ကိုကျော် (မြစ်ကြီးနား) - အကျင့်ပျက်လာဘ်စားပြီး ကြွက်တွင်းတစ်ခုနှင့်တူသော ထရမ့်ရဲ့ အတွင်းစည်း လူယုံအုပ်စု
ကိုကျော် (မြစ်ကြီးနား) - အကျင့်ပျက်လာဘ်စားပြီး ကြွက်တွင်းတစ်ခုနှင့်တူသော ထရမ့်ရဲ့ အတွင်းစည်း လူယုံအုပ်စု
(မိုးမခ) မေ ၂၄၊ ၂၀၂၂
ပြီးခဲ့တဲ့တပတ်က အမေရိကန်အစိုးရ တရားရေးဌာနမှ ယခင်သမ္မတဟောင်း ထရမ့်ရဲ့အတွင်းစည်းမှ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဘီလျှံနာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် စတိဖ်ဝိန်း (Steve Wynn) အား တရားစွဲခဲ့ပါတယ်။ ထရမ့်နဲ့ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သူဖြစ်ပြီး ထရမ့်ရဲ့ပထမနှစ် သမ္မတသက်တမ်းအတွင်း ရီပတ်ပလီကင်အမျိုးသားကော်မတီ (Republican National Committee - RNC) ရဲ့ ဘဏ္ဍာရေးဆိုင်ရာဥက္ကဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
တရားရေးဌာနမှ စွဲဆိုချက်အရ စတိဖ်ဝိန်းက နိုင်ငံခြားလော်ဘီသမား တစ်ယောက်အဖြစ် တရုတ်အစိုးရအတွက် တရားမဝင် အလုပ်လုပ်ကိုင်နေပြီး အမည်မဖော်ပြတဲ့ တရုတ်အစိုးရဆန့်ကျင်သူတစ်ယောက်အား သူရဲ့ဗီစာကို ရုတ်သိမ်းလိုက်ဖို့ နဲ့ အမေရိကန်သို့ဝင်ရောက်ခွင့် ပိတ်ပင်တဲ့စာရင်းထဲ ထည့်သွင်းဖို့ ထရမ့်ကို အကူအညီတောင်းခဲ့ပါတယ်။ စတိဖ်ဝိန်းရဲ့ အဓိကဆက်သွယ်သူကတော့ ထရမ့်အတွက် ရန်ပုံငွေရှာဖွေရေးဆိုင်ရာ အကြီးအကဲ Elliot Broidy ဖြစ်ပြီး သူကလည်း ၂၀၂၀ မှာ တရုတ်အစိုးရအတွက် တရားမဝင် အလုပ်လုပ်ပေးခဲ့ပြီး အပြစ်ရှိကြောင်း တရားရုံးမှာဝန်ခံခဲ့သူ ဖြစ်ပါတယ်။
စွဲဆိုချက်မှာ ဖြစ်စဥ်အသေးစိတ်ကို ဖော်ပြထားပြီး အသားပေးဖော်ပြထားတာက ဥပမာအားဖြင့် Elliot Broidy နဲ့ စတိဖ်ဝိန်းရဲ့ဇနီး တို့အကြားမှ မက်ဆေ့များပါဝင်ပြီး စတိဖ်ဝိန်းကိုယ်စား ပေးပို့ခဲ့တာဖြစ်ပါတယ်။ အမည်မဖော်ပြတဲ့ အတိုက်အခံ တရုတ်နိုင်ငံသားရဲ့ကိစ္စဟာ တရုတ်သမ္မတ ရှီးကျင့်ဖင်းအတွက် အလွန်အရေးကြီးတယ်လို့ Elliot Broidy ရဲ့ မက်ဆေ့မှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စတိဖ်ဝိန်း နဲ့ အဲဒီအချိန်က တရုတ်အစိုးရရဲ့ ဒုဝန်ကြီးတစ်ဦးဖြစ်သူ Sun Lijun နှင့်လည်း အကြိမ်ကြိမ် တိုက်ရိုက်ဖုန်းပြောကြားခဲ့ပါတယ်။ Elliot Broidy မှ နောက်ပိုင်းပေးပို့ခဲ့တဲ့ မက်ဆေ့ထဲမှာ "စတိဖ်ဝိန်းရဲ့ ကူညီထောက်ပံ့မှုအား Sun Lijun မှ အလွန်ကျေနပ်မှုရှိခဲ့ပြီး သမ္မတ ရှီးကျင့်ဖင်းမှလည်း ကျေးဇူးတင်ကြောင်း" ဖော်ပြခဲ့ပါတယ်။
တရားစွဲဆိုချက်အရ ၂၀၁၇ ခုနစ်အတွင်း အမည်မဖော်ပြထားတဲ့ တရုတ်နိုင်ငံသားအပေါ် ဖိအားပေးဖို့ စတိဖ်ဝိန်းမှ ထရမ့်ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့သလို ထရမ့်နဲ့လည်း လျှို့ဝှက်တွေ့ဆုံမှုများ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ တစ်ကြိမ်မှာ အီတလီကမ်းလွန်တစ်နေရာမှ ရွက်သင်္ဘောစီးမှနေပြီး စတိဖ်ဝိန်းက ထရမ့်ဆီသို့ ဖုန်းခေါ်ဆိုခဲ့ပြီး အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့တယ်လို့ တရားရေးဌာနမှ ဖော်ပြထားပါတယ်။ စတိဖ်ဝိန်းမှ လပေါင်းများစွာကြာအောင် ထရမ့်အား တိုက်တွန်းခဲ့ပြီး အဲဒီကာလကြားမှာ Foreign Agents Registration Act (FARA) ဥပဒေအရ နိုင်ငံခြားတိုင်းပြည်တစ်ခုအတွက် အလုပ်လုပ်ကိုင်ပေးတာကို မှတ်ပုံတင်ထားခဲ့ခြင်း မရှိဘူးလို့ ဆိုထားပါတယ်။
သေချာမသိရသေးတဲ့ အကြောင်းရင်းတချို့ကြောင့် စတိဖ်ဝိန်းရဲ့ တရားမဝင် လော်ဘီကြိုးပမ်းမှုက အောင်မြင်မှုမရှိခဲ့ဘဲ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ စတိဖ်ဝိန်းက သူနှင့်အဆက်အသွယ် မလုပ်တော့ဖို့ တရုတ်အစိုးရဖက်မှ အဆက်အသွယ်အား ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ စတိဖ်ဝိန်းက တရုတ်အစိုးရအတွက် လော်ဘီလုပ်ပေးဖို့ လှုံ့ဆော်မှုဖြစ်စေခဲ့တဲ့ အကြောင်းရင်းက လျှို့ဝှက်ထူးဆန်းမှုတော့ မရှိပါဘူး။ တရားရေးဌာနမှ ဖော်ပြချက်အရ တရုတ်ပိုင်နက် မကာအိုကျွန်းမှာ စတိဖ်ဝိန်းပိုင်ဆိုင်တဲ့ ကာစီနိုလောင်းကစားရုံများရှိပြီး၊ ၂၀၁၆ ခုနှစ်မှာ တရုတ်အစိုးရက မကာအို လောင်းကစားရုံများမှာ စားပွဲနှင့်လောင်းကစားစက် အရေအတွက်များနဲ့ ပတ်သက်ပြီး ကန့်သတ်မှုများ လုပ်လာခဲ့ပါတယ်။ လပေါင်းအနည်း ကြာတဲ့နောက်မှာ စတိဖ်ဝိန်းမှ ပီကင်းအစိုးရအတွက် စတင်အလုပ်လုပ်ခဲ့ပြီး သူရဲ့လောင်းကစားရုံကိစ္စနဲ့ ပတ်သက်ပြီး ဒုဝန်ကြီး Sun Lijun နဲ့ အကြိမ်ကြိမ် ဖုန်းဆက်တိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။
စတိဖ်ဝိန်းရဲ့ ရှေ့နေတွေကတော့ နိုင်ငံခြားတိုင်းပြည်တစ်ခုအတွက် လျှို့ဝှက်အေးဂျင့်အဖြစ် လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ တရားရေးဌာနရဲ့ တရားစွဲဆိုချက်က နိုင်ငံခြားတိုင်းပြည်များ အတွက် တရားမဝင် လော်ဘီလုပ်ဆောင်နေမှုများအား အမေရိကန်အစိုးရမှ ကြိုးစားဖော်ထုတ်နေတယ်ဆိုတာ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ အမေရိကန်မှာ နိုင်ငံခြားလော်ဘီ စည်းရုံးလှုပ်ရှားမှုများအပေါ် အာရုံစိုက်သတိထားမှု မြင့်မားလာပေမဲ့ Foreign Agents Registration Act (FARA) ဥပဒေနဲ့ ပတ်သက်ပြီး စတိဖ်ဝိန်းအပေါ် တရားစွဲဆိုမှုက နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှစပြီး တရားရေးဌာနမှ စတိဖ်ဝိန်းအား အကြိမ်ကြိမ်သတိပေးခဲ့ပြီး သူရဲ့လော်ဘီလုပ်ငန်းများနဲ့ပတ်သက်ပြီး တရားဝင်မှတ်ပုံဖို့ လိုအပ်ကြောင်း (FARA ဥပဒေအရ မည်သည့်နိုင်ငံခြားတိုင်းပြည်အတွက် လော်ဘီလုပ်တယ်၊ လုပ်ငန်းတာဝန် နဲ့ ဝင်ငွေ စသည်တို့ကို တရားဝင်ဖော်ပြပြီး မှတ်ပုံတင်ရပါတယ်) ပြောဆိုခဲ့ပေမဲ့ စတိဖ်ဝိန်းမှ ငြင်းဆန်ခဲ့ပါတယ်။
တနည်းအားဖြင့်ကြည့်မယ်ဆိုရင် ဒီတရားစွဲဆိုမှုက အံ့သြတုန်လှုပ်စရာ ကောင်းပါတယ်။ အမေရိကန်အစိုးရက ထရမ့်ရဲ့ သက်တမ်းရှည်ကြာ လူယုံတော်တစ်ယောက်အား စွပ်စွဲထားတာဖြစ်ပြီး၊ ရီပတ်ပလီကင်အမျိုးသားကောင်စီရဲ့ ဘဏ္ဍာရေးဥက္ကဌ တစ်ယောက်က ကမ္ဘာ့အင်အားကြီး တရုတ်အစိုးရအတွက် လျှို့ဝှက်စွာ အလုပ်လုပ်ကိုင်ပေးနေခြင်းကလည်း အမေရိကန်ရဲ့ သဘောထားဆန္ဒများနဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အခုလိုစွပ်ဆွဲခံရမှုများကို ရီပတ်ပလီကင်ပါတီက များသောအားဖြင့် ဂရုမစိုက်ဘဲ လစ်လျူရူ့ပြီး နေကြပါတယ်။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ အကျိုးဆန္ဒအတွက် ထရမ့်ရဲ့သဘောထား ပြောင်းလဲသွားအောင် ကြိုးစားစည်းရုံးခဲ့တဲ့ ထရမ့်ရဲ့အတွင်းစည်းလူက စတိဖ်ဝိန်း တစ်ယောက်တည်း မဟုတ်ပါဘူး။
Elliot Broidy နဲ့အတူတွဲပြီး ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးဥက္ကဌ Paul Manafort နဲ့ စည်းရုံးရေး ဒုဥက္ကဌ Rick Gates တို့နှစ်ယောက်စလုံးက နိုင်ငံခြားတိုင်းပြည်တစ်ခုအတွက် တရားမဝင် လော်ဘီလုပ်ဆောင်ခဲ့မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အလားတူပဲ ထရမ့်ရဲ့ ပထမဦးဆုံးသော အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Mike Flynn ကလည်း တူရကီအတွက် လျှို့ဝှက်ပြီး အလုပ်လုပ်ပေးခဲ့တဲ့အပြင် ရုရှား ကရီမလင်နန်းတော်မှ လာဘ်ကြေးငွေ ဒေါ်လာထောင်ပေါင်းများစွာ ရယူခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ နောက်ပြီးတော့ ထရမ့်ရဲ့ ကိုယ်ရေးကိုယ်တာရှေ့နေ Rudy Giuliani ကလည်း နိုင်ငံခြားအေးဂျင့်အဖြစ် လုပ်ကိုင်ပေးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရဆဲ ဖြစ်ပါတယ်။ Rudy Giuliani က တူရကီ၊ ဗင်နီဇွဲလား တို့ကအစ ယူကရိန်းမှ ခွဲထွက်အုပ်စု (ရုရှားထောက်ခံတဲ့အုပ်စု) တို့နဲ့ ဆက်သွယ်မှုရှိပြီး သူတို့အတွက် လော်ဘီလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲခံနေရပါတယ်။
ဒါတွေက တရားမဝင် နိုင်ငံခြားလော်ဘီသများတွေနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့နားထဲမှ ကြားနေရမယ့် ဒီတပတ်ရဲ့ သတင်းခေါင်းကြီးတွေပဲ မဟုတ်သေးပါဘူး။ အင်္ဂါနေ့မှာပဲ အာရပ်စော်ဘွားများနိုင်ငံ (UAE) နဲ့ ထရမ့်ရဲ့ ယခင်နိုင်ငံခြားရေးရာပေါ်လစီ အကြံပေးအရာရှိ Tom Barrack တို့အကြား ဆက်သွယ်မှုရှိတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဖယ်ဒရယ်အစိုးရရှေ့နေများမှ အသေးစိတ် အချက်အလက်များကို နောက်ထပ်ဖော်ထုတ်ခဲ့ပါတယ်။
Tom Barrack ပိုင်ဆိုင်တဲ့ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီမှ ၂၀၁၇ ခုနှစ်အတွင်းမှာ ယူအေအီးမှ ဒေါ်လာသန်းပေါင်းများစွာ လက်ခံရရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ တချိန်ထဲမှာပဲ Tom Barrack မှ ထရမ့်ရဲ့မိန့်ခွန်းများထဲမှာ ယူအေအီးဖက်လိုက်တဲ့ စကားလုံးများ ရွေးချယ်ထည့်သွင်းပေးခဲ့ပြီး၊ ယူအေအီးဖက်မှ အဆက်အသွယ်သို့ အိမ်ဖြူတော်ရဲ့ အတွင်းရေးဆွေးနွေးမှုများကို ပေးပို့ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
စတိဖ်ဝိန်းအပေါ် စွဲချက်များနဲ့ Tom Barrack နဲ့ပတ်သက်တဲ့ စွဲချက်အသစ်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြားတိုင်းပြည်များရဲ့ ဝင်ရောက်စွပ်ဖက်မှုများအား ထရမ့်အုပ်ချုပ်ရေးအဖွဲ့မှ ယခင်ထင်ထားခဲ့တာထက် ပိုပြီးတံခါးဖွင့်လက်ခံခဲ့တဲ့ ပုံစံရှိနေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဒီထက်ပိုပြီး လျှို့ဝှက်တဲ့ ခြေရှုပ်မှုများ၊ အသေးစိတ် အချက်အလက်များကို ကြားသိလာရမှာ သေချာပါတယ်။
နောက်တစ်ခု ထင်ရှားလာတာက အမေရိကန်တရားရေးဌာနမှလည်း ရနိုင်သမျှနည်းလမ်းများနဲ့ အဆိုပါ တရားမဝင် လော်ဘီကွန်ယက်များကို မြေလှန်ဖော်ထုတ်သွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ထရမ့်က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ဝင်ပြိုင်ဖို့ မျှော်လင့်ချက်နဲ့အတူ ကမ္ဘာတဝှမ်းမှ အာဏာရှင်များကလည်း သူတို့ရဲ့ အကျိုးအမြတ်အတွက် အမေရိကန်ရဲ့ နိုင်ငံခြားရေးရာပေါ်လစီ ပြောင်းလဲသွားနိုင်မယ့် အလားအလာ အခွင့်အလမ်းများကို ရှာဖွေလျက်ရှိပါတယ်။ ဒီလိုမျိုးကိစ္စတွေကို ကျန်တဲ့အမေရိကန်ပြည်သူများ သိရှိခြင်းမရှိဘဲ ထရမ့်ရဲ့ သမ္မတသက်တမ်းတလျှောက်မှာ အကြိမ်ကြိမ်အခါခါ လုပ်ခဲ့တာကို မြင်ခဲ့ရပါကြောင်း။ ။
(ကိုးကား။ ။ NBC News, May 22, 2022 - Trump's inner circle seems to have been a corrupt, meddling pit of vipers)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar