မြန်မာနွေဦး ခရိုနီကယ် - မေ ၂၃ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၃ မြင်ကွင်း
(မိုးမခ) မေ ၂၄၊ ၂၀၂၂
စိတ်ဝမ်းကွဲကြတဲ့ လူ့အဖွဲ့အစည်း သို့မဟုတ် မြန်မာနိုင်ငံ
လူမှုအဖွဲ့အစည်းမှာ အမြင်မတူကြတာ သဘောထားကွဲလွဲကြတာဟာ လူမှုအဖွဲ့အစည်းရဲ့ သဘာဝ ဖြစ်ပါတယ်။ အမြင်မတူတာတွေအားလုံးကို တူရမယ်လို့ အတင်းအာဏာနဲ့ အမိန့်နဲ့ ပြစ်ဒဏ်နဲ့ တူညီအောင် မတူညီတာတွေ ပေါ်ထွက်မလာအောင်လုပ်ဆောင်တာဟာ အာဏာရှင်စနစ် အာဏာ ရှင် စရိုက်ဖြစ်ပါတယ်။ မတူတဲ့အမြင်တွေကို ဖော်ထုတ်ခွင့်၊ ပြောဆိုခွင့်ရှိ မတူတဲ့ အမြင်တွေကနေ တူရာကို စုပေါင်း လုပ်ဆောင်ကြဖို့ မတူတဲ့အပိုင်းကို ဘယ်လို သဘောထား သတ်မှတ်ကြမလဲဆိုတဲ့အပိုင်း ဘယ်လိုအမြင်မျိုးတွေကတော့ဖြင့် သူတပါးကို လူမျိုး၊ အသားအရောင်၊ ကျား မ ရေးရာ ဘာသာရေး ခွဲခြားဆက်ဆံရာကျတယ်၊ စော်ကားရာကျတယ်၊ သူတပါးကို ဘေးအန္တရာယ်ကျရောက်စေနိုင်တယ်၊ အမုန်းတရားကို လှုံ့ဆော်ပေးတယ်၊ အသက်အန္တရာယ် ၊ အကြမ်းဖက်ဖို့ လှုံ့ ဆော်ပေးတယ် စသဖြင့် သတ်မှတ်ကာ တားဆီး ကန့်သတ်ကြရတာ ဖြစ်ပါတယ်။
ဒါက ဒီမိုကရေစီ စနစ်ကိုလက်ခံတဲ့လူ့အဖွဲ့အစည်းရဲ့ အခြေခံသဘောတရားတွေ ဖြစ်ပါတယ်။ မတူ ကွဲပြားမှုကို လက်ခံကြတယ်။ အမုန်းတရားလှုံ့ဆော်မှုကို လက်မခံကြသလို ပုံစံအမျိုးမျိုးသော ခွဲ ခြားဆက်ဆံခြင်းကို လက်မခံကြဘူး။ အကြမ်းဖက်ဖို့ ကျူးလွန်တာ၊ လှုံ့ဆော်တာ၊ အားပေးတာကို လက်မခံကြဘူး။ တဖက်မှာလည်း သဘောထားကွဲလွဲမှု အမြင်မတူမှုအခြေအနေအောက်မှာ လူမှုအဖွဲ့အစည်းရဲ့ တာဝန်ဝတ္တရားတွေ လိုက်နာရမယ့်ကျင့်ဝတ်၊ ဥပဒေဆိုင်ရာ စံနှုန်းတွေကို ပြဋ္ဌာန်းထားပြီး လိုက်နာကြရတဲ့ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။
နောက်တမျိုးသော လူမှုအဖွဲ့အစည်းကတော့ မတူကွဲပြားမှုတွေကို ဘယ်လို အခြေအနေမျိုးမှာဖြစ်စေ ထုတ်ဖော်ခွင့်မပေးတာမျိုး၊ သူတပါးကို ခွဲခြားဆက်ဆံရာမကျ၊ အမုန်းတရား မဟုတ်၊ အကြမ်း ဖက်မှုကို မလှုံ့ဆော် အားမပေးသည့်တိုင် အမြင်မတူတာမျိုးကို လုံးဝလက်မခံကြတာမျိုး ဖြစ်ပါတယ်။
အမြင်မတူတာကို အာဏာနဲ့သော်လည်းကောင်း၊ လူအများစုအင်အားနဲ့သော်လည်းကောင်း ပိတ် ဆို့တားဆီးပြီး အမှတ်တံဆိပ်ကပ်ကာ ပြစ်ဒဏ်ပေးတာ၊ ပြစ်ဒဏ်ခတ်တာတွေ လုပ်ကြတာမျိုးက အာဏာရှင်စနစ်၊ တနည်းအားဖြင့် ပဒေသရာဇ်ခေတ်က အတွေးအခေါ်နဲ့ အုပ်ချုပ်ကြတာမျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုကာလကစလို့ နိုင်ငံရေး ပြဿနာတွေမှာ အမြင်မတူတာတွေ အယူအဆ မတူတာတွေ ယုံကြည်ရာ ဝါဒမတူတာတွေ ပြည့်နှက်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ဆိုရှယ်လစ် အယူအဆရှိသူ လက်ယာအယူအဆရှိသူ စသဖြင့် ကွဲပြားခဲ့ကြသလို လွတ်လပ်ရေးရရှိပြီးနောက်မှာလည်း ဆိုရှယ်လစ် ၊ ကွန်မြူနစ် ၊ လူမျိုးစု အခွင့်အရေး စတဲ့အယူဝါဒမတူညီမှုတွေအပေါ်မှာ ကွဲပြားခဲ့တာ၊ လက်နက်ကိုင် စစ်တပ်က နောက် ဆုံး နိုင်ငံရေးသမားတွေကို ဖယ်ရှားပြီး အာဏာကိုချုပ်ကိုင်ခဲ့တာ ဆယ်စုနှစ်များစွာ အခုထက်တိုင်ဖြစ်ပါတယ်။
မြန်မာနိုင်ငံလိုပဲ ကိုလိုနီ နယ်ချဲ့ လက်အောက်ရောက်တာချင်းတူ၊ လွတ်လပ်ရေးကြိုးပမ်းတာချင်းလည်း တူပြီး လွတ်လပ်ရေး ရှေ့ဆင့်နောက်ဆင့်ရခဲ့ကြတဲ့ အိန္ဒိယနိုင်ငံမှာလည်း ဝါဒအားဖြင့်၊ လူ မျိုးအားဖြင့် ၊ ဘာသာရေးအားဖြင့် မတူကွဲပြားတဲ့အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပေမယ့်လည်း စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်ကို မရောက်ခဲ့ပါဘူး၊ ပြည်နယ်အချို့မှာ လက်နက်ကိုင် ပုန်ကန်မှုတွေ အခုထက်တိုင်ရှိသော်လည်း ပြည်တွင်းစစ်လို့ ပြောနိုင်လောက်တဲ့ ကျယ်ပြန့်တဲ့ စစ်ပွဲတွေ မဖြစ်ခဲ့ပါဘူး။ ပါကစ္စတန်နဲ့ ၁၉၇၁ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာရှိပြီး နှစ်နိုင်ငံ နယ်ချင်းစပ်နေတဲ့ ကက်ရှ်မီးယား ဒေသလို ပြဿနာတွေရှိပေမယ့် စစ်တပ်ရဲ့ အခန်းကဏ္ဍက တနိုင်ငံလုံးရဲ့ နိုင်ငံရေးကို လွှမ်းမိုးခြင်း မပြုနိုင်ပါဘူး။ ကမ္ဘာမှာ လူဦးရေအားဖြင့်ဆို အကြီးဆုံးဒီမိုကရေစီနိုင်ငံလို့ဆိုနိုင်တဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းက နှိုင်းယှဥ်တွေးစရာ ဖြစ်ပါတယ်။
မြန်မာလူမှုအဖွဲ့အစည်းကတော့ ကွဲပြားမှုတွေကို လက်ခံတဲ့အခြေခံ အယူအဆ၊ ကွဲပြားမှုတွေကို ကိုင်တွယ်ပြီး လူမှုအဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးမှု တည်ငြိမ်မှုရအောင် သွားဖို့ နည်းလမ်း၊ စဥ်းစားမှုတွေ အားနည်းပြီးအဖြူ အမဲခွဲခြားတဲ့နည်းလမ်း တံဆိပ်တပ်ပြီး တဘက်ကို ရန်သူအဖြစ် သတ်မှတ်ကာ ဖိနှိပ်ဖို့ ဖယ်ရှားဖို့ အနိုင်ယူဖို့ နည်းလမ်းမျိုးသာ ခေတ်အဆက်ဆက်မှာ ကျင့်သုံးခဲ့ကြပါတယ်။
စစ်လက်နက်အင်အားရှိသူ၊ လူမျိုးအရ လူဦးရေအရများသူ၊ အခွင့်ထူးခံစားရပြီး အသာစီးရထားသူတွေက အခြေအနေပေါ်မှာ အမြတ်ထုတ်တာမျိုးတွေလည်းရှိသလို လူမှုအဖွဲ့အစည်းကို အန္တရာ ယ်ပြုတာမျိုးမဟုတ်တဲ့ မတူကွဲပြားတဲ့ အမြင်တွေ အယူအဆတွေကို ခွင့်ပြုဖို့ ဝန်လေးတတ်ကြတာလည်း ဖြစ်ပါတယ်။
ဒီလို အဖြူ အမည်း ခွဲခြားတဲ့ အလေ့အထဟာ ပညာရေး သို့မဟုတ် လူမျိုးတမျိုးရဲ့ အစဥ်အလာ ယဥ်ကျေးမှုတွေပေါ်မှာ အခြေခံကောင်းလည်း အခြေခံကောင်း အခြေခံပါလိမ့်မယ်။ ရေရှည်တည် ငြိမ်တဲ့ ဒီမိုကရေစီ လူမှုအဖွဲ့အစည်းအဖြစ် တည်ဆောက်လိုရင်တော့ အမြင်မတူကွဲပြားသူတွေကို လွယ်လွယ်နဲ့ တံဆိပ်ကပ် အနိုင်ယူ၊ ဖိနှိပ်တာမျိုးတွေရပ်တန့်ဖို့ ခေါင်းဆောင်သူတွေမှာ တာဝန်အရှိဆုံး ဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar