မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၃ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၂
ဧပြီလ ၁၃ ရက် - နိုင်ငံရေး စစ်ရေးနဲ့ စီးပွားရေး တနှစ်တာ
စစ်အာဏာသိမ်းပြီးနောက်မှာ တနေ့တာ ကြားရ သိရ မြင်ရတဲ့ နိုင်ငံ့အရေး လူတွေရဲ့အရေး တွေ့ရ မြင်ရတာ တွေးမိတာတွေကို ရေးခြယ် ဝေမျှတဲ့ ကဏ္ဍအဖြစ် မြင်ကွင်းကဏ္ဍကို ရေးခဲ့တာ တနှစ်နဲ့ သုံးလနီးပါး ဖြစ်လာပြီ ဖြစ်ပါတယ်။
စိတ်လှုပ်ရှားဖွယ်ရာ စိတ်အားတက်ကြွဖွယ်ရာတွေ ရှိသလို ရင်ထဲ မခံစားနိုင်လောက်တဲ့ ရက်စက်မှုတွေ အသက်ဆုံးရှုံးမှုတွေ နေအိမ် မြို့ ရွာတွေ ပျက်စီးရတဲ့အဖြစ်တွေ လူပေါင်းထောင်သောင်းချီ မြို့ရွာ စွန့်ခွာထွက်ပြေးရတဲ့ အဖြစ်အပျက်တွေလည်း ရေးခြယ်ပြရတဲ့အခါ ခံစားမှုမကောင်းစွာနဲ့ ခံစားမှုကို အသိဉာဏ်သတိထားပြီး ရေးသားဝေမျှဖို့ ကြိုးစားခဲ့ရတဲ့အခါတွေလည်း အများအပြားရှိခဲ့ပါတယ်။
ယမန်နှစ် အစပိုင်းလတွေ ဖြစ်တဲ့ ၂၀၂၁ ခု မတ်လ ၊ ဧပြီလ ၊ မေလ ကာလတွေဟာ ခံစားမှုအမြင့်တက်ဆုံး ကာလတွေလို့ ဆိုရလိမ့်မယ် ထင်ပါတယ်။ လူတွေ အသက်ဆုံးရှုံးရတာတွေ စောင့်ကြည့် မှတ်တမ်းတင်နေရတဲ့ သဘောမျိုးဖြစ်ခဲ့ပြီး ဘာကြောင့် ဒီလို အဖြစ်အပျက်တွေ ဖြစ်နေရတာလဲ၊ ဒီလို ဖြစ်ရပ်တွေကို ဘယ်လို တားဆီးနိုင်မလဲ စတဲ့အတွေးတွေက နေ့စဥ်မြင်ကွင်းကို ရေးသားနေတဲ့ အခါတိုင်းမှာ ပေါ်လာနေပြီး အဖြေကတော့ ရှာမရခဲ့ပါဘူး။
နိုင်ငံရေးအရ အနိုင်ရဖို့ ကြမ်းတမ်းစွာ နှိပ်ကွပ်မှုတွေ၊ ဖမ်းဆီးမှု အသက်ဆုံးရှုံးသည်အထိ နှိပ်စက်မှုတွေက လက်နက်နဲ့ ပြန်လည်တိုက်ခိုက်ဖို့ လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့ တုံ့ပြန်ဖို့စေ့ဆော်ခဲ့တာလည်း ဖြစ်ပြီး မနှစ် မေလ၊ ဇွန်လ နောက်ပိုင်းမှာတော့ ပေါက်ကွဲမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ လက် နက်ကိုင် တိုက်ခိုက်မှုတွေ အရှိန်အဟုန်နဲ့ များပြားလာခဲ့တာ ဖြစ်ပါတယ်။
မြို့တွေမှာ လက်နက်ကိုင် အစောင့်တွေချထားတဲ့ လမ်းဆုံတွေ၊ လက်နက်ကိုင် တပ်ဖွဲ့ကင်းလှည့်တဲ့ ကားတွေကို ဗုံးခွဲတာ ပစ်ခတ်တိုက်ခိုက်တာတွေ ရန်ကုန် မန္တလေးမြို့တွေမှာ အဲဒီကာလက စလို့ အဆက်မပြတ် ဖြစ်ပွားခဲ့တာ အခုအချိန်ထိ ဖြစ်ပါတယ်။ အစောပိုင်းကာလ အုပ်ချုပ်ရေးမှူးရုံးတွေ မီးတင်ရှို့ခဲ့ပြီး ရန်ကုန် မန္တလေးနဲ့အချို့မြို့ကြီးတွေမှာ ဆက်တိုက်ဆိုသလို တနေရာပြီးတနေရာ ဖြစ်ပွားခဲ့တာပါ။ ရုံးတွေ မီးရှို့တာနဲ့ တပြိုင်နက်ထဲ အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ပါ လုပ်ကြံသတ်ဖြတ်တဲ့ နည်းဗျူဟာကို မြို့နဲ့ ရွာတွေက PDF / ပြောက်ကျားတွေက ဆက်လက်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားတွေကို သေဒဏ် အပြစ်ပေးလုပ်ကြံသတ်ဖြတ်တဲ့အပေါ် အနည်းငယ်သော နိင်ငံရေးအကဲခတ်သူတွေက ဝေဖန်ခဲ့ကြပေမယ့် NUG လို CRPH, NUCC စတဲ့ အဖွဲ့တွေကတော့ ဒီလိုလုပ်ကြံသတ်ဖြတ်မှုတွေ အပေါ် တားဆီးတာ ရှုတ်ချတာ မလုပ်ကြပါဘူး။ ဒလန် သို့မဟုတ် သတင်းပေးဆိုတဲ့ စွပ်စွဲမှု၊ ယူဆမှုနဲ့ ရှင်းလင်းခဲ့ကြတာ ယနေ့ထက်ထိ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
နယ်မြေစိုးမိုးဖို့ ရည်ရွယ်ချက်နဲ့ လွတ်မြောက်နယ်မြေ အဖြစ်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တိုင် းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မဟာမိတ်လုပ်ပြီး သော်လည်းကောင်း စစ်ရေးလေ့ကျင့်မှု လက် နက်အကူအညီစတာတွေအထိ လက်ခံယူပြီး စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်မှု စတင်ခဲ့ကြတဲ့ ပြည်နယ်တွေ တိုင်းတွေအထဲမှာ ချင်းပြည်နယ် ကချင်ပြည်နယ် နဲ့ ကယားပြည်နယ်က အစောဆုံးလို့ ဆိုရပါလိမ့်မယ်။ ချင်းပြည်နယ် ကလေးနဲ့ မင်းတပ်၊ ကယားပြည်နယ် မိုးဗြဲ၊ ဒီးမော့ဆို၊ ဖယ်ခုံ တို့မှာ လက် နက်ကိုင်တိုက်ပွဲတွေ အစောဆုံးဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် စစ်ကိုင်းတိုင်းရဲ့ မြို့နယ်တွေမှာ တခုပြီးတခု ဒေသက မိမိတို့ဘာသာ မိမိတို့ဖွဲ့ကြပြီး တူးမီးသေနတ်လို လက်လုပ်သေနတ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ကြတာတွေ ယမန်နှစ် နှစ်လယ်လောက်က စတင်ခဲ့ရာမှာ ပိုမိုကျယ်ပြန့်လာပြီး အခုချိန်အထိ ဆယ်ဂဏန်းနဲ့ချီတဲ့ မြို့နယ်တွေမှာ ဒေသဖွဲ့ PDF တွေ ဖွဲ့စည်းထားပြီး မိုင်းခွဲမှုတွေတိုက်ခိုက်မှုတွေ စစ်ကောင်စီရဲ့ လက်စားခြေ သတ်ဖြတ်မှု မြေလှန်မှုတွေ ဖြစ်ပေါ်လာတာ လည်းဖြစ်ပါတယ်။
ဒါတွေက စစ်ရေးဖြစ်ရပ်တွေ ဖြစ်ပြီး နိုင်ငံရေးအနေနဲ့တော့ အာဆီယံရဲ့ ကြားဝင်ဖြေရှင်းဆောင် ရွက်မယ့် အစီအစဥ်တွေက ယမန်နှစ် ဧပြီ ဂျာကာတာ မြို့အစည်းအဝေးမှာ ကတိပေးခဲ့တဲ့ အာဆီယံ သဘောတူညီမှု ၅ ချက်ဟာ တနှစ်ပြည့်လုနီးပါး အချိန်ကြာတဲ့အထိ အကောင်အထည် မပေါ်နိုင်ခဲ့ပါဘူး။ သံရေးတမန်ရေး ကြားဝင်ဆောင်ရွက်မှု တခုမျှ ခုချိန်ထိ အကောင်အထည်မပေါ်နိုင်သလို လက်ရှိလက်နက်ကိုင် ပဋိပက္ခကိုပြေလည်အောင် ဆောင်ရွက်နိုင်မယ့် အလားအလာ မမြင်ရသေးဘူးလို့ ဆိုရမှာပါ။
စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို PR စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ စည်းရုံးလုပ်ဆောင်တာ ၂၀၂၃မှာ ကျင်းပမယ်ဆိုတဲ့ ရွေး ကောက်ပွဲအတွက် မဲစာရင်းစိစစ်ဖို့လိုကိစ္စတွေ စတင်နှိုးဆော်တာ၊ နိုင်ငံရေးပါတီတွေရဲ့ ရသုံးငွေ စာရင်းစစ်ဆေးဖို့ ဆင့်ခေါ်ပြီး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြသတာတွေ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ အဓိကအင်အားကြီးပါတီတွေထဲက NLD နဲ့ SNLD တို့ထဲက အချို့သောပါတီခေါင်းဆောင်တွေနဲ့ စစ်ကောင်စီတို့၏ ဆက်ဆံရေးတစုံတရာ ထိစပ်ထားနိုင်မှုတွေကိုလည်း အကဲ ခတ်တွေက စောင့်ကြည့်နေကြပါတယ်။
နိုင်ငံတကာ သံရေးတမန်ရေး နယ်ပယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ တနှစ်ကြာသည်အထိ နေရာမရသေးဘဲ အာဆီယံအစည်းအဝေးတွေမှာ မဖိတ်ဖို့ အများက ဆုံးဖြတ်ခဲ့ကြသလို ကုလသမဂ္ဂမှာလည်း NUG ဘက်က သံအမတ်ကို ဆက်လက်နေရာပေးထားဆဲ ဖြစ်တာတွေ့ရပါတယ်။ ဒါကလည်း အချိန်သတ်မှတ်ချက်တစုံတရာရှိတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ အီးယူဘက်က လွှတ်တော်တွေ ကော်မီတီတွေက NUG ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ မြင်သာမှု ရှိလာသည့်နည်းတူ အမေရိကန်က လွှတ်တော်အဆင့် ကော်မီတီအဆင့်တွေမှာ NUG ခေါင်းဆောင်တွေ တွေ့ဆုံကြတာကိုလည်း စတင် မြင်တွေ့ကြရပါတယ်။ ယူကရိန်း-ရုရှား စစ်ပွဲအပေါ် တလအတွင်း အမေရိကန်နဲ့အီးယူတို့ စွက်ဖက်မှုနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်တွင်းစစ် ပဋိ ပက္ခနဲ့ ဒေသတွင်းဆိုင်ရာအကြပ်အတည်းကို တနှစ်တာကာလအတွင်း တုံ့ပြန်ပုံဟာ အများကြီး ခြားနားတယ်ဆိုတာတော့ ဝန်ခံရမှာ ဖြစ်ပါတယ်။
ကုန်လွန်ခဲ့တဲ့ ၁ နှစ်တာကို စစ်ရေးအရကြည့်ရင် နွေဦးတော်လှန်ရေးဘက်က အသာစီးရတယ်လို့ မပြောနိုင်သေးဘဲ လူထုရဲ့ သူတို့ဘာသာ သူတို့ ဖွဲ့စည်းခုခံရေးအဖွဲ့တွေ အသီးသီး သဘာဝအတိုင်း ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သူတို့တွန်းလှန်စစ်တွေထဲမှာ ဗဟိုကချုပ်ကိုင်မှု အမိန့်ပေးမှုရှိတဲ့ လက်နက်ကိုင်အဖွဲ့၊ ကိုယ်ပိုင်လွတ်မြောက်နယ်မြေရှိတဲ့ နကို EAO တွေ သိသာထင်ရှားစွာ မပါဝင်သေးပါဘူး။ နွေဦးတော်လှန်ရေးက ပေါ်ထွက်လာတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေကနေ ဗဟိုအင်အားတခုထည်းအဖြစ် စုဖွဲ့နိုင်ဖို့ ဦးတည်ကောင်း ဦးတည်လာနိုင်တဲ့ ဖြစ်စဥ်အဆင့်မှာပဲရှိပါသေးတယ်လို့ အကဲဖြတ်ရမယ့်အနေအထား ဖြစ်ပါတယ်။
စီးပွားရေးမှာတော့ တိုင်းပြည်ရဲ့ သယံဇာတနဲ့ ဘဏ္ဍာအရင်းအမြစ်ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေကလွဲလို့ ကျန်နေရာတွေမှာတော့ လည်ပတ်အောင် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေတာတွေ့ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကိုယ် တိုင်က မြန်မာပြည်၏ ရင်းမြစ်နဲ့ ထုတ်ကုန်သွင်းကုန်အပေါ်မှာ တစုံတရာလက်ခံထားကြတာ၊ ဆက်ဆံရေး ထိန်းသိမ်းထားတာကို မြင်တွေ့ကြရပါတယ်။
နိုင်ငံရေး ယုံကြည်မှု ပျက်ပြားရာက စတင်လိုက်တဲ့ ငွေသားအကျပ်အတည်း၊ ငွေတန်ဖိုး စံချိန်တင်ကျဆင်းမှု စတဲ့ ဂယက်တွေက စစ်ကောင်စီကို နိုင်ငံရေးအရ ထိခိုက်စေသလို လူထုအဖို့လည်း ဝင် ငွေ အလုပ်အကိုင် ကျဆင်းချိန်မှာ ပိုက်ဆံက တန်ဖိုးလျော့ကျလာတဲ့ ပြဿနာကို ထပ်ဆင့်ရင်ဆိုင်ကြရတဲ့ အနေအထားမျိုးလည်း ဖြစ်တာတွေ့ရပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာလေလေ ပြည်ပထွက်အလုပ်လုပ်မယ့်သူ အရေအတွက်ကို သိသိသာသာ တိုးများလာလေလေ ဖြစ်တာတွေ့ရမှာပါ။ ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးဝင်သူ ဆယ်ဂဏန်းကနေ ရာဂဏန်း နေ့စဥ်ဖမ်းဆီးခံနေရတဲ့သတင်းတွေကို ကြည့်ရင် မှန်းဆနိုင်ပါတယ်။ ပြည်တွင်းစစ်ပိုကျယ်ပြန့်လာနေခြင်းက အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုလျော့ကျလာစေမှာဖြစ်ပြီး လုံခြုံရေးအာမခံချက်မရှိတဲ့နိုင်ငံတနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်လာဖို့ အလား အလာမရှိသလောက် ဖြစ်ပြီး အောက်စျေးနဲ့ အောက်ကြေးရလို့ အခွင့်အလမ်းအဖြစ် လုပ်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးသာ ဝင်လာမှာ ဖြစ်ပါတယ်။
ဒီလို စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး တနှစ်တာ အဖြစ်အပျက်တွေ လှမ်းမျှော်ကြည့်ချက်တွေကို ပရိသတ်ကိုလည်း တင်ပြရင်း ခေတ်ပြိုင်သမိုင်းကို မှတ်တမ်းတင်မှုအဖြစ်လည်း ရည်ရွယ်ရင်း အနီးကြည့် အဝေးကြည့်နဲ့ ဒီကဏ္ဍကနေ ဆက်လက် တင်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar