Breaking News

နေသွင်နိုင်း - အိမ်မပျံတဲ့ ကြယ်

အိမ်မပျံတဲ့ ကြယ်
နေသွင်နိုင်း
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၂

ငယ်ငယ်က ပျံနေတဲ့လေယာဥ်တွေကြည့်ပြီး
ပျော်ရွှင်ခဲ့ရတယ်ဆိုတာ သေဆုံးသွားတဲ့ ပုံပြင်ပါ။

အိမ်ပြန်ချင်လို့ အိမ်နဲ့အဝေးဆုံး
ထွက်ခွာခဲ့​ကြတဲ့ ကြယ်များအကြောင်း
နွေဦးရဲ့သမိုင်းသစ် ရေးတဲ့အခါ
ခြေစုံရပ်ထားတဲ့​မြေကြီးနဲ့ စကားပြောပါ
မွန်မြတ်ခြင်းအကြောင်း တိုင်တည်ပါ
ကိုယ်စိတ်နှလုံး သန့်စင်ပါ။

ရန်သူဦးခေါင်းကို နင်းချေပြီးတဲ့အခါ
လူသေတွေက ပျော်ရ
လူသေတွေက ရယ်ရ
မနက်အိပ်ရာထ မျက်နှာသစ်ရခြင်းအလုပ်ဟာ ရှင်သန်မှုဖြစ်ကြောင်း 
ဦးခေါင်းကိုစမ်းပြီး ခရီးဆက်ကြ။

မျက်ရည်တွေ အငွေ့ပျံတဲ့အခါ
မိုးအဖြစ်ရွာကျတတ်ပါသလား
မိုးထဲလေထဲမှာ
လက်သီးကို ဆုပ်ထား
ကျောက်တုံးကိုတွန်းထား
ဘယ်တော့မှအိမ်ပြန်မလာတော့တဲ့
သူငယ်ချင်းတွေအကြောင်း ပန်းပွင့်တွေနဲ့စကားပြောတဲ့အခါ
သေနတ်ကို မိုးပေါ်ထောင်ဖောက်ခဲ့ကြတယ်
ဘာမှမဟုတ်ဘဲ မဟုတ်ဘဲ
နေရောင်ကိုကြည့်ပြီး ကြေကွဲနေရတယ်။ ။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar