မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂
◾️ဥရောပက စစ်ရိပ်စစ်ယောင်နဲ့ မြန်မာ့အရေး
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လူ့အခွင့်အရေးကိစ္စရပ်တွေမှာ ထောက်ခံအားပေးကြတဲ့ အနောက်အုပ်စုနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ အစရှိတဲ့နိုင်ငံတွေအနေနဲ့ လတ်တလောမှာ ယူကရိန်းရဲ့ စစ်ဖြစ်နိုင်ခြေရှိတဲ့ အရေးကိစ္စတွေနဲ့ ကိစ္စများနေကြတဲ့အချိန်ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှက ကျူးကျော်မှာလားဆိုတဲ့မေးခွန်းနဲ့အဖြေဟာ လတ်တလော သတင်းတွေ မီဒီယာတွေက ခန့်မှန်းကြ ရေးကြသားကြ၊ အမေရိကန်ကလည်း ရုရှက ကျူးကျော်ဖို့ နေ့ရက်နဲ့တကွ ထောက်လှမ်းရေးသတင်းရထားတယ်ဆိုတဲ့သဘောမျိုး မီဒီယာတွေကို ထုတ်ပြောထားသလို ရုရှကတော့ ဒီလိုပြောဆိုမှုတွေက အခြေအမြေမရှိတဲ့ စိတ်ကစဥ့်ကလျားပြောဆိုမှုတွေလို့ ဆိုလိုက်ပါတယ်။
ယူကရိန်းမှာသာ အကယ်၍စစ်ပွဲဖြစ်လာခဲ့ရင် သက်ရောက်နိုင်တဲ့အကျိုးဆက်က ဥရောပတခွင်လုံးလို့ ဆိုရမယ့်သဘော ရှိပါတယ်။ လစ်ဘရယ်ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ အနောက်ဥရော နိုင်ငံတွေထဲက ဂျာမဏီ၊ ဗြိတိန် စတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လုံခြုံရေးကို ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ လောင်စာသုံးစွဲမှု သဘာဝဓါတ်ငွေ့နဲ့ ရေနံတို့ကို သက်ရောက်မှုရှိစေမှာဖြစ်ပြီး ရုရှားရဲ့ သဘာဝဓါတ်ငွေ့ကို မီခိုနေရတဲ့ အနောက်ဥရောပနိုင်ငံတွေအတွက် ကြီးမားတဲ့သက်ရောက်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အစားထိုးမယ့် လောင်စာအရင်းအမြစ်ကို မြန်မြန်ဆန်ဆန်နဲ့ ရရှိဖို့ ခက်ခဲနေတဲ့အနေအထား ကုန်ကျစရိတ်တွေ မြင့်တက်လာမှာ နကိုကတည်းက ကိုဗစ်ကြောင့် နှေးကွေးနေတဲ့ စီးပွားရေးတိုးတက်မှု ကိန်းဂဏန်းတွေကို ထိခိုက်မှုရှိမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေကတည်းက ရုရှားရဲ့ စစ်အင်အား ရွှေ့ပြောင်းမှုကစတင်လိုက်တဲ့ တင်းမာမှု သံတမန်ရေးအရ စကားပြောဆိုမှု ပြေလည်မယ့်ရလဒ် မထွက်ပေါ်လာသေးတာတွေဟာ အခု ဖေဖေါ်ဝါရီလလယ်မှာ အမြင့်ဆုံးကိုရောက်ရှိလာပြီး အမေရိကန်ထောက်လှမ်းရေးသတင်းတွေက ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ကျူးကျော်မှု စတင်လိမ့်မယ်ဆိုတဲ့အခြေအနေအထိ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
ဒါက ဥရောပတိုက်က စစ်ရိပ်စစ်ယောင် ပြင်ဆင်နေကြတာတွေ စိုးရိမ်ကြတာတွေ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ဘယ်လို ဆက်စပ်သလဲဆိုရင်တော့ အကယ်၍သာ ယူကရိန်းမှာ ရုရှားနဲ့ စစ်ဖြစ်ပွားခဲ့ပြီဆိုခဲ့ရင် အမေရိကန်၊ အနောက်ဥရောပ လစ်ဘရယ်မဟာမိတ်နိုင်ငံတွေအဖို့ လအတန်ကြာ ယူကရိန်းအရေးမှာ အပြည့်အဝ အာရုံ စိုက်ကြရမယ့်သဘောလည်း ရှိပါတယ်။ ကမ္ဘာ့သံတမန်အရေး အာရုံက ယူကရိန်းအပေါ် ရောက်သွားမှာဖြစ်ပြီး မြန်မာ့အရေး အာရုံစိုက်မှုတွေ သံတမန်ဖိအားပေးမှုတွေ လျော့ကျသွားနိုင်ဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။
တနှစ်ကျော်လာပြီ ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းဟာ ကြာလာတာနဲ့အမျှ စိတ်ဝင်စားမှု ဖိအားပေးမှုတွေ လျော့ကျလာနိုင်ပြီး အခုလို ကမ္ဘာ့ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ဒေသမှာ စစ်ဖြစ်ပွားခဲ့ရင်တော့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုက အဲဒီအဖြစ်အပျက်ဆီ လအတန်ကြာ ရောက်ရှိသွားမှာသေချာပါတယ်။
မြန်မာအရေးကို နိုင်ငံတကာအာရုံစိုက်မှု အားနည်းလာခဲ့တဲ့အခြေအနေမျိုးမှာ နိုင်ငံတကာဖိအား တွန်းအားတွေထက် ပြည်တွင်းက နိုင်ငံရေးချိန်ခွင်လျှာ အားသာမှုကသာ ပိုအရေးပါလာကောင်း ပါလာနိုင်ပါတယ်။ ပြည်တွင်းရဲ့ အင်အား စည်းရုံးမှုနဲ့ ညီညွတ်မှုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ ပိုအရေးကြီးလာလိမ့်မယ်လို့ ယူဆမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar