Breaking News

ချစ်ငြိမ်းချမ်း - ရဲဘော်လွင် (သို့မဟုတ်) ဦးသိန်းအောင် (၂)

ချစ်ငြိမ်ချမ်း - ရဲဘော်လွင် (သို့မဟုတ်) ဦးသိန်းအောင် (၂)
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၂

ကျမတို့ဌာန မုံကိုးကနေ ပန်ဆန်းကိုပြောင်းရမယ်ဆိုတော့ မရောက်ဖူးသေးတဲ့ ပန်ဆိုင်းတို့၊ မန်ရှိုးတို့ကို ကျမ ရောက်ဖူးချင်ပါတယ်။ ၀နယ် ရောက်သွားရင် ပြန်လာဖို့ ခက်သွားမယ်ထင်ပါတယ်။ တကယ်လည်း နောင်ကို မုံကိုးရော၊ ပန်ဆိုင်းရော ပြန်မရောက်တော့ပါ။ ဒါကိုသိတဲ့အတွက် အဖော်မက်တဲ့ ရဲဘော် ဖိုးသံချောင်းကလည်း သူမန်ရှိုးကို တာဝန်အရ သွားရပြီး အပြန်ကိုကျော်ရနဲ့ အတူပြန်ရမှာမို့ ရဲဘော်လွင်ဆီ ခွင့်တောင်းဖို့ အကြံပေးပါတယ်။ မထင်မှတ်ပဲ အင်မတန်သဘောကောင်းတဲ့ ရဲဘော်လွင်က ခွင့်ပေးလိုက်ပါတယ်။

ပန်ဆိုင်းရောက်တော့ မြို့နယ်ရုံးမှာ တညအိပ်ရပါတယ်။ ပန်ဆိုင်းက အဆောက်အဦတွေက မုံးကိုးက အဆောက်အဦတွေနဲ့ ဘာမှမဆိုင်ပါ။ အတော်ကောင်းပါတယ်။ ဟင်းလည်း ကောင်းပါတယ်။ ကိုဖိုးသံချောင်းဟာ မောမောနဲ့ စားလိုက်တာ တရုတ်ထမင်းပန်းကန်လုံး ၁၂ လုံး ကုန်ပါတယ်။ ခရီးပန်းလို့ထင်ပါတယ်။ ကျမလည်း ၃ လုံး ကုန်ပါတယ်။ မန်ရှိုးရောက်တော့ ကျမအကိုက ငါးမျှားဝါသနာပါပြီး ငါးတွေ မကြာခဏရတဲ့အတွက် ထမင်းပိုစားကောင်းပါတယ်။ သူတို့နှစ်ယောက် လုပ်ငန်းတာဝန်တွေလွှဲတာ တပတ်လောက်ကြာပါတယ်။ ပြီးတော့ ကျမတို့ မောင်နှမနှစ်ယောက် မုံကိုးကို ပြန်ခဲ့ကြပါတယ်။ အဖော်မက်တဲ့ ကိုသံချောင်းတော့ တယောက်တည်း ကျန်ခဲ့ပါတယ်။ တာဝန်အရကိုး။

မုံကိုးပြန်ရောက်ပြီး မကြာခင် ကျမတို့ဌာန ပန်ဆန်းကို ပြောင်းရွှေ့ရပါတယ်။ ပန်ဆန်းရောက်တော့ ကောင်းမှူးရွာအောက်က တောင်ကုန်းလေးတခုကို ကျမတို့ဌာနအတွက် ရဲဘော်လွင်က ရွေးထားပါတယ်။ အဲဒီမှာ တဲထိုးပြီး ရွှံ့အိမ်တွေ၊ တန်းလျားတွေ ဆောက်ကြပါတယ်။ ရဲဘော်လွင်လည်း သူတတ်စွမ်းသမျှ ဝင်လုပ်ပါတယ်။ အဲဒီအချိန်က ၇၉ ခုနှစ်၊ ဗဟိုကော်မတီ မာရသွန်အစည်းအဝေးကြီး ပြုလုပ်နေတဲ့ကာလပေါ့။

အဲဒီအချိန်မှာ ရဲဘော်လွင်က “ငြိမ်းငြိမ်း နင် ရိက္ခာမှူးလုပ်တာ ၃ နှစ်ပြည့်ပြီလား၊ အေး... ရိက္ခာမှူးလုပ်တာ ၆ လပြည့်ရင်ကို အစစ်အဆေးမရှိ ထောင်ချနိုင်တယ်နော်” လို့စတတ်ပါတယ်။ တကယ်က ကျမရိက္ခာမှူး မလုပ်ချင်မှန်းသိလို့ တမင်နောက်တာပါ။ ကျမကလည်း သူနဲ့ သူ့ကင်မရာကို မှုန်မပြေ ဓာတ်ပုံတိုက်၊ စာလုံးမစုံ ပုံနှိပ်တိုက် စသဖြင့် စတတ်ပါတယ်။

တရက်မှာ တဲတလုံးဆောက်တာ သက်ကယ်မိုးအပြီး နှစ်ယောက်သား တံမြက်စည်း လှည်းနေရင်း သူနှာချေတော့မယ်ဆိုရင် မချေခင် အားယူတတ်ပါတယ်။ ဟတ် ... ဟတ်နဲ့ အားယူနေတုန်း ကျမက ချီ... ချီ... ချီ ရှေ့ကိုချီ ပြည်သူ့သားကောင်း ခြေလှမ်းညီညီ ဆိုပြီး သူ့ရှေ့တည့်တည့်မှာ သီချင်းသွားဆိုတော့ “သေနာမလေး နင့်ကြောင့် ငါမချေတော့ဘူး” ဆိုပြီး တံမြက်စည်းနဲ့ လိုက်လိုက်ရိုက်တာ ပုံနှိပ်တိုက် အဆောက်အဦကို ပတ်ပြေး၊ သူက နောက်ကလိုက်နဲ့။ ဖြစ်ချင်တော့ အဲ့ဒီနေ့က ပန်ဆန်းစျေးနေ့။ ကောင်းမှူးရွာက စျေးပြန်ရွာသားတွေ ရပ်ကြည့်ပြီး ရယ်ကြတော့မှ ကျမတို့ လည်း ကိုယ်ရှိန်သတ်သွားကြတယ်။ ဘာပြောကောင်းမလဲ အဲဒီနေ့က စခန်းအစည်းအဝေးမှာ ကျမ အဝေဖန်ခံရတယ်။ လူကြီးကို မလေးစားလို့တဲ့။ ကျမကတော့ ခုချိန်ထိ ဒါကို မလေးမစားလုပ်တယ်လို့ မခံစားမိပါဘူး။

ကျမက အစည်းအဝေးကြီးကလည်း ရှည်လိုက်တာ မာရသွန်အစည်းအဝေးကြီးပဲလို ပြောတော့ သူက ပါတီရဲ့ ရှေ့အတွက် အရေးကြီးတာတွေ ဆုံးဖြတ်တာဆိုတော့ ကြာတာပေါ့။ ဒါပေမဲ့ ငါတို့အတွက် သင်တန်းကြီး တက်နေရသလိုပါပဲကွာလို့ ပြန်ပြောပါတယ်။

ရဲဘော်လွင်ဟာ တခါတရံ ညအိပ်ချိန်မှာ အိပ်မက်ဆိုးတွေမက်ပြီး ဝူးဝူးဝါးဝါးနဲ့ အော်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့လို အော်သံကြားရင် နီးတဲ့ရဲဘော်တွေက ပြေးပြီး သူ့ကို နှိုးရလေ့ ရှိပါတယ်။ ကျမတို့ ပန်ဆန်းရောက်ပြီး ဂိုဒေါင်သစ်က ရဲဘော်ကျော်စိန် ပြန်ပြောပြမှ အဲဒီလို အိပ်မက်ဆိုးတွေ မက်ရတဲ့ အကြောင်းရင်းကို သိရပါတယ်။ စစ်ပြီးစကာလ ပဲခူးမှာ တပ်နီနဲ့ ရဲဘော်အကြား တိုက်ပွဲမှာ ကျဆုံးသွားတဲ့ မြို့နယ်ခေါင်းဆောင်တစ်ယောက်ရဲ့ အလောင်းကို နှစ်ဘက်လုကြရာက ရဲဘော်လွင်ဟာ အလောင်းကို မပေးဘဲ ဖက်ပြီး ကာကွယ်ထားရာက သူ့ခေါင်းကို အရိုက်ခံလိုက်ရတဲ့အတွက် ခေါင်းထိပြီး အိပ်မက်ဆိုးတွေ မကြာခဏမက်နေတယ်ဆိုတာ သိရပါတယ်။

၇၉ ခုနှစ် ဗဟိုကော်မတီ အစည်းအဝေးအပြီး ရဲဘော်လွင်ဟာ ဘာသာပြန်နဲ့ ပုံနှိပ်ဌာနကနေ စစ်ဒေသဌာနချုပ်ကို တာဝန်အရ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကျမလည်း ၈၀ ခုနှစ် နိုဝင်ဘာလမှာ အိမ်ထောင်ကျပြီး၊ ၈၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဗဟိုရုံးကို တာဝန်အရ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဌာနချင်း မတူတော့ပေမဲ့ ကျမဟာ ရဲဘော်လွင်ဆီကို မကြာမကြာသွားပြီး သူလိုအပ်တာလေးတွေ သွားလုပ်ပေးလေ့ ရှိပါတယ်။ သူကလည်း ကျမ ကလေးမအေဖြစ်ပြီးနောက်မှာတောင် ကျမလာတတ်တဲ့ ပန်ဆန်းစျေးနေ့တွေမှာ ကျမအတွက် မုန့်တွေကို သူတောင်မစားရက်ဘဲ ချန်ထားတတ်ပါတယ်။

တရက် ကျမ ရဲဘော်လွင်ဆီ ရောက်သွားတော့ ဒေါ်ခင်သစ်ဟာ သူ့ရဲ့ အနားစုတ်နေတဲ့ သင်ဖြူးဖျာကို အဝတ်စနဲ့ အနားကွပ်ပေးနေပါတယ်။ အဲဒီအချိန် ရဲဘော်လွင်က ကျမကိုမြင်တော့ လာဟေ့၊ လာဟေ့ နင့်အတွက် မုန့်ချန်ထားတယ်လို့ ပြောလိုက်တဲ့အခါ ဒေါ်ခင်သစ်က ကြည့် ... ကြည့် ရဲဘော်လွင်တို့ကတော့ သူ့သမီးမှ သူ့သမီးပဲ၊ ခိုင်းဖို့တော့ ဒီက၊ ကျွေးစရာရှိတော့ ငြိမ်းငြိမ်းဆိုပြီး နောက်ပါတယ်။ တကယ်တော့ ဒေါ်ခင်သစ်ကိုယ်တိုင်ကလည်း ကျမအပေါ် သူ့ရဲ့ညီမအရင်းတယောက်လို ချစ်ခင်သူ တယောက်ပါ။ သူဟင်းကောင်းလေးချက်တိုင်း ကျမကို လူကြုံနဲ့ လှမ်းခေါ်ကျွေးတတ်သူပါ။

ပုံညွှန်း - အလယ်မှ မြင်တွေ့ရသူမှာ ရဲဘော်လွင် (ခ) ဦးသိန်းအောင်ဖြစ်သည်။ 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar