ခိုင်အေး — ဆာဂျီကယ်နီဒယ်လ်
ခိုင်အေး — ဆာဂျီကယ်နီဒယ်လ်
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊
၂၀၂၂
‘လူဆိုး’ ‘လူမိုက်’ ‘လူယုတ်မာ’
အဓိပ္ပာယ်ရှင်းစရာ မလိုလောက်အောင်
အဘိဓာန်ဖွင့် ရှာစရာမလိုအောင် နားလည်လွယ်တဲ့ ဝေါဟာရတွေမို့ ကိုယ်က နငယ် အမြီးမတပ်တော့ပါဘူး။
နငယ်အတိုင်းပဲ ထားလိုက်ပါတော့မယ်။
လူတချို့က ဆိုးကြတယ်၊ လူတချို့က မိုက်ကြတယ်၊ အဲဒါ ကောင်းလားဆိုရင်
ဘယ်သူမှ ကောင်းတယ် ပြောမယ်မထင်ပါဘူး။ ဆိုး မိုက်ပါတယ်ဆိုမှ ဘယ်မှာ ကောင်းနိုင်ပါ့မလဲ။
ဒါပေမဲ့ နောက်ဆုံးမတတ်နိုင်တော့အခါ လူတွေက ဆိုးတာ မိုက်တာကိုတော့
ခွင့်လွှတ်ပေး နားလည်ပေးနိုင်ကြတယ်။
“သူက ဆိုးသာဆိုးတာ၊ မိုက်သာမိုက်တာ မယုတ်မာရှာပါဘူး”
ဆိုတဲ့ အပြောမျိုးတွေက လူဆိုး
လူမိုက်တွေအတွက် နောက်ဆုံးအချိန်တွေမှာ ပတ်ဝန်းကျင်ရဲ့ ခွင့်လွှတ်လက်ဆောင် စကားသံတွေပေါ့။
ယုတ်မာတာတော့ လူတွေက ဘယ်တော့မှ
လက်မခံဘူး၊ ခွင့်မလွှတ်ဘူး။ လူယုတ်မာလို့ လူ့အဝန်းအဝိုင်းက သတ်မှတ်ခံရဖို့ကလည်း တော်တော့်အစွမ်းအစနဲ့
မဖြစ်နိုင်ဘူး။
ယုတ်မာမှုမှာ တဘက်ကမ်းခပ်နိုင်မှ၊ လူ့ကျင့်ဝတ်တွေကို မရှက်မကြောက် ချိုးဖောက်နိုင်မှ၊ အဲဒီလိုလူ ရှိနိုင်ပ့ါမလားတော့ မမေးနဲ့။
‘မင်း မကြည့်လို့ မသိတာပါ။ အချစ်က မင်းအနားမှာပါ။ မင်း မသိလို့ မရိပ်မိတာပါ။ အချစ်က မင်း အနားမှာပါ” ဆိုတဲ့ စိုင်းထီးဆိုင်သီချင်းပဲ ကိုယ်က ဆိုပြလိုက်မယ်။
× × × × × × ×
သူ့အမည်သညာက မောင်လှိုင် တဲ့။
သူ့အမေက မောင်လှိုင်ကို
အတော်ချစ်ရှာတယ်နဲ့ တူပါတယ်။ ကိုယ်တို့ ကလေးဘဝ မောင်လှိုင်ကို ကျောင်းလိုက်ပို့ရင် သူ့အမေက သားရေ ...
သားရေနဲ့ မောင်လှိုင်ကို
ခေါ်တာ။ နာမည်တောင်ခေါ်တာ မဟုတ်ဘူး။ အဲသလို သားရေ ခေါ်တာကပဲ။ မောင်လှိုင်အတွက် နာမည်ပြောင်တခု ဖြစ်ခဲ့ရတာပေါ့။
မောင်လှိုင်ကို ကိုယ်တို့ကျောင်းရဲ့
လက်ဆောင်နာမည်ပြောင်က “သားရေကြိုး”(သရေကြိုး)တဲ့။
ကလေးတွေဆိုတော့ ပေါက်ကရ
ပေးကြတာပေါ့။ မောင်လှိုင်က လူကသာ လူစဥ်မမီတာ၊ ညစ်ကျယ်ကျယ် လုပ်တဲ့နေရာမှာတော့ ငယ်ကတည်းက ထိပ်ဆုံးက။ သားရေကွင်းပစ်မလား၊ ကျောက်ပေဒိုးလှိမ့်မလား၊ ကျည်းသားရိုက်မလား၊ သူ
မနိုင်ရင် ပွဲဖျက်ဖို့ ကြိုးစားတော့တာပဲ။
သူ့ရဲ့ ညစ်ကျယ်ကျယ်စိတ်က
သူ့အရပ်ထက် ရှည်တယ်။ သူ ပါတဲ့ပွဲတွေမှာ အေးအေးဆေးဆေးပြီးတဲ့ပွဲကို မရှိခဲ့ဘူး။
လူဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ
ရင့်ကျက်ပြောင်းလဲလာတာ သဘာဝပဲ။ လူ့ပတ်ဝန်းကျင် လူမှုဘဝမှာလူတွေဟာ အသက်ကြီးလာ၊ အတွေ့အကြုံတွေ
များလာတာနဲ့အမျှ ကိုယ့်ဖြတ်သန်းမှုတွေကနေ ကောင်းမြတ်တာတွေ တရားမျှတမှုတွေကို စစ်ယူ
ဆင်ခြင်၊ ကိုယ့်သိမှုတွေကို မျှဝေပြီး မိမိကိုယ်မိမိ မိမိပတ်ဝန်းကျင်ကို ပိုကောင်းမွန်အောင်
ဆောင်ကြဥ်းကြတာ မဟုတ်လား။
မောင်လှိုင်တို့ ရင့်ကျက်ပြောင်းလဲပုံက
အများနဲ့ မတူဘူး။ မောင်လှိုင်ကတော့ ထောင်ချလို့ရတဲ့အရွယ် ရောက်တာနဲ့ ထောင်ကျတော့တာပဲ။
ပထမတကြိမ်က ခိုးမှုနဲ့။ ထောင်ကျပြီး လွတ်လာတော့လည်း ကောင်းကောင်းမွန်မွန် နေထိုင်လုပ်ကိုင်မယ်
မရှိဘူး၊ နောက်တကြိမ် နောက်တမျိုး မဟုတ်တာ လုပ်တယ်။ ဒုတိယအကြိမ်က မုဒိမ်းမှုနဲ့ မုဒိမ်းမှုနဲ့
ပြန်လွတ်လာတော့ ပတ်ဝန်းကျင်က သူ့ကို တညီတညွတ်တည်း လူယုတ်မာလို့ သတ်မှတ်လိုက်ပြီး အဆက်အဆံမလုပ်ကြတော့ဘူး။
သူနဲ့မျက်နှာချင်းမဆိုင်ဖြစ်အောင် နေကြတော့တာ။ မြင်ရရင် အကုသိုလ်ဖြစ်ရမှာ မဟုတ်လား။
သူ့ကို ပတ်ဝန်းကျင်က ဝိုင်းကြဥ်ကြတာကို မောင်လှိုင် သိတယ်။ မကျေနပ်ဘူး။ အရက်ဆိုင်မှာတောင်
မောင်လှိုင် လာရင် ကျန်တဲ့ အရက်သမားတွေက အလျှိုအလျှို လစ်ပြေးကြတာ။ အဲဒီလို လစ်ပြေးကြတာ
ကြာလာတော့ အရက်ဆိုင်ကလည်း မောင်လှိုင်ကို လက်မခံချင်ဘူး။ ဒါပေမဲ့ မလာနဲ့ မရောင်းဘူးလို့လည်း
မပြောရဲဘူး။ ဆိုင်ကို ဖျက်မှာ၊ လူကို ရန်လုပ်မှာက ကြောက်ရသေးတယ်။
မောင်လှိုင်က လူဆိုး လူမိုက်
လူယုတ်မာ။ သရေကြိုးက လူဆိုး လူမိုက် လူယုတ်မာ၊ သူ့လက်သုံးစကားက ရှိသေးတယ်။
“မောင်လှိုင်ကို လာမယှဥ်နဲ့ မောင်လှိုင် မလုပ်ရဲတာ ဘာမှမရှိဘူး” တဲ့။
× × × × × × ×
မောင်လှိုင် သရေကြိုးက ပြောစကားနဲ့ညီအောင်
နေတယ်၊ သူ့အကျင့်အကြံက မဟုတ်တဲ့နေရာမှာ ညီနေတာ ခက်တာ။
တရွာလုံးက မောင်လှိုင်ကို
ဝေရာမဏိကြပေမယ့် သရေကြိုးက လိုက်ငြိတော့ ရှောင်မရ ကြဥ်မရ အတိတ်ကံပဲ ပုံချရမယ် ထင်ပါတယ်။
မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ သရေကြိုးမောင်လှိုင်ဟာ ရွာလယ်လမ်းက မုဆိုးမတယောက်ကို မတရားကျင့်ဖို့
ကြိုးစားတယ်။ အမျိုးသမီးက အော်ဟစ် အကူအညီတောင်းတော့ ရွာထဲက ထွက်လာကြလို့ မောင်လှိုင်
အကြံအစည်အထမမြောက်လိုက်ဘူး။ ဒါပေမဲ့ သရေကြိုးက အဲဒီအမျိုးသမီးကို ရိုက်နှက်ပြီး ထွက်ပြေးသွားလိုက်တာ
ကိုယ်တို့ရောက်သွားတော့ အမျိုးသမီးခမျာ သွေးအိုင်ထဲမှာ ပက်လက်။ ချိုစောင်း(ဂျိုစောင်း)မှာလည်း ဒဏ်ရာဟက်တက်ကွဲကြီးနဲ့။ သရေကြိုး ထွက်ပြေးသွားတာ
မြင်လိုက်ကြတော့ လူတချို့က အဲဒီနောက် လိုက်ဖမ်းကြတယ်။ ကျန်တဲ့သူတွေကတော့ လူနာဘေးမှာ
ဝိုင်းအုံလို့။ တယောက်တပေါက် စကားသံတွေနဲ့ ဆူညံလို့။
ရဲ သွားခေါ် ပြောတဲ့သူရော၊ ဆရာကျော်(ရွာကရမ်းကု) သွားခေါ် ပြောတဲ့သူရော၊ သရေကြိုးရွာမှာ ဆက်ရှိနေရင် ရွာအတွက် စိုးရိမ်ပူပန်ရတဲ့အကြောင်း
ပြောတဲ့သူရော၊ တရားဥပဒေအတိုင်း အရေးယူရမယ်ဆိုတဲ့သူတွေရော၊ ရွာနှင်ဒဏ်ပေးလိုက် သတ်ပစ်လိုက်
လူယုတ်မာတယောက်ကြောင့် ရွာနာတယ်၊ သရေကြိုးကို ဖမ်းမိရင် မြို့ကရဲ မလာမချင်း သတိနဲ့
စောင့်ကြည့်ကြဖို့ရော… အို… စုံစီဆူညံနေတာပဲ၊၊
ဆရာကျော် ရောက်လာရင် ဆေးကုတဲ့ကိစ္စ
ပြီးမယ် ထင်တာ။ တကယ်တမ်းကျ အဓိကလိုအပ်တာက အဲဒီကျမှ စတာ။ ကိုယ်တွေ တွေးထားတာက ဆရာကျော်
ရောက်ရင် ဒဏ်ရာကို ဆေးကြောချုပ် ပတ်တီးစည်းလိုက်၊ ဆေးလေးဘာလေး ထိုးလိုက်ရင် ပြီးသွားမယ်ပေါ့။ ဒါပေမဲ့
ကိုယ်တို့ တွေးထင်ထားသလို မဟုတ်ဘူး။
ဆရာကျော်က သာမန် ဖျားတာနာတာလောက်ပဲ
ကုနေတဲ့ အပ်ပုန်းဆိုတော့ သူ့မှာ ဆေးထိုးအပ်ပဲ ရှိတယ်။ ခုလို ဟက်တက်ကွဲကြီးကို ချုပ်ဖို့
အပ်ကျ မရှိတော့ဘူး။ အပ်မှမရှိရင် အပ်မှ မရရင် ဒီဒဏ်ရာက ပြန်ကောင်းဖို့ ခက်ခဲနေဦးမှာ။
ဟက်တက်ကွဲဒဏ်ရာအတွက်တော့ အပ်ဆိုတာ မရှိမဖြစ်ပဲ မဟုတ်လား။ အဲဒါနဲ့ ဆရာကျော်က ကလေးတယောက်ကို
မြို့သွား အမြန်ဝယ်ချေကွာဆို လွှတ်လိုက်တယ်။
× × × × × × ×
ရွာမှာတော့ အပ်ဝယ်ပြီး ပြန်လာမယ့်ကလေးကို
မျှော်နေကြတာပေါ့။
ခိုင်အေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar