Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၄ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၂၄ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၂ 


ဧပြီ ၂၄ - တနှစ်အလွန် စဉ်းစားမိသမျှ

NUG အစိုးရ တနှစ်ပြည့်အထိမ်းအမှတ် ဝန်ကြီးဌာနအသီးသီးက အစီရင်ခံစာတွေ ထုတ်ပြန်ကြတယ်။ PVTV ကနေ ဝန်ကြီး ဒုဝန်ကြီးတွေက တဦးချင်းစီ အစီရင်ခံတဲ့ ရုပ်သံတွေ ထုတ်လွှင့်ကြတယ်။ သူတို့ ဘာပြောကြသလဲ ဆိုတာကို မြန်မာသတင်းဌာနတွေ ဆိုရှယ်မီဒီယာတွေကနေ ကောက်နုတ် ထုတ်ပြန်သတင်းလုပ်ကြပါတယ်။ အမှန်အတိုင်းပြောရရင် သူတို့ပြောတာတွေ သတင်းဌာနတွေက ပြန်သတင်းလုပ်ကြတာကို  ပရိသတ်က အဓိကနားထောင်ပြီးတော့ ကောက်ချက် မှတ်ချက်တွေ ပေးကြတယ်။

ဝန်ကြီးတွေထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးတို့က ပြောကြတာ စိတ်ဝင်စားပြီး အားရကြသလို ဖယ်ဒရယ်ရေးရာ၊ လူ့အခွင့်အရေးရာ၊ ဘဏ္ဍာရေးရာ ဝန်ကြီးဌာနတွေက ထုတ်ပြန်တာတွေကိုလည်း ဂရုစိုက်ကြပါတယ်။ အဓိက ပြည်သူတွေ မှတ်သားမိကြတာတွေက PDF တွေ ပကဖတွေ အင်အားတွေ စုစည်းမိတာ၊ ချိတ်ဆက်မိတာ၊ တိုက်ပွဲတွေ တိုးမြှင့်လာကြတာကို ဖြစ်ပြီး စိုးမိုးနယ်မြေတွေ တိုးတက်လာတာ၊ လက်နက်ကြီးတွေ အဝေးပစ်တွေ အားကောင်းလာတာတွေ ဖြစ်ပါတယ်။ နောက်အချက်တွေကတော့ ပြည်သူတွေက ဘွန်းလက်မှတ်တွေ ဝယ်ယူအားပေးတာ၊ ရန်ပုံငွေ ရှာဖွေလှူဒါန်းကြတာ၊ အဲသည် ဘဏ္ဍာရေးအကူတွေ တော်လှန်ရေးအတွက် အသုံးချနိုင်တယ်လို့ ထုတ်ပြန်တာတွေကို ကျေနပ်မှု ရှိကြတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ NUG ကိုယ်စားလှယ်တွေ နေရာရလာတာ၊ တွေ့ဆုံမှုတွေ တိုးတက်လာတာကိုလည်း ကျေနပ်ကြတယ် ဆိုရမယ်။

Local PDF တွေနဲ့ ပတ်သက်ပြီးတော့ ပြည်ပက မြန်မာအလှူရှင်တွေက သူတို့အလှူတွေအပြင် NUG၏ အထောက်အပံ့တွေ ချိတ်ဆက်ရရှိတယ်ဆိုတာ ကြားရင် ပိုပြီး ဝမ်းသာကြတယ်။ NUG ကာကွယ်ရေး ပြည်ထဲရေးတို့နဲ့ ချိတ်ဆက်မှုမရှိသေးတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအတွက် NUG က ဘာလုပ်နေသလဲဆိုတဲ့ ဝေဖန်မှုတွေကတော့ ရှိနေတုန်းပါပဲ။ တော်လှန်ရေးအလုပ်တွေထဲမှာ လေ့ကျင့်သင်ကြားရေး လက်နက်ထုတ်လုပ်ရေး ဖြန့်ချိရေးတွေအပြင် အစုအဖွဲ့အချင်းချင်း ချိတ်ဆက်လုပ်ကိုင်မှုတွေကိုပါ အလှူရှင်တွေက စိတ်ဝင်တစား သုံးသပ်ကြတာ တိုင်ပင်ကြတာ မေးခွန်းထုတ်ကြတာတွေကိုလည်း ကြားသိရပါတယ်။ သဘောကတော့ တော်လှန်ရေးရဲ့ ထောက်ပို့ပြည်သူတွေကိုယ်တိုင်က အတွေ့အကြုံတွေကနေ လက်တွေ့မြေပြင်အခြေအနေကိုပါ သုံးသပ် အဖြေရှာနေကြတာမျိုး လုပ်လာကြတယ် ဆိုရမယ်။

CDM Support  အပြင် ပြည်သူ့အုပ်ချုပ်ရေး ပြည်သူ့ပညာရေးအလုပ်တွေကိုပါ NUG Network တွေက လုပ်ကိုင်လာကြတာ တနှစ်ကြာသည့်တိုင် ဆက်ပြီး လည်ပတ်နေတာ ဆက်ပြီး ကြိုးစားနေတာကိုလည်း အသိအမှတ်ပြုရပါမယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း အခြေခံကစပြီး ခင်းကျင်းနေတာကိုလည်း မြင်ကြရပါတယ်။ အချို့ကတော့ တော်လှန်ရေးကို အဓိက လုပ်စေချင်ပြီး တိုက်ရိုက်မသက်ဆိုင်တာတွေကို မရင်းနှီးစေချင်ကြပါဘူး။ သို့သော်  NUG ကိုယ်တိုင်က ဝန်ကြီးဌာနတွေမှာ လူသားရင်းမြစ်၊ သဘာ၀ရင်းမြစ်၊ ပညာရေး၊ အခွန်၊ စီမံကိန်း၊ စွမ်းအင်စတာတွေမှာ မြှုပ်နှံထားတာနဲ့ တနှစ်တာအစီရင်ခံစာတွေမှာ ကြားကာလ Void လေဟာနယ်တွေကို ဖြည့်ဆည်းနေတာကို အစီရင်ခံစာတွေမှာ ကြားကြရတော့ တစုံတရာ နားလည်မှု တည်ဆောက်နိုင်တယ် ဆိုရပါမယ်။

ဖယ်ဒရယ်အရေး ပြည်ထောင်စုအရေးနဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေရေးဆွဲနိုင်ဖို့ အရေးပါတယ်ဆိုတာ လူတိုင်းက ယေဘုယျအားဖြင့် လက်ခံကြပါတယ်။ NUCC ကိုယ်တိုင်က ကြားကာလအစီအမံတွေ လမ်းပြမြေပုံတွေ ထုတ်ပြန်ထားပါတယ်။ ပြည်သူတွေမှာ ဪ... သူတို့တွေ လုပ်စရာရှိတာ လုပ်ထားတယ်၊ ပြင်ဆင်နေကြတယ်ဆိုပြီး မှတ်ချက်ပေးကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ ဆက်ကိုင်တွယ်ကြလိမ့်မယ်လို့ သဘောထားပုံပါပဲ။ အစပိုင်းမှာ EAO - တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များလို့ ခေါ် ဝေါ်နေကြရာကနေ ERO - တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့များလို့ သတ်မှတ်သုံးစွဲလာကြတာ တွေ့ရပါတယ်။ စစ်ကောင်စီက EAO လို့ အာလုတ်ပြုခေါ်နေရာကနေ နွေဦးတော်လှန်ရေးက ERO လို့ အသိအမှတ်ပြုလိုက်တာက ဖယ်ဒရယ်လမ်းအတွက် အထောက်အကူဖြစ်မယ် ထင်ပါတယ်။

 NUG တနှစ်ပြည့်အပြီးမှာ စစ်ကောင်စီက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို အများက စောင့်ကြည့်ကြပါတယ်။ စစ်သားအများအပြား တိုက်ပွဲမှာ ကျဆုံးနေပြီး စစ်ပြေးအမြောက်အမြားဖြစ်နေချိန်မှာ စစ်ရှိန်ကို သူတို့ဘက်က လျှော့ချမယ့်ပုံ မပေါ်ပါ။ မင်းအောင်လှိုင်က EAO (ERO) တွေနဲ့ တိုက်ရိုက်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပဖို့ သွေးတိုးစမ်းထားပါတယ်။ NCA လိုင်းက နိုင်ငံရေးပါတီအစုအဖွဲ့ကနေ သဘောထားတောင်းဖို့ အစည်းအဝေးလုပ်ဖို့ကို လကုန်ပိုင်း ခေါ်ထားတယ် ဆိုပါတယ်။ သန်းရွှေ ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥအတိုင်း ဆက်သွားဖို့ ရွေးကောက်ပွဲလမ်းကြောင်းကို သွားမယ်လို့ ဆိုနေပေမယ့် အရေးပေါ်အခြေအနေ ကြေညာပြီး စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီကိုယ်တိုင်က ၂၀၀၈ ခြေဥအတိုင်း ဆက်သွားဖို့ ဖြစ်နိုင်ပ့ါမလားလို့လဲ အကဲခတ်တွေက စောင့်ကြည့်နေကြပုံရပါတယ်။ စစ်ကောင်စီမှာ ခြေဥ၊ ကာလုံ၊ NCA နဲ့ ကစားဝိုင်းကို ထူထောင်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက လက်မလွှတ်သေးတာကြောင့်  အိမ်နီးချင်း အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့၏ ဆွေးနွေးညှိနှိုင်း အဖြေရှာပေးနေမှုနဲ့ အချိန်ဆွဲထားတယ်လို့ မှတ်ချက်ပေးကြပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စစ်အုပ်စုနဲ့ အပေါင်းအပါများ ဆက်လက်ရှင်သန်နိုင်ရေးကို လက်လွှတ်မှာ မဟုတ်ပါ။ ပြည်တွင်း ပြည်ပက ကြားဝင် ဆွေးနွေးညှိနှိုင်းမှုတွေကလည်း မိမိအကျိုးစီးပွားတွေအပေါ် မူတည်ပြီး ဆက်ကြိုးပမ်းနေဆဲ ရှိပါသေးတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar