နေသွင်ညိဏ်း - အပြာရောင် ကိုက်ခဲသောမနက်ခင်း
အပြာရောင် ကိုက်ခဲသောမနက်ခင်း
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၂
အဘ(ဆရာဦးဝင်းတင်) နဲ့ အပြင်မှာ ၂ ခါလောက်ပဲဆုံဖူးပေမယ့် ဖုန်းထဲတော့ အကြိမ်ပေါင်းများစွာ စကားပြောခွင့်ရခဲ့တယ်။ သတင်းအတွက်၊ အပတ် စဉ်သတင်းသုံးသပ်ချက်အတွက်။ အဘဟာ မေးသမျှ မငြီးမငြူဖြေပေးတယ်။ ကျနော်သတင်းစာသမားဘဝအစ (၂၀၀၄)လောက်မှာ အဘက ထောင်ထဲမှာ။ ကျနော်တို့သတင်းစာတိုက်က စနေနေ့တိုင်းလုပ်တဲ့စာဖတ်ဝိုင်းမှာ တယောက်က အဘရေးတဲ့သတင်းစာဆိုတာဆိုတဲ့ စာတမ်းကိုတင်တယ်။ သတင်းစာဆိုတာ သံတော်ဦးတင်လွှာမဟုတ်ဘူး စသဖြင့်။
တက္ကသိုလ်ကနေ ကျောင်းပြီးခါစ စာနယ်ဇင်းလောကထဲ စမ်းတဝါးဝါးလူငယ်တယောက်အတွက် ဟံသာဝတီဦးဝင်းတင်ဆိုတာ သူရဲကောင်းပါပဲ။ အဲ့ဒီကာလကထွက်တဲ့ ဦးဝင်းတင်အကြောင်းပါတဲ့ ဥဒါန်းမဂ္ဂဇင်းကိုသိမ် းထားခဲ့တဲ့ ဆယ်စုနှစ်ခုနီးပါး။ အခုတော့ ဥဒါန်းရော တခြားအနှစ်နှစ်အလလက သိမ်းခဲ့သမျှ ဦးဝင်းတင်စာအုပ်တွေ ရေလည်းတထွေ မြေလည်းတခြား။ ၂၀၂၀ ရွေးကောက်ပွဲအကြိုမှာ ဒေါ်စုက ဦးဝင်းတင်အကြောင်းပြောမှာမို့ ဦးဝင်းတင်စာအုပ်တွေလိုချင်တယ်ဆိုလို့ ကိုရာဇာက နေသွင်ရေ မင်းမှာရှိတာတွေစုထားပေး ငါလာယူမယ်' ဆိုလို့ စုရသေးတာလည်း အမှတ်တရ။
ဦးဝင်းတင်လွတ်လာတော့ ဆရာမောင်စွမ်းရည်က ခြင်္သေ့ကြီးလွတ်လာပြီဆိုလားမသိ ဆောင်းပါးရေးတယ်။ ဆရာက ထောင်ထဲ ကျားရဲ ကဗျာရေးခဲ့တယ်။ ဆရာစွမ်းက ခြင်္သေ့တဲ့။ လည်ဆံတဖွားဖွားနဲ့ ရဲရင့်တဲ့သူ့မိတ်ဆွေကို မျက်စိထဲမြင်ယောင်တယ်ထင်ပါတယ်။ ထောင်ထဲက ဟံသာဝတီဦးဝင်းတင်ဟာ အိပ်ရာဝင်ပုံပြင်ထဲက သူရဲ ကောင်းတယောက်။ သူ့ရဲ့သတ္တိ၊ အမှန်တရားမြတ်နိုးမှု၊ နှိမ့်ချမှု၊ မေတ္တာဂရုဏာအားကြီးတာ၊ လူတွေအပေါ်နား လည်မှုပေးနိုင်တာ ပြောမယ်ဆို ဆုံးမယ်မထင်။ ဒါတွေ စာထဲဖတ်ခဲ့ရတယ်။ ထောင်ကထွက်လာတော့လည်း ဆရာက သက်ရှိသူရဲကောင်းဖြစ်နေတယ်။ မပြောင်းလဲ။
၂၀၁၀ မှာရွေးကောက်ပွဲအလွန်ဆိုတဲ့ ကျနော်စာအုပ်မှာ အဘက အမှာစာရေးပေးခဲ့တာလည်း အမှတ်တရပါပဲ။ အဘက ၂၀၀၈ အောက်က ရွေးကောက် ပွဲကိုမယုံကြည်တဲ့အကြောင်း အမှာစာရေးပေးခဲ့တယ်။ အဘကိုလေးစားစိတ်နဲ့ ဇွတ်တရွတ် အမှာစာတောင်းခဲ့မိတာ အခုထိ အားနာမဆုံး။ အဘက နား လည်ပေးတယ်။
'ဒီလိုမျိုးစာတွေဆက်ရေးပါအုံး' လို့ လူချင်းတွေ့တော့ အားပေးတယ်။ အားနာရပြန်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအခင်း အကျင်းကတမျိုးဖြစ်သွားတယ်။ ဟံသာဝတီဦးဝင်းတင်ဆိုတာ ဒီမိုကရက်စစ်စစ်ဆိုတာ ဒေါ်စုလည်း ပြောဖူးတယ်။ ဒီမိုကရေစီနည်းကျ ပါတီထဲ ဆွေး နွေးမယ်။ အများက ဒီလမ်းကြောင်းရွေးပြီးရင် လိုက်နာဆောင်ရွက်တတ်တဲ့လူ။
တခါက ဦးဝင်းတင်အိမ်ခြံဝင်းထဲနယ်ကတက်လာတဲ့ NLD ထောက်ခံသူအမျိုးသမီးတယောက် သူတို့နယ်မှာ တဘက်ပါတီက(ဒလံ)တွေ NLD ပါတီထဲ အလုံးရင်းဝင်နေတယ်လို့ သတင်းလာပေးတယ်။ ပါတီညီလာခံအကြိုကာလ ဒီမိုကရေစီပါတီအတွက် အန္တရာယ်လို့စိုးရိမ်ပုံပါပဲ။ ဆရာက ငါတို့တွေဒီမိုကရေစီကိုယုံရင် လူတွေကို ယုံရမယ်။ ဒါမျိုးတွေခံနိုင်ရည်ရှိရမယ်လို့ပြောတာကို နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်။
၉၀ ရွေးကောက်ပွဲအကြိုကာလ ဒေါ်စုကိုလုပ်ကြံမယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။ ဒေါ်စုကလည်း ပြည်သူလူထုကြားထဲ ဆင်းချင်တယ်။ ပါတီလူကြီးတွေအစည်းအဝေးမှာ တချို့လူကြီးတွေက စိုးရိမ်ကြတယ်။ ဦးဝင်းတင်က လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ကင်းကွာလို့မရဘူး။ ဘာဖြစ်နေနေ လူထုထဲ ဆင်းရမယ်လို့သဘောထားပေးခဲ့တယ်။
၁၉၉၀ အလွန်ကာလ စု၊ လွှတ်၊ တွေ့ ဆိုတာ ထောင်ထဲက ဆရာချပေးခဲ့တဲ့နိုင်ငံရေးလမ်းပြမြေပုံပဲ။ အဲ့ဒီအချိန်က အိမ်ချုပ်ကျနေတဲ့ ဒေါ်စုကို လွှတ် ပေးရမယ်။ (၁၉၉၀ ရလဒ်) လွှတ်တော်ခေါ်ပေးရမယ်၊ တွေ့ဆုံဆွေးနွေးရမယ်။ ဒီသဘောပါ။ လက်ဝဲဆန်သူ၊ သဘောထားတင်းမာသူလို့ စစ်အုပ်စုက သတ်မှတ်တဲ့ဆရာဟာ တွေ့ဆုံဆွေးနွေးရေးကို မငြင်းဆန်ခဲ့ပါဘူး။ ၂၀၂၀ အလွန်ကာလ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ တွေ့ဆုံဆွေးနွေးရေး ပြတင်း ပေါက်က နှစ်ဖက်စလုံးမှာ အလွန်ကျဉ်းမြောင်းနေတာလည်း အရှိတရားပါပဲ။ ကာကွယ်ရေးဝန် ကြီး ဦးတင်သစ်ကစစ်အာဏာအတွေးအခေါ် အမြစ်ပြတ်ဖို့က အဓိကဖြစ်ပြီး၊ ဒါကိုလက်ခံတဲ့စစ်ခေါင်းဆောင်တွေနဲ့ဆိုရင်တော့ ဆွေးနွေးကောင်း ဆွေးနွေးမယ်လို့ ပြောတာကြားရပါတယ်။
ဆရာဦးဝင်းတင်ရဲ့နိုင်ငံရေးအတွေးအခေါ်တွေက သူမကွယ်လွန်ခင် မီဒီယာပေါင်းစုံနဲ့အင်တာဗျူးတွေမှာ တွေ့နိုင်ပါတယ်။ ၂၀၁၂ လောက်မှာ ဆရာက ကျနော်နဲ့ဖုန်းအင်တာဗျူးရင်း အဆုံးမှာ ဟိုက(စစ်အုပ်စု)လိမ်နေတာပါ။ ဒေါ်စုကလည်း တိုင်းပြည်နာမှာစိုးလို့ ကြားကဝင်ရပ်နေတာပါ။ ကျနော်တို့ကလည်း ဒေါ်စုနောက်က သွေးတွေ မျက်ရည်တွေနဲ့လိုက်နေရတာပါ၊ စစ်တပ်ပြောသမျှ မယုံနိုင်ဘူး သဘောပါတဲ့စကားကို ကျနော့်ကိုပြောခဲ့ပါတယ်။ ဆရာကွယ် လွန်တဲ့အခါ ဒီအကြောင်း ကျနော်ဆောင်းပါးရေးခဲ့ပါတယ်။
DVB ဒီဘိတ်ခရီးအတွက်ထွက်တဲ့အခါ ကြို့ပင်ကောက်ကိုဖြတ်တိုင်း ဒါဆရာ့ဇာတိဆိုပြီး အလိုလိုဦးညွှတ်မိတယ်။ ၂၀၁၀ လောက်က နယ်သာလန်ရောက်တော့လည်း ဆရာသတင်းစာပညာတွေ ဆည်းပူရာနိုင်ငံကိုရောက်နေပါလားဆိုတဲ့ စိတ်ကကျေနပ်စေတယ်။ ပရီးမီးယားလိဂ်နဲ့ ဝက်သားကြိုက်တဲ့ဆရာကို ကျနော် ဝက်အူချောင်းလက်ဆောင်ပေးဖူးတယ်။ ဆရာက ပြုံးလို့။ ဗိယက်နမ်ဘုန်းကြီး ကဗျာစာဆိုသစ်နက်ဟန်အကြောင်း အနည်းအပါးပြောဖူးတယ်။ ကဗျာက ဆရာရဲ့အချစ်ဦးဆိုတာ ဘာလဲဟဲ့ လူ့ငရဲမှာ တွေ့နိုင်ပါတယ်။
ဒီနေ့ ဆရာကွယ်လွန်ခြင်းနှစ်ပတ်လည်ဆိုတော့ နိုးတာနဲ့ ဆရာအကြောင်းအမှတ်ရတာတွေ တန်းစီတွေးမိတယ်။ ဆရာကွယ်လွန်တော့ တီဗီအစီအစဉ်တခု လက်တန်းလုပ်ခဲ့တာလည်း အမှတ်ရတယ်။ အဲ့ဒီအစီအစဉ်အတွက် ကိုနေဇော်နိုင်သွားဝယ်လာတဲ့အင်္ကျီပြာလေးကိုဒီလိုနေ့ဆို ထုတ်ထုတ်ဝတ်တယ်။
ဆရာကွယ်လွန်တဲ့အပတ်မှာ ကမ္ဘာကျော် အီကိုနော့မစ်မဂ္ဂဇင်းက မျက်နှာပြည့်နာရေးသတင်းရေးတယ်။ ထောင်ကလွတ်ခါ ဆရာပြောတဲ့စကားနဲ့ အဆုံး သတ်ထားတယ်။
'ကျနော်ထောင်က လွတ်လာတယ်ဆိုပေမယ့် ထောင်အသေးလေးထဲနေ ထောင်ကြီးထဲရောက်နေတာပဲ။ မြန်မာတပြည်လုံးက ထောင်ကြီးတခုပဲ' ဆရာ့စကား ဘယ်နှစ်တွေအထိ တာသွားနေဦးမလဲ။
နေသွင်ညိဏ်း
(21/4/ 2022)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar