ဖိုးရွှေညီမှိုင်း - ယုံကြည်ခြင်း
ဖိုးရွှေညီမှိုင်း
(မိုးမခ)ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂
တို့ပြေ တို့မြေမှာ
တို့ အကျဉ်းကျ
တို့အမှောင်ကျ
လရောင်က ပြပြလေး။
မြစ်ကို ဖြတ်နေဆဲ
နှစ်ခါပြန်မစီးတဲ့ မြစ်ကို ဖြတ်နေဆဲ
မြစ်ဟာ ခေတ်ပဲ
နှစ်ခါ ပြန်မလာဘူး။
၆၂
၇၄
၇၅
၇၆
၈၈
၀၇
၂၁
ခေတ်တွေ
အသစ်တွေ
ခေတ်ဟာ မြစ်ပဲ
နှစ်ခါ ပြန်မလာဘူး။
ဒီမြစ်ကြီး ဒီခေတ်ကြီးထဲ
နာနာကျည်းကျည်း ကူးနေဆဲ
နာနာကျင်ကျင် ဖြတ်နေဆဲ
နှစ် ၆၀ ဆိုတာ ခဏလေးပဲ။
နွေဦး ၆၀ ကျမှ ရောက်တဲ့ခရီး
အပြီးမသတ်သေးပေမယ့်
ကမ်းကို မြင်နေပြီ
လမ်းလည်း မြင်နေပြီ။
ဒီခေတ် ဒီမြစ်ကို
တို့ဖြတ်ကြ ကူးကြမယ်
အောင်ပွဲကို ယုံရဲသူတွေသာ
ကြည်ပါတယ်
အရုဏ်ဦးက နီပါတယ်။
၂၀၂၂ ဖေဖော်ဝါရီ ၁၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar