လင်းလက်နွေဦး - ဒို့အိမ်တွင်းမှာ များသတ္တာ
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၂
စိတ်ကူးယဉ်ထားတာက ပင်စင်လေး ရတဲ့အချိန်ရောက်ရင် ကိုယ့်ခြံ ကိုယ့်အိမ်လေးနဲ့ အေးအေး ဆေးဆေးပေါ့လေ။ စားပင်သောက်ပင်လေးတွေ စိုက်လို့ပျိုးလို့၊ စိမ်းစိမ်းစိုစိုလေး၊ နေချင့်စဖွယ်လေးနဲ့ ဘဝနောက်ဆုံးအချိန်တွေကို အဓိပ္ပါယ်ရှိရှိ ကျော်ဖြတ်မယ်ပေါ့။ ဒါနဲ့ သစ်ဝါးပေါတဲ့အရပ် တာဝန်ကျတော့ ခြစ်ကုတ်စုဆောင်းပြီး အိမ်လေးတစ်လုံး ဆောက်ခဲ့ပါတယ်။ ကံကြမ္မာ တိုင်းဦးစီး အလိုကျပေါ့လေ၊ တစ်နေရာ အခြေကျမယ်ကြံတိုင်း နောက်တစ်နေရာ ပြောင်းရရွေ့ရတော့၊ ဇာတိရပ်ရွာမှာ ခြံဝိုင်းလေး အရစ်ကျဝယ်၊ အိမ် လေးကို အခြေစိုက်ပေးခဲ့ပါတယ်။ လူကတော့ ‘လေနှင်ရာ လွင့်ပါရမယ့် ဘဝပါ’ပေါ့ဗျာ၊ မင်းခယောကျ်ား ကမ်းနားသစ်ပင် မဟုတ်လား။
ကံကောင်းချင်တော့ ဟိုအရူးက စိတ်ဖောက်ပြီး အာဏာသိမ်းပါလေရော။ သူတို့များ လွယ်တာနော်၊ ခု သိမ်းမယ်ဆိုရင် ခု၊ ကောက်ခါငင်ခါပါပဲ၊ ခြင်းထဲက ကြက်တွေကမှ ကတော့် ကတော့် အော်ဟစ်ရုန်းကန်ကြလို့ ခက်နေလိမ့်အုံးမယ်။ ခုဟာက လက်ခုပ်ထဲက ရေလိုပါပဲ၊ ဘက်ကနဲ သွန်ပစ်လိုက်တာ။ အောက်မလေး… ခုတော့ ရေဆာလို့တဲ့ ရေငတ်လို့တဲ့၊ ကျက်သရေမရှိတဲ့ မျက်ခွက်ကြီးနဲ့ တောင်းပန်နေသေးတယ်။ အဲ အရူးတွေကြောင့် နေညိုဘူတာလေးမှာ နွေဦးပန်းတွေ ဖူးပွင့်ခဲ့ရပေါ့။ ဒီဘူတာလေးကနေ နွေဦးဥဩသံတွေ လွင့်ပျံလာတယ်နော်၊ ကြားကြရဲ့လား။
ကိုယ့်အိမ်ထဲ ကိုယ်နေရတော့၊ ကိုယ့်အိမ်ကိုယ့်ဝင်းနဲ့ဆိုတော့၊ လက်တွေ့ဘဝဆိုတာကို သဘော ပေါက်မိတယ်။ အရင်က အစိုးရဝန်ထမ်းအိမ်မှာဆိုတော့ အသင့်တက်နေရုံပဲလေ။ မြက်ပေါက်ခြံရှင်း တာက အစ ပန်းပင်ရေလောင်းတာအဆုံး ဌာနစောင့်လေးကို ခေါ်ခိုင်းတာကိုး။ စိတ်ပဲရှိပြီး ကိုယ်မပါနိုင်တော့၊ အတော်ခဲယူရတယ်ဗျ။ မြက်လေးတစ်ကွက်လောက် ပေါက်ကြည့်တယ်၊ ချွေးအပြိုင်းပြိုင်း စိုရွှဲလာရော။ စိုက်လိုက်သမျှ ပန်းပင် သစ်ပင်တွေကလည်း လက်ဆိပ်ပြင်းလို့လား မသိပါဘူး၊ ပန်းပင်တွေရဲ့ အသက်ဟာ တစ်ပတ်လောက်ပဲ ရှည်တော့တယ်။ ပန်းပင်လေးတွေ ဈေးဆစ်ဝယ်လိုက်၊ စိုက်လိုက်၊ ရေလောင်းလိုက်၊ သေသွားလိုက်၊ ရေထဲမှာ အဆိပ်ပါနေသလားလို့ သံသယဖြစ်မိသေးတယ်။
အညာနွေပူပူမှာ အေးလောက်ကောင်းပါရဲ့ဆိုပြီး အိမ်လေးဆောက်ထားတယ်။ အရင်ကတည်းက ပါတဲ့ သစ်ပင်တွေနဲ့ ဝင်းခြံထက်ဝက်လောက် အုပ်စိုင်းအေးမြပါတယ်။ ဒါပေမယ့် အညာနွေဟာ ထင်ထားတာ ထက် (၁၀)ဒီဂရီ အမြဲ ပိုတယ်။ ‘မိုး’ကလည်း ဝေးလိုက်တာ၊ ဝါသနာပါရင် ရက်စွဲနဲ့တကွ ဆယ်နှစ်စာလောက် အလွတ်ကျက်ထားလို့ ရနိုင်တယ်။ ‘တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး’ ဖွဲဖွဲလေးပဲ တစ်ခါ နှစ်ခါရွာ တယ်။ ‘ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့’ မနှစ်ကတော့ အဲအပိုင်းကို ကျော်သွားတယ် ထင်တာပါပဲ။ ဒီနှစ်ကတော့ စောင့်ကြည့် ရမယ်ပေါ့လေ။ အဲတော့ ခြံထဲက မြေဇာတွေတောင် အံမခဲနိုင်ဘူးပေါ့။ ဒါကလည်း ဝမ်းသာစရာပေါ့လေ။ ကိုယ် မပေါက်နိုင်တဲ့ မြက်တွေလေ၊ သေ သေ…. အေးတာပဲ။
အရင်က လူမနေတော့ အိမ်လေးမှာ ‘ခိုတွေ’ မင်းမူနေလေရဲ့။ ခိုတွေက အသိုက်တွေ ဆောက်၊ ဥတွေ ဥ၊ အကောင်လေးတွေ ပေါက်၊ တိုးပွားဖြစ်ထွန်းနေကြတယ်။ အိမ်ထဲဝင်လိုက်တာနဲ့ ခိုချီးတွေ ပေကျံပျံ့ကျဲ။ မြက်ခြောက်ပင်တွေ ကျွတ်ကျထားတဲ့ အမွေးအတောင်တွေ အနံ့အသက်ဆိုးတွေ အလှိုင်းလှိုင်း။ ဒါကြောင့် ရွာရောက်တိုင်း၊ ‘ခို’တားတွေ တစ်ခုပြီး တစ်ခု လုပ်ရတယ်။ ပထမ သံဇကာတွေ လိုက်တပ်၊ မရဘူး။ ဒုတိယ မျက်နှာကျက် ကပ်၊ မရဘူး။ ရေတံလျှောက်ကို ပြန်ဖြုတ်၊ ဖော်မီကာပြားကို ဖြတ်တောက် ပိတ်ဆို့၊ မရဘူး။ မရဘူး… ဘယ်လိုမှ မရဘူး… ခိုတွေဟာ တွယ်ကပ်လွန်းတယ်။ နှစ်ပေါင်းများစွာ ကျွမ်းဝင်ခဲ့တဲ့ ဒီအိမ်ရဲ့ အားနည်းချက်တွေကို အကုန်သိထားတယ် ထင်ပါရဲ့။ လူမရှိတဲ့အချိန် ခေါင်မိုးပေါ် ရောက်လာပြီ၊ ဘုရား ကျောင်းဆောင်ပေါ်၊ ရေတံလျှောက်ထဲ အသိုက်ဆောက်၊ ဥ ဥ၊ အကောင်ပေါက်… ကြီးပွားအောင်မြင်နေဆဲ။ ‘ခို’ကို ဆရာတင်ပြီး တော်လှန်ရေး လုပ်ရမလို ဖြစ်နေပါပြီ။ အခုလည်း တခူးခူး တညည်းညည်းနဲ့ပါပဲ။
အိမ်ကို စရောက်တော့ အကောင်ပေါက် ပိစိကွေး နီနီရဲရဲလေးတွေနဲ့ ကြွက်သိုက်သုံးလေးခု ရှင်းထုတ် လိုက်ရတယ်။ သုံးလေးလလောက် စိတ်အေးချမ်းသာ အိပ်စက်ရပါတယ်။ အဲ၊ ကြွက်နဲ့ ပတ်သက်လို့ ပြောတာ ပါ။ ဟိုကောင်တွေက ကင်းပတ်ရင်း ရွာထိပ်က ‘ဒိုင်း’လိုက်၊ ရွာနောက်က ‘ဒိုင်း’လိုက်ဆိုတော့ ကောင်းကောင်း တော့ မအိပ်ရပါဘူးလေ။ ခုနောက်ပိုင်းတော့ ကိုယ့်ကောင်တွေက လက်ဇောင်းထက်လာတော့ ဟိုကောင်တွေ လည်း ဟောင်ဖွာ ဟောင်ဖွာ သိပ်မလုပ်ရဲတော့ပါဘူး။ ညတိုင်း ပဲပုတ်မစားဘဲ ခေါင်းပြားအောင် အိပ်နေရပါပြီ။ ဒါပေမယ့် ‘ဗိုလ်ချုပ်’အမိန့်အတိုင်း အနီးကပ်ဆုံးရန်သူကို အရင်တိုက်နေရတယ်ပေါ့။ ကြွက်… မအလကြွက်။
ည နှစ်နာရီခွဲ သုံးနာရီလောက်ဆိုရင် ‘တဂျိဂျိ’ကိုက်နေတယ်။ ဘယ်နေရာကမှန်းလည်း မသိဘူး။ အမျိုးသမီးက အိပ်မရတော့ တဒုန်းဒုန်း ထထုတယ်။ ခဏငြိမ်သွားတယ်… ပြီးတော့ ‘ဂျိ… ဂျိ… ဂျိ…’။ ဓာတ်မီး ထိုးကြည့်၊ အကြိုအကြားတွေထဲ ဒုတ်နဲ့ ထိုးကြည့်။ ခဏငြိမ်သွားတယ်… ပြီးတော့ ‘တဂျိဂျိ’ ဇာတ်လမ်းတွဲပါပဲ။ ခဏနေတော့ အလိုက်မသိတဲ့ ဘုန်းကြီးကျောင်းတွေက အပြိုင်ထလော်တော့တာပါပဲ။ အမျိုးသမီးခမျာ မီးမပြတ်ခင် ထ ထမင်းချက်၊ ဟင်းချက်နဲ့ မိုးစင်စင်လင်းသွားတာပါပဲ။ ကျွန်တော်လည်း ထမင်းမငတ်ဂါထာတွေနဲ့ ဘုရားကို နားပူတိုက်ရတာပါပဲ။
ကြွက်သွားတွေက တစ်နေ့တစ်နေ့ ရှည်ထွက်လာတော့၊ တစ်ခုခုကို ကိုက်နေရတယ် တဲ့။ မကိုက်ဘဲ ထားလို့ ရှည်ထွက်လာရင် ဘာမှ မစားနိုင် မသောက်နိုင်ဘဲ အသက်သေတဲ့အထိ ဖြစ်နိုင်တယ်လို့ ကြားဖူး ပါတယ်။ အဲတော့၊ သနားပါတယ်၊ ကိုက်ပါစေပေါ့။ အဲလို မေတ္တာကြီးပါတယ်။ ဒါပေမယ့် ခုဟာက ကျွန်တော့် ပရင်တာကြီးကို ဝင်ကိုက်တာဗျ။ ကြွက်ကြီးတွေ မြင်လိုက်တယ်၊ လိုက်ခြောက်လိုက်တိုင်း လစ်ကနဲ လစ်ကနဲ ပျောက်သွားတယ်ပေါ့။ အဝတ်ဗီရိုကြီးကို ထုလိုက်နှက်လိုက်၊ သေတ္တာတွေကြားထဲ ဒုတ်နဲ့ မွှေလိုက်။ ရေခဲသေတ္တာကိုတောင် နံရံနဲ့ ခွာပေးထားတယ်။ စုဆောင်းမိသမျှ စာအုပ်တွေကို ကြမ်းပြင်ပေါ် ဒီအတိုင်း ပုံထားရတယ်။ ဂျပ်ပုံးနဲ့ဆိုရင် အထဲဝင်ကိုက်နေမှာ စိုးလို့။
အမျိုးသမီးနဲ့ ကလေးတွေကို ကြိုပြောထားတယ်၊ သပ်သပ်ရပ်ရပ် ရှိပါစေ။ ကြွက်တွေအတွက် နေစရာ မပေးနဲ့ပေါ့။ အဲလို သပ်သပ်ခပ်ခပ်ထားတာလေ။ မနေ့ကမှ ကိုယ့်ရှေ့တင် ပရင်တာပုံးထဲ ဝင်သွားတာ တွေ့လိုက်တယ်။ ပုံးကိုအသာမ’လိုက်တော့၊ ခွေးကောင် အဲလေ မအလကြွက်က လစ်ထွက်ပြေးတယ်။ အမောတကော ဖွင့်ကြည့်တော့…. လယ်ကြွက်တွေလို ကင်ပြီး ထန်းရည်နဲ့ ထိုင်မြည်းပစ်လိုက်ချင်တယ်။ မစားရ မသောက်ရဘဲနဲ့ ကိုက်ထား ဖြတ်ထား ဖျက်ဆီးထားတာတွေ။ ကျွန်တော့်ရုံးလုပ်ငန်းတွေမှာ အမြဲ ကူညီပေးတဲ့ ကောင်လေး၊ မြို့ပေါ်တက် တစ်နေ့ကုန် ပတ်ရှာ ဝယ်ထားရတဲ့ ကောင်လေး။ စာထုတ်စရာ ရီပို့တင်စရာရှိတိုင်း မြို့တက်ရတဲ့ ဒုက္ခတွေကနေ ကယ်တင်ပေးတဲ့ ကောင်လေး။ အထိန်းအသိမ်းကောင်းလို့ တစ်လက်ကိုင်မို့လို့ အသစ်အတိုင်း လွင်နေတဲ့ ကောင်လေးကိုမှကွာ…။ တွေ့မယ်။
ကျွန်တော် ဘယ်အရပ်ရောက်ရောက် အမြဲတမ်း လိုက်နှောက်ယှက်နေတဲ့ကောင်တွေကတော့ ‘ပင့်ကူ’တွေ။ ပင့်ကူအိမ်တွေ ပင့်ကူအမျှင်တွေ ရှုပ်ယှက်ခက်နေရင် စိတ်အလာဂျီ ထလာတာပဲ။ သုံးလေးရက် တစ်ခါတော့ ထရှင်းနေရတာပဲ။ ဒီကောင်တွေကလည်း ဇွဲကောင်းတယ်ဗျ။ ရှင်းလည်း၊ သုံးလေးရက်နေလို့ ကြည့်လိုက်ရင် အိမ်နဲ့ ဝင်းနဲ့ ကျကျနနကြီး ဖြစ်နေပြီ။ ဘသားချောတွေက အလယ်မှာ မိန့်မိန့်ကြီး၊ သူတို့ထောင်ချောက်ထဲ ပိုးကောင်လေး ဘာလေး ရောက်သွားမှ၊ ဝှီးကနဲ ရောက်လာပြီး ခေါင်းဖောက်စားတော့ တာပဲ။ ‘ခေတ်ပြောင်းအောင် ခေါင်းပစ်’တာဟာ ပင့်ကူဉာဏ်ပဲနေမှာပါ။ ခုတော့ လက်လှမ်းမမီတဲ့ နေရာတွေမှာပဲ အိမ်ဖွဲ့နိုင်တော့တယ်။ ကျွန်တော်က တွေ့ တွေ့တဲ့နေရာ၊ တွေ့တာနဲ့ ရှင်းပစ်တာကိုး။
မီးကပြတ်၊ ညကမှောင်၊ ခြောက်ခြောက်ခြားခြား ရှိနေပြီဆိုရင် အသံနက်နက်ကြီးနဲ့ ထ ထအော်တတ် တဲ့ ကောင်တွေကလည်း ရှိသေးတယ်။ ကိုယ့်နာမည် ကိုယ်ဖော်လို့ ‘မသူတော်စာရင်း’ အသွင်းခံထားရတဲ့ ကောင်ပေါ့။ ‘တောက်…တဲ့…’။ ဟုတ်ပါ့၊ အရင်တုန်းက တရုတ်ဝယ်တယ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ ကောင်ပေါ့။ တရုတ်အားကိုးနဲ့ ကြွစောင်းစောင်း ဖြစ်နေတဲ့ကောင်တွေ။ ပူပြီ အိုက်ပြီဆိုရင် အော်ပြီ၊ မိုးလည်း မရွာဘဲနဲ့။ ပေါက်ဖော်ကြီးတို့ရယ် တကယ်ဝယ်စမ်းပါဗျာ။
နောက်ထပ် ဟိုနေရာ ဒီနေရာ ချေးပါချချနေတဲ့ အိမ်မြှောင်တွေ။ တိုက်မဟုတ်တော့ တိုက်မြှောင်တွေ မဟုတ်သေးဘူးပေါ့။ ဒီကောင်တွေကလည်း ပေါများလာလိုက်တာ၊ နံရံတိုင်းမှာ နေရာယူထားတယ်နော်။ ပြတင်းပေါက်ဖွင့်တိုင်း ပိတ်တိုင်း ညှပ်ပါမသွားအောင် ကြည့်ရခြောက်ရတာ တစ်လုပ်။ ဖေ့ဘုတ်ထဲမှာလို အကောင်လိုက်ကြော်စားကြည့်မလားလို့… စိတ်မရဲပါဘူးလေ။
အိမ်လေး ဆောက်ပြီး စိမ်းစိမ်းစိုစိုလေးနဲ့ အေးအေးချမ်းချမ်း နေရမလား ထင်မိပါတယ်။ အဖျက်သမားတွေ များလိုက်တာနော်။ ပုရွတ်ဆိတ်တွေ ခြင်တွေကလည်း သူတို့စွမ်းသလောက် ဒုက္ခပေးတာ ပါပဲ။ အညာမှာမို့၊ တောကောင်းတဲ့ ဒေသတွေဆို ငှက်ဖျားတွေ အသားဝါဖျားတွေ ဖြစ်စေတဲ့ ခြင်တွေပဲလေ။ ‘ဇ’မသေးပါဘူး။
သူငယ်ချင်းတစ်ယောက်က အကြံပေးတယ်။ ‘ကြောင်မွေးထား’တဲ့။ သူ့ကြောင်ကတော့ ကြွက်တင် မကဘူး တောက်တဲ့တွေရော အိမ်မြှောင်တွေရော သရက်ပင်ပေါ် လာ လာစားတဲ့ ရှဉ့်တွေတောင် ကုန်ပြီတဲ့ လေ။ အခု မွေးထားလိုက်ပြီ။ တွေ့ကြသေးတာပေါ့ကွာ။ လူမစွမ်း ကြောင် ‘မ’ပေါ့လေ။
လင်းလက်နွေဦး
၂၅.၄.၂၀၂၂ နေ့လည် ၁၂ နာရီ ၄၅မိနစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar