Breaking News

ဆားပုလင်းသာပိန် - အိပ်ချင်မူးတူး ကြင်စိုးနှင့် ပီဇာ စပိုက်စီ ကာရာအိုကေမီတင်

ဆားပုလင်းသာပိန် - အိပ်ချင်မူးတူး ကြင်စိုးနှင့် ပီဇာ စပိုက်စီ ကာရာအိုကေမီတင်
(မိုးမခ) ဧပြီ ၉၊ ၂၀၂၂

ဒီကိစ္စက ဒီအတိုင်းထားပြီး လက်ပိုက်ကြည့်နေလို့တော့မရ၊ တခုခုတော့ လုပ်ရပေမည်။ခက်သည်က ဘာက စလို့ ဘာကိုလုပ်ရမည်ကို မသိလေတော့ ညကျရင် အစည်းအဝေးလာတက်ကြလို့ ပြောလိုက်သည်။ လူစုံပြီ ဆိုတော့ ကြင်စိုးက စားပွဲထိပ်မှာရှိသည့် သူ့အရပ်အမောင်းအတွက် အဆင်ပြေအောင် တမင်မြှင့်ထားပေးရသော ထိုင်ခုံတွင် မိန့်မိန့်ကြီးထိုင်ပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်။ 

ပြီးတော့ ’ဒီအတိုင်းဆိုရင် ‘ကြည်း၊ ရေ၊ လေ’ ဆိုတဲ့စာလုံး နေရာအားလုံးမှာ ‘လေ’ ကို ဖြုတ်ရမယ့်ကိန်းပဲ’ လို့ဆိုကာ ကဲ ဝိုင်းပြီးအကြံပေးကြဦး’ ဟုပြော၍ အဆုံးသတ်လိုက်သည်။ ခက်တာက ဉာဏ်ရည်တူများဆိုတော့လည်း ဘာမှရေးရေးရာရာ ဖြစ်ဖြစ်မြောက်မြောက် မစဉ်းစားတတ်ကြ၊ အနီးအနားကလူနှင့်သာ ဟိုပြော ဒီပြောလုပ်နေကြသည်။

ကြင်စိုးကို ခွာရာတိုင်းချင်နေသော လက်ဖက်ခြောက်က ဒါဟာသူ့အတွက် အကွက်ပဲလို့မြင်သည်။ ကြင်စိုးအပါအဝင် ဘယ်သူကမှ လေသံဟဟတောင် ထပ်ထွက်မလာတော့ ‘စဆရက’ လုပ်ချင်တဲ့စိတ်ကို ထိန်းမရပဲ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ပါးစပ်က တခုခုထွက်ရင် အားလုံးထက်သာလေပြီဟု တွေးကာ ..
‘ဘာမှလုပ်စရာမလိုပါဘူး။ လေယာဉ်တွေ တစ်စီးမှမကျန်တော့ရင် အသစ်ထပ်ဝယ်၊ ပြီးတော့ အရင်လို စျေးလည်း ပိုတင်၊ ပွဲခလည်း ဝိုင်းပြီးဖြတ်ခုတ်ကြတာပေါ့’ ဟု ဆိုလိုက်သည်။ ကိုယ်ကသာ ဉာဏ်ရည်နိမ့်ကျနေပေမယ့်၊ အိုင်ကြူ မတိမ်းမယိမ်း အချင်းချင်း အထင်မကြီးတတ်သူများဆိုတော့ အားလုံးက ခေါင်းခါ ခေါင်းယမ်း လုပ်နေကြသည်။

‘ငှက်ကင်ပြဿနာကတမျိုး၊ အခုလို ဒေါ်လာသိန်းချီပေးဦးမယ်ဆိုတော့ မောင်းပြေးကြမှာ မြင်ယောင်မိသေးတယ်။ လေယာဉ်လည်းတစီးမှ မကျန်၊ အသက်ကလည်း (၆၂) နှစ်မပြည့်သေးဆိုတော့ ရထားတဲ့ရာထူးက ဘယ်နေရာမှာ ဘာသွားလုပ်ရတော့မှာလဲ’

ဟုတ်တော့လည်းဟုတ်ပေသည်၊ ‘လေချုပ်’အတွက် ပြဿနာကလည်း မသေး၊ သူ၏တီးတိုးရေရွတ်သံကြားရတော့ အနားကပ်ထိုင်နေသူတစ်ယောက်က ‘လေထိုးကျွတ်ဖာ ဆိုင်ဖွင့်ရင်ဖွင့်၊ ဒါမှမဟုတ် လေချုပ်ဝမ်းချုပ် ပျောက်ဆေး ဖေါ်ရောင်းရင်ရောင်း၊ ခင်ဗျားက လေနဲ့အကျိုးပေးတဲ့သူပဲ’ဟု ဝင်ပြောလိုက်သည်။

တဖြည်းဖြည်းနှင့် ညစာစားချိန်နားကပ်လာတော့ ဘာအကြံဉာဏ်မှ ထွက်မလာသေးတဲ့အတူ၊  စားကြ သောက်ကြဖို့သာ ဟန်ပြင်ကြကုန်လေသည်။ ကြင်စိုးကိုယ်တိုင်လည်း ဆာသလိုလို ဖြစ်လာတော့ ‘ကဲ စားချင် တာမှာကြကွာ၊ စားပြီးမှ ဆက်စဥ်းစားကြတာပေါ့’ဟု ဆိုလိုက်သည်။

‘ပီဇာစားမယ်’ 
‘စပိုက်စီ’လည်း ထည့်မှာဦး>
အခုကျမှ လူစုံတက်စုံ အသံတွေထွက်လာကြသည်။ ဤတွင် ‘လက်ဖက်ခြောက်’ က တစခန်းထကာ ‘စဆရက’ ဝင်လုပ်ပြန်တော့သည်။

‘ပီဇာတွေ စပိုက်စီတွေ မလုပ်နဲ့လေ၊ ဆန်ကြမ်းနဲ့ မလဲနိုင်ဘူးလို့ပြောထားတာ မမေ့ကြနဲ့’

သူ့ကိုကျော်ပြီး ဝင်ဝင်ဆရာလုပ်နေတဲ့ လက်ဖက်ခြောက်ကို ကြင်စိုးမြင်ပြင်းကပ်လာသည့်အတွက် ...
‘ငါတို့ထဲမှာ ဆန်ကြမ်းစားတဲ့သူ ဘယ်သူပါလဲ၊ လက်ထောင်’ ဟု ဆိုလိုက်သည်။ တစ်ယောက်မှမထောင်ကြ။
‘ဒါဆိုပြီးရော၊ ဆန်ကြမ်းစားတဲ့သူတွေက မလဲနိုင်ဘူးလို့ ပြောကြတာ၊ ‘ငါတို့တတွေက ဆန်ကြမ်းမစားတော့ ငါတို့နဲ့ မဆိုင်ဘူး၊ ပီဇာ၊ စပိုက်စီမှာလိုက်’ ဟု လက်ဖက်ခြောက်ကို မှတ်ပြီလားဆိုသည့် အကြည့်နှင့်ကြည့်ကာ ဝင်ဆုံးဖြတ်ပေးလိုက်သည်။

စားပြီးသောက်ပြီးသည့် သကာလမှာလည်း ဘယ်သူ့ဆီက ဘာအကြံဉာဏ်မှထွက်မလာ၊ ဟိုလိုလို ဒီလိုလို လုပ်နေသူကလုပ်၊ ဗိုက်တင်းပြီး အိပ်ငိုက်သူကငိုက် ဖြစ်လာကြသည်။ လက်ဖက်ခြောက်ဆီက နောက်တစ် ကြိမ် အသံထပ်ထွက်လာပြန်သည်။

’အိပ်မငိုက်အောင် ကာရာအိုကေဆိုကြရအောင်’

ကျန်သူအားလုံးက ဟေးကနဲ၊ ဟားကနဲလုပ်ကာ ဝိုင်းထောက်ခံကြသည်။ အစည်းအဝေးဆက်မလုပ်ရရင်ပြီးရောဆိုသည့်သူက ခပ်များများဆိုတော့။

လက်ဖက်ခြောက် ဘာပြောပြော ဘာလုပ်လုပ် အချိုးမပြေဟု ထင်မိသော်လည်း၊ ဒီတခါတော့ ကြင်စိုးကိုယ်တိုင် မျက်စိလေးလာသလို ဖြစ်နေ၍ ကာရာအိုကေဆိုဖို့ ခွင့်ပေးကာ မဲလုံးကို စီစဉ်ခိုင်းလိုက်သည်။ ထုံးစံအတိုင်း တစ်ယောက်တစ်ပေါက် အသံကွဲ၊ အသံပြဲများဖြင့် ဆိုနေကြသည်။

အိပ်မပျော်မိအောင်ကြိုးစားပြီး အိပ်ချင်မူးတူးစိတ်ကို အတတ်နိုင်ဆုံး ထိန်းထားသည့်ကြားက၊ ကြင်စိုး တချက် တချက်လွတ်သွားကာ အိပ် ငိုက်သွားခဲ့လေသည်။ သို့သော် ကြာကြာအိပ်ခွင့်မရ၊ သူမှေးကနဲဖြစ်သွားတာကို မြင်သည်နှင့် လက်ဖက်ခြောက်က ‘မိုက်ခွက်’ ကို လုယူပြီး

♪ ငါလည်းအိပ်ချင်ပြီ၊ နင်လည်းအိပ်တော့လေ♬
♪ ငါလည်းအိပ်ချင်ပြီ၊ နင်လည်းအိပ်တော့လေ♬
♪ ငါလည်းအိပ်ချင်ပြီ၊ နင်လည်းအိပ်တော့လေ♬
♫အိပ်ချင်ပြီ၊ အိပ်ချင်ပြီ၊ အိပ်ချင်ပြီ♪
♫အိပ်ချင်ပြီ၊ အိပ်ချင်ပြီ၊ အိပ်ချင်ပြီ♪
♫အိပ်ချင်ပြီ၊ အိပ်ချင်ပြီ၊ အိပ်ချင်ပြီ♪
♪မျက်လုံးများလေးလို့ အိပ်ချင်နေပါပြီ♬

ကာရာအိုကေစက်၏အသံကိုလည်း အမြင့်ဆုံးမြှင့်ကာ ကြင်စိုးမျက်နှာကို တည့်တည့်ကြည့်ပြီး လန့်နိုးအောင် တမင်အော်ဆိုလေသည်။ ရင်တုန်ပန်းတုန်နှင့် နှလုံးဖောက် ကိစ္စချောစေလိုဟန်ရှိသည်။ ဘေးမှအိပ်ငိုက်နေသူများကလည်း အစည်းအဝေးကို အဆုံးသတ်ကာ အိမ်ပြန်အိပ်ချင်နေကြသည်မို့ လက်ဖက်ခြောက်နှင့်အတူလိုက်၍ ♪ငါလည်းအိပ်ချင်ပြီ၊ နင်လည်းအိပ်တော့လေ♬ ကြသည်။

ကြင်စိုးဆန္ဒအရဆိုရင် အကြံဉာဏ်တခု မရမချင်း၊ အစည်းအဝေးကို မပြီးလိုသေး။ သို့သော် ဤသီချင်းသံ ကြားတိုင်း ‘အိပ်ချင်ပြီ’ ‘အိပ်ချင်ပြီ’ ဆိုတာမျိုးကိုသာ သူအာဏာသိမ်းချိန်မှာ မယ်မယ်ရရသီချင်း လုပ်လွှင့် နေရသည့်သူ့အဖြစ်ကို ရင်ထဲနာကျင်မိကာ မချိတင်ကဲဖြစ်ရလေသည်။ 

အရင်တစ်ခေါက်တုန်းကဆို ပီပါကိုမတာလား၊ ပါပီကိုမတာလား ကောင်းကောင်း မမှတ်မိတော့‌သော်လည်း၊ အဲဒီလိုပေါ်လစီသီချင်းများကို နံမည်ရအဆိုတော်များက ဝိုင်းဆိုပေးကြတာ သတိရမိသည်။ အခု သူအိပ်ငိုက် သွားလေတိုင်း လက်ဖက်ခြောက်တို့တတွေ ထပ်ခါထပ်ခါ ‘အိပ်ချင်ပြီ၊ အိပ်ချင်ပြီ’ လုပ်သည်ကို ထပ်ကြားချင် စိတ်မရှိ၊ နားကြားပြင်းကပ်လာသည့်အတွက် အစည်းအဝေးကို ပြီးပေးလိုက်သည်။

အားလုံးပြန်သွားပြီးသည့်နောက် မဲလုံးနှင့်ဆရာတပည့်နှစ်ယောက် စဥ်းစားခန်းဆက်ဝင်ကြသည်။ အတန်ကြာသောအခါ မဲလုံးက ‘ဇလန်းစကီး’တစ်ယောက် မစ် (၂၉) လေယာဉ်တွေရှာနေတယ် ကြားတယ်၊ သူ့ကို အနောက် အုပ်စုကပေးထားတဲ့ ဒေါ်လာတွေက မနည်းမနောပဲ၊ ကျွန်တော်တို့ လက်ထဲမှာ ငှက်ကင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဆုကြေးပြေးထုတ်မယ့် ငှက်ပြေးဖြစ်သွားမယ့်အတူ သူ့ကိုစျေးညှိပြီး ရောင်းစားလိုက်ရရင် မကောင်းဖူးလား’ ဟု ပြောလာသည်။

ကြားခါစက ဟုတ်သလိုလိုရှိပြီး ကြင်စိုးဝမ်းသာမိလိုက်သေးသည်။ ပြီးမှ ‘ဖြစ်မယ်မထင်ပါဘူးကွာ၊ ငါတို့က ပူတင်ကို ထောက်ခံတယ်လို့ စောစောစီးစီးကတည်းက ပြောထားမိတာ၊ တော်ကြာငါ့ကို ယူကရိန်းလို ’မအလ’ ဆိုပြီး ဆဲလွှတ်နေဦးမယ်’

‘ဘာဖြစ်လဲအဘရာ၊ ဒီမှာလည်း အဘကို တနိုင်ငံလုံးက’မအလ’နေကြတာပဲ၊ ‘ဇလန်းစကီး’ က ‘မအလ’ လိုက်ရင်လည်း သည်းခံလိုက်ပေါ့၊ တစ်ယောက်တိုးပြီး အဆဲခံရတာ အဘအတွက် ဘာများပိုဆိုးသွားမှာလဲလို့’။

ကြင်စိုးတစ်ယောက် မဲလုံးအပြောကို နားထောင်ပြီး စိတ်အားတက်ရမှာလား၊စိတ်အားငယ်ရမှာလားမသိ ဖြစ် သွားမိသည်။ ပြီးတော့မှ ‘အေးကွာ၊ မနက်ဖြန်ကျမှ ဆက်စဥ်းစားကြတာပေါ့’ ဟုဆိုကာ ဆရာတပည့် နှစ် ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ♪ငါလည်းအိပ်ချင်ပြီ၊ နင်လည်းအိပ်တော့လေ♬ဟု သံ ပြိုင် သီဆိုကြရင်း အစည်းအဝေးခန်းမထဲက ထွက်သွားလေကြပါတော့သည်။   

ဆားပုလင်းသာပိန်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar