ကိုကျော်(မြစ်ကြီးနား) — ယူကရိန်း အကျပ်အတည်း နောက်ဆုံးသတင်း
ကိုကျော်(မြစ်ကြီးနား) — ယူကရိန်း အကျပ်အတည်း နောက်ဆုံးသတင်း
ရုရှားသမ္မတ ပူတင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ တနင်္လာနေ့မှာ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ယူကရိန်းအရှေ့ဘက်ခြမ်းမှ ခွဲထွက်ဒေသ ၂ ခု Donetsk (DPR) နဲ့ Luhansk (LPR) တို့အား လွတ်လပ်နယ်မြေအဖြစ် အသိအမှတ်ပြုကြောင်းနှင့် ချစ်ကြည်ရင်းနှီးမှု အပြန်အလည်ကူညီမှု သဘောတူစာချုပ်ကို ခွဲထွက်ခေါင်းဆောင်များနဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
Donetak နဲ့ Luhansk တို့မှာ ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုအမိန့်ကို အမေရိကန်သမ္မတ ဘိုင်ဒန်မှ လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး နောက်ထပ် စီးပွားရေးဒဏ်ခတ်မှုများ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပူတင်မှ ယူကရိန်း ခွဲထွက်ဒေသနှစ်ခုမှာ ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ အကြောင်းပြချက်နဲ့ ရုရှားစစ်တပ်များ ဝင်ရောက်ခိုင်းဖို့ အမိန့်ပေးလိုက်ပါတယ်။ ပူတင်က ခွဲထွက်အုပ်စု ၂ ခုတို့ရဲ့ ခေါင်းဆောင်များ နဲ့ လက်မှတ်ရေးထိုးခဲ့တာကြောင့် DPR နဲ့ LPR ဒေသတို့မှာ ရုရှားစစ်အင်အားတိုးချဲ့ဖို့ အခွင့်အရေးရှိတယ်လို့ ပြောပါတယ်။
DPR နဲ့ LPR ဒေသနှစ်ခုကို လွတ်လပ်နယ်မြေအဖြစ် ပူတင်မှ အသိအမှတ်ပြု လက်မှတ်ထိုးလိုက်တာကြောင့် ဘိုင်ဒန် နဲ့ ပူတင်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြားသွားနိုင်တယ်လို့ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
ဗြိတိန်မှလည်း ရုရှားအား စီးပွားရေးပိတ်ဆို့မှုများ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ရုရှားမှ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး အကျိုးအမြတ်ရဖို့ အခွင့်အရေးကို လက်မခံငြင်းဆန်ကြောင်းအမိန့်ကို ဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ယူကရိန်း အပါအဝင် မဟာမိတ်အုပ်စုများနှင့် နီးကပ်စွာ ဆွေးနွေးတိုင်ပင်သွားမယ်လို့ ပြောသွားပါတယ်။
ကနေဒါနိုင်ငံမှ ရုရှားအပေါ် ဒဏ်ခတ်မှုများပြုလုပ်သွားဖို့ ပြောဆိုတိုင်ပင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောကြားပါတယ်။
ရုရှားမှ ထပ်မံကျုးကျော်မှုများ ပြုလုပ်လာပါက ယူကရိန်းသမ္မတ ဇီလန်းစကီးအား မြို့တော် Kyiv မှ ယူကရိန်းအနောက်ခြမ်း Lviv မြို့သို့ ရွှေ့ပြောင်းသွားဖို့ အမေရိကန်အရာရှိများက အကြံပေးပြောကြားခဲ့ကြောင်း သိရပါတယ်။
ဥရောပတိုင်းပြည်များမှ ရုရှားအပေါ် မြန်ဆန်တဲ့ဒဏ်ခတ်မှုများ ချမှတ်ဖို့ Estonia, Latvia နဲ့ Lithuania နိုင်ငံတို့မှ တိုက်တွန်းခဲ့ပါတယ်။
(မှတ်ချက်။ ။ ရုရှားတပ်များ ယူကရိန်း ခရိုင်မီးယားဒေသ (Crimea) ကို ၂၀၁၄ မှာ ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက်မှာပဲ ယူကရိန်းအရှေ့ဖက်ခြမ်း (ရုရှားနိုင်ငံမြောက်ဖက်နယ်စပ်နှင့် ထိတွေ့သည့်နေရာ) မှာ ရုရှားကျောထောက်နောက်ခံ ခွဲထွက်အုပ်စုများ နဲ့ ယူကရိန်းစစ်တပ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လွတ်လပ်နယ်မြေ DPR (Donetsk People Republic) နဲ့ LPR (Luhansk People Republic) အဖြစ် ကြေညာခဲ့ပေမဲ့ နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။
ယူကရိန်း နဲ့ အနောက်နိုင်ငံများက အရှေ့ဘက်ခြမ်း ဆူပူအုံကြွမှုကို ရုရှားတို့က လှုံ့ဆော်ခဲ့ပြီး၊ စစ်လက်နက်များ နဲ့ ရုရှားကြေးစားတပ်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းအရှေ့ဘက်ခြမ်း မတည်မငြိမ်ဖြစ်နေမှုကို ၂၀၁၅ ခုနှစ်မှာ Minsk သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့ပေမဲ့ တဖက်နဲ့တဖက် ပစ်ခတ်ရန်စမှုတွေ လုပ်ခဲ့လို့ စွပ်စွဲခဲ့ကြပါတယ်။ လက်ရှိအချိန် DPR ခေါင်းဆောင်က Denis Pushilin ဖြစ်ပြီး၊ Leonid Pasechnik က LPR ခေါင်းဆောင်တို့ ဖြစ်ကြပါတယ်။ ယူကရိန်းစစ်တပ် နဲ့ ခွဲထွက်အုပ်စုကြား ပဋိပက္ခအတွင်း လူပေါင်း ၁၄၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
ကိုကျော်(မြစ်ကြီးနား)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar