည်။ (ရွဲ့ပြောခြင်းဖြစ်၏။) အမြဲတမ်း တိုင်းပြည်ပိုက်ဆံများကို သူ၏မိသားစုများအတွက် ခိုးဖို့လောက်သာကြံစည်နေသော သူ့လို လူတစ်ယောက်ကပြောသည့် မိန့်ခွန်းများသည် ပြည်သူလူထုအ တွက် ဘယ်မှာတန်ဖိုးရှိပါ့မလဲ။

ပြီးနောက် အဆိုပါ မိန့်ခွန်းစာအုပ်တွင် တိုင်းပြည်ပိုက်ဆံခိုးနည်း၊ ကုမ္ပဏီထောင်နည်းနှင့် ပုန်းနည်းများပါဝင်သည်ဟုဆိုလျှင် ဟုတ်တုတ်တုတ် ရှိသေးသည်။ ယခုတော့ မိန့်ခွန်းစာအုပ်ကို မြန်မာငွေ ကျပ်တစ်ထောင်ဖြင့် ရောင်းမည်ကို အိမ်သာသုံးစက္ကူဝယ်တာလောက်ပင် အများပြည်သူက စိတ်ဝင်စားမှုမရှိဘဲ မြည်တွန် တောက်တီးနေကြပြီး တခစ်ခစ်ဖြင့် ရယ်နေကြသည်ကိုသာ တွေ့မြင်ရလေသည်။

(၃)
ဘွိုင်းကော့လုပ်ရမည့်အထဲတွင် မအလ၏တပည့် ဇော်မဲလုံး သတင်းစာရှင်းလင်းပွဲများတွင် ပါးစပ်က တဖွဖွပြောနေသည့် "ဥပဒေနဲ့ အညီ" ဆိုသည့် စကားလုံးလည်း ပါဝင်ပါသည်။ ထိုစကားလုံးသည် မသိလျှင် မအလ ၏ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ထုတ်လုပ်သည့် ထုတ်ကုန်တစ်ခုလို ဖြစ်၍နေသည်။ ဥပမာအလင်္ကာဖြင့် ခိုင်းနှိုင်းရ မည်ဆိုလျှင် "ဥပဒေနဲ့အညီ" ဆိုသည့် စကားလုံးကို "မြန်မာဘီယာ" များ ထင်နေသလားမသိပါ။
မအလ၏ အကြမ်းဖက်လက်နက် ကိုင် အဖွဲ့များသည် မြန်မာပြည်တဝှမ်း "ဥပဒေနဲ့အညီ" တဒိန်းဒိန်းဖြင့် ပစ်ခတ်၍နေသည်။ ကုန်ကုန်ပြောရ လျှင် ကလေးပါမကျန် ခွေးပါမကျန်ပင်ဖြစ်သည်။ ပြီးလျှင် အာဏာ သိမ်းသည့် အစပိုင်းနေ့ရက်များတွင် ပလာတာသာလုစားသော်လည်း နောက်ပိုင်းတွင် ရေခဲမုန့်များ၊ ငှက်ပျောသီးများ စသည်တို့ကိုပါ လုစားလေတော့သည်။

ထို့အပြင် အများပြည်သူပိုင် ဆိုင်ကယ်များ၊ ကားများကိုလည်း လုယက်စီးနင်းကြသည်။ အိမ်များကိုလည်း ဖျက်ဆီးကြသည်။ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အမည်နှင့် လိုက်ဖက်လှပေသည်။ ပြီးနောက် လမ်းများပေါ်တွင်ကပ်ထားသည့် မအလ၏ပုံများကို မခွာနိုင်တော့သဖြင့် မအလ၏ ဓားမနောက်ပိတခွေးများသည် တက်နင်းခြင်းများ၊ ကလေးဆော့သည့် ပန်ကာများဖြင့်ဆော့ကစားခြင်းများ စသည့် ပေါတောတော ဂေါက်တောက် တောက် ပုံစံများသည် မြင်ရသူများကို အံ့သြမှင်သက်စေသည်။ ကြပ်မပြည့်သည့် အမူအယာလက္ခဏာများပင် ဖြစ်သည်။

(၄)
လူမဲ့သပိတ်တစ်ခုတွင် ရေးထားသည့် "မအလ၏အဖေ ကွန်ဒုံးသုံးခဲ့သင့်တယ်"ဆိုသည့် စာတန်းလေးသည်လည်း မအလ အပေါ်ထားရှိသည့် ပြည်သူများ၏ ချစ်ခြင်းမေတ္တာတရားများပင်ဖြစ်သည်။ ထို့အပြင် တစ်ခုခုဖြစ်၍ ပြည်သူများဆဲလျှင် မအလ နာမည်ပါသည်။ ယောင်ပြီးပြည်သူများဆဲလျှင် မအလ နာမည်ပါသည်။ ယုတ်စွအဆုံး မူးပြီးဆဲလျှင်တောင် မအလ နာမည်ပါသည်။ ကုန်ကုန်ပြောရလျှင် ပြည်သူများ၏ ပါးစပ်ဖျားလျှင် မအလသည် အဆဲကလေးဖြင့်တွဲပြီး နေ့တိုင်းလိုလိုပါလေသည်။ မအလသည် ငါးပိစားပြီး အသိတရားမရှိသည့် လူတစ်ယောက်ပင်ဖြစ်သည်။

နိုင်ငံတကာရှိ အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့်ယှဥ်လျှင် မအလ သည် အရပ်အပုဆုံးနှင့် အ သက်အကြီးဆုံး ဖြစ်သည်။ ပြီးနောက် အလွန်ကြောက်တတ်သူလည်း ဖြစ်သည်။ ကျန်ခဲ့သည့် လများတုန်းက အာဆီယံ စစ်တပ်ခေါင်းဆောင်များ အွန်လိုင်းဖြင့်ပြု လုပ်သည့် အစည်းအဝေးတွင် မအလ သည် ဇာတ်မင်းသားများ ဇာတ်ကသည့် ဇာတ်စင်များ၏ နောက်ခံဘက်ဂရောင်းများလောက်တောင် သားနားမှုမရှိသည့် နောက်ခံဘက်ဂရောင်းဖြင့် ရုပ်တည်ကြီးနှင့် တစ်ဖက်တစ်ယောက်ခြံရံကာလက်မိုးပေါ်ထောင်ထားသည့်ပုံကို လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် မြင်တွေ့လိုက်ရသည်။

ထိုအစည်အဝေးတွင် မအလ ကို အာဆီယံခေါင်းဆောင်းများက ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေခြင်းများ ရပ်တန့်ရန်ပြောသည်ကို မျက်နှာမဲ့သွားသည်ဟု သတင်းဋ္ဌာနများက ရေးထားသည်ကို ဖတ်လိုက်ရသည်။ နဂိုထဲကမှ တစ်နေ့တစ်ခြား စိတ်ဖိအားများကြောင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ ဖြစ်နေသဖြင့် မအလ ၏ မျက်နှာသည် နိုင်ငံခြားဇာတ်ကားထဲက ဂြိုလ်သားရုပ် ပေါက်နေသည်။ မြင်ဖူးကြလိမ့်မည် ထင်သည်။ ဂြိုလ်သား၏ ပုံစံသည် ဂေါ်ရခါးသီးပုံစံ ဖြစ်သည်။ အဖျားရှူးပြီး အပေါ်ပိုင်း ခပ်ကားကားပုံစံ ဖြစ်သည်။ ပြုံးရင်တောင် မလှသည့် မအလမျက်နှာသည် မဲ့သွားလျှင် ဘီလူးတောင် ငိုသွားလိမ့်မည်ဖြစ်သည်။ ထို့အတူပင် မအလသည် ချစ်မွှေးမပါသည့် လူတစ်ယောက်လည်း ဖြစ်သည်။

(၅)
မအလသည် "လေ"အင်မတန်မှ ကြီးသူတစ်ယောက်ဖြစ်သည်။ AA နှင့် တိုက်တုန်းက AA ကို ဘယ်နှစ်လအတွင်း အပြတ်တိုက်မည်ဟု သူ၏တပည့် ဇော်မဲလုံးကို သတင်းစာရှင်းလင်းပွဲတွင် ပြောခိုင်းသည်။ တကယ်လည်း အပြတ်တိုက်နိုင် ခဲ့သည်။ တပ်မအလိုက် ပြေးခဲ့ရသည်ဟု ကြားလိုက်ရသည်။ ထို့အပြင် မအလ၏ အကြမ်းဖက် လက်နက် ကိုင်အဖွဲ့တွင် အပေါဆုံးဖြစ်သည့် အရာရှိများနှင့် အခြားအဆင့်များ အစုလိုက် အပြုံလိုက်အဖမ်းခံလိုက်ရသည်။ နောက်ဆုံးတွင် AA ကို အ ရှုံးပေးဒူးထောက်လိုက်ရသည်။ စည်းလုံးခြင်းသည် အင်အားပင် ဖြစ်ကြောင်း သက်သေပြလိုက်သည့် ဖြစ်ရပ်ပင် ဖြစ်သည်။

မအလ အကြောက်ဆုံးအရာသည် ယူနီဖောင်းချွတ်ရမည်ကိုပင် ဖြစ်သည်။ ယူနီဖောင်းချွတ်လိုက်လျှင် သူ့တွင် အာဏာလက်မဲ့ ဖြစ်သွားမည်။ ထိုအရာကို ရေချိုးရမှာကြောက်သည့် ကလေးတစ်ယောက် ကြောက်သလိုမျိုး မအလ သည် ကြောက်၍နေသည်။ မငိုရုံတမယ်ပင် ဖြစ်သည်။ ပြီးနောက် မအလ သည် မြန်မာအကြမ်းဖက် လက် နက်ကိုင်အဖွဲ့၏ ထိပ်ပိုင်းနေရာကို ဘိုးဘွားရိပ်သာများ ထင်မှတ်နေသလားမသိပါ။ ထို့ကြောင့် နား ထောင်ခဲ့ဖူးသည့် သီချင်းလေးတစ်ပုဒ်ကို သတိရမိသည်။ ထိုသီချင်းလေးမှာ "ပင်စင်ယူပါအုံး" သီချင်းပင်ဖြစ်သည်။ L ဆိုင်းဇီနှင့် L လွန်းဝါ ဆိုထားခြင်း ဖြစ်သည်။

လက်ရှိအချိန်ကာလတွင် မအလသည် ပြည်သူများပို့သသည့် မေတ္တာကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေပြီး "ဂျုံးဂျုံးကျနေပြီ" ဖြစ် သည်။ အောင်မြင်မှုသည် မြေကြီး လက်ခတ်မလွဲ ပြည်သူများထံရောက်ရှိလာတော့မည်။ ထို့ကြောင့် ကဒါဖီကို လစ်ဗျားပြည်သူများက ဆံပင်ဆွဲပြီး ရေပိုက်ခေါင်းထဲက ဆွဲထုတ်သလိုမျိုး အဖြစ်ခံမလား။ ဒါမှမဟုတ် ဆက်ဒမ်ဟူစိန်လို မြေအောက်မှာ တစ်ယောက်ထဲ အထီးကျန်စွာပုန်းနေပြီးမှ အဖမ်းခံမလား။ ဒါမှမဟုတ် တူနီးရှားက ဘင်အလီလို တဖက်နိုင်ငံသို့ လေယာဥ်ဖြင့် ပြေးမလား။ ဘယ်လိုပုံစံမျိုး အဖြစ်ခံမည်ကို မအလကိုယ်တိုင် ရွေးချယ်ရမည်သာ ဖြစ်သည်။ ပြီးနောက် သေချာသည်က မအလသည် အသက်ကြီးမှ ပြည်သူများ၏ အထုအထောင်းကို ခံချင်နေသူတစ်ယောက်ပင် ဖြစ်ပါ၏။

နွေမ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar