Breaking News

သီအိုဇော် - ယူကရိန်း၏ ပထမဦးဆုံး ရုရှားစစ်ရာဇဝတ်မှု တရားစီရင်ခန်း


သီအိုဇော် - ယူကရိန်း၏ ပထမဦးဆုံး ရုရှားစစ်ရာဇဝတ်မှု တရားစီရင်ခန်း
(မိုးမခ) မေ ၂၄၊ ၂၀၂၂

‘ဆူမီပြည်နယ်’(Sumy Province) ဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ တည်ရှိပါတယ်။ ‘ချူပကိဗ်ကာ’ ’Chupakhivka’ ကတော့ လူဦးရေ (၂၀၀၀) ပတ်ဝန်းကျင်လောက်သာရှိတဲ့ ‘ဆူမီ’ပြည်နယ်ထဲက အေးချမ်းတဲ့ ရွာလေးတခုဖြစ်ပြီး ရုရှားနယ်စပ်နဲ့ ၆၀ ကီလိုမီတာခန့်သာ ဝေးပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ် ဝါရီလ (၂၈) ရက်နေ့ကတော့ ဒီရွာလေးဟာ ခါးသီးတဲ့ ရုရှားကျူးကျော်စစ် အနိဌာရုံတွေကို စတင်ကြုံတွေ့ခဲ့ရပါတယ်။ယူကရိန်းကို ဖေဖေါ် ဝါရီလ(၂၄) ရက်နေ့မှာ စကျူးကျော်ခဲ့တဲ့ ရုရှားစစ်တပ်တွေ မြို့တော် ’ကိဗ့်’ ဆီကို ချီတက်အသွား ‘ချူပ ကိဗ်ကာ’ ရွာလေးနားကို ရောက်ရှိလာခဲ့ပါတယ်။

ကားပြတင်းပေါက်တခုက သေနတ်သံများထွက်ပေါ်လာခဲ့ပြီးနောက် စက်ဘီးစီးလာတဲ့ လက်နက်မဲ့အရပ်သား တယောက်ခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးခဲ့ပါတယ်။ သူကတော့ အသက် (၆၂) နှစ်အရွယ်’အလက် ဇန်းဒါး ရှယ်လီပေါ့ဗ်’(Oleksandr Shelipov) ဖြစ်ပြီး သေနတ်သံကြောင့် ခြံထဲကပြေးထွက်လာတဲ့  ‘ကက်တ ရီးနာ ရှယ်လီပေါ့ဗ်’(Kateryna Shelipov) က ကားပေါ်က ပစ်ခတ်လိုက်သူ ရုရှားစစ်သားရဲ့မျက်နှာကို  သူမ ကောင်းကောင်း မှတ်မိလိုက်ပါတယ်။ ဒါကို တရားရုံးမှာထွက်ဆိုရင်း သူပဲဆိုတဲ့အကြည့်နဲ့ သူမအနောက်ဆီက မှန်ခန်းထဲကရုရှားစစ်သားကို တချက်ကြည့်လိုက်ပါတယ်။

‘Radio Free Europe/Radio Liberty’က တင်ထားတဲ့ မေလ (၁၈) ရက် ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးမှု ပြ ကွက်တိုလေးကို ကြည့်မိခြင်းပါ။ မကြာသေးမီရက်ပိုင်းက ယူကရိန်းအစိုးရရှေ့နေချုပ်’အရီနာ ဗနက်ဒစ်တိုဗာ’ (Iryna Venediktova) ရဲ့ ‘ဒီပထမဆုံးကြားနာစစ်ဆေးမှုကနေ ယူကရိန်းနိုင်ငံထဲ ရာဇဝတ်မှုကျူးလွန်သူ၊ ကျူး လွန်အောင် အမိန့်ပေးသူ၊ ကူညီသူအားလုံးကို တာဝန်ရှောင်လွှဲလို့ မရစေရဘူးဆိုတာ ရှင်းရှင်းလင်းလင်း အ ချက်ပေးလိုက်ပါတယ်’ ဆိုတဲ့ ပြောကြားချက်ဟာ အသက်ဝင်လာတာကို တွေ့လိုက်ရခြင်းပါပဲ။

နိုင်ငံတကာအဖွဲ့အစည်းများက ရုရှားကျူးကျော်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဂျီနိုဆိုဒ်၊ ရန်စကျူးကျော်မှုတို့နဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေကြပါတယ်။ အိုင်စီစီကိုယ် တိုင်လည်း ဒီရက်ပိုင်းအတွင်းမှာ မှုခင်းအချက်အလက်ရှာဖွေရေးအတွက် အဖွဲ့ဝင် (၄၂) ယောက် စီစဥ်စေလွှတ် ထားပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အဆင့်ပေါင်းများစွာနဲ့ အချိန်ယူရတဲ့ လုပ်ငန်းစဥ်တွေဖြစ်တဲ့ အတွက် မြန်ဆန်သွက်လက်မှုရှိအောင် ယူကရိန်းတရားစီရင်ရေးစနစ်နဲ့ ဆောင်ရွက်ဖို့ ကြိုးစားနေကြတာပါ။ ဒါမှသာ အထက်ပါရာဇဝတ်မှုမျိုး ထပ်မံကျူးလွန်မလာစေဖို့ အဟန့်အတား ဖြစ်နိုင်မယ်လို့ တွက်ဆကြပြီး မြန်ဆန်ထိရောက်မှုရှိတဲ့ နိုင်ငံတွင်းတရားစီ‌ရင်ရေးကို အာရုံစူးစိုက်နေကြခြင်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံများမှ ရှေ့နေချုပ်များကလည်း ယူ ကရိန်းရှေ့နေချုပ်’အရီနာ ဗနက်ဒစ်တိုဗာ’နဲ့ ရှေ့နေချုပ်ရုံးရဲ့ စုံးစမ်းစစ်ဆေးမှုတွေကို ထောက်ခံကြောင်း မေ (၁၉) ရက် နေ့စွဲနဲ့ ထုတ်ပြန်‌ကြေညာခဲ့ပါတယ်။ ယူကရိန်းရှေ့နေချုပ်ရုံးကလည်း စစ်ရာဇဝတ်မှုများအပါအဝင် မှတ်ပုံတင်စာရင်းသွင်းထားသော ရာဇဝတ်မှု (၁၁၈၄၆)၊ နိုင်ငံလုံခြုံရေးနဲ့ပတ်သက်တဲ့ ရာဇဝတ်မှု (၅၆၄၄)၊ ရု ရှားအစိုးရနဲ့စစ်တပ်တာဝန်ရှိသူများ သံသယစာရင်း (၆၂၃) ဦး ရှိကြောင်း မေ (၁ရ) ရက်နေ့စာရင်းမှာ ဖေါ်ပြ ထားပါတယ်။ ဒီပထမဆုံးကြားနာစစ်ဆေးမှုက ‘ဗဒင်း ရှိရှိမာရင်း’(Sergeant Vadim Shishimarin) လို ရာဇဝတ်မှုကျူးလွန်တယ်လို့ယူဆပြီး ဖမ်းဆီးထားသူကလည်း (၄၀) ဦးခန့်ရှိပြီလို့လည်း သိရပါတယ်။

(၂၁) နှစ်အရွယ် ‘ဗဒင်း ရှိရှိမာရင်း’က ’အလက်ဇန်းဒါး ရှယ်လီပေါ့ဗ်’ကို ပစ်သတ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့အထက်အရာရှိရဲ့  အမိန့်အရပစ်ခဲ့တာလို့ ‌လျှောက်လှဲပါတယ်။ ပြီးတော့ သူက ‘ကက်တရီးနာ ရှယ်လီပေါ့ဗ်’ ကို ‘ခွင့်မလွှတ်နိုင်ဘူးဆိုတာကို သိပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ပေးဖို့ ကျွန်တော်‌တောင်းပန်ပါရစေ’လို့ ဆိုခဲ့ ပါတယ်။

မေ (၂၃) ရက်နေ့မှာတော့ တရားရုံးက ယူကရိန်းပြစ်မှုဆိုင်ရာဥပဒေ အပိုဒ် ၄၃၈ (၂) အရ တသက်တကျွန်း ပြစ် ဒဏ် စီရင်ချက်ချလိုက်ပါပြီ။ ‘အမိန့်ကိုလိုက်နာခဲ့တာပါ’ ဆိုတဲ့ လျှောက်လှဲမှုဟာ စစ်ရာဇဝတ်မှုများအတွက် အကာအကွယ်မပေးနိုင်တာကို သဘောပေါက်ကြရပါမယ်။ ဒါဟာ ‘နူရင်းဘတ်’ စစ်ခုံရုံးတလျှောက် အကြားရ များတဲ့ ခုခံလျှောက်လှဲချက်ဖြစ်တဲ့အတွက် ဒီလိုပြောကြားခဲ့မှုများဟာ ‘နူရင်းဘတ်ခုခံမှု’ (Nuremberg Defence) လို့တောင် အမည်တွင်ခဲ့ရပါတယ်။

ယူကရိန်းတရားစီရင်ရေးစနစ်ဟာ မျှတမှုရှိကြောင်းကိုလည်း ကမ္ဘာကိုပြသလိုကြပြီး ‘ဗဒင်း ရှိရှိမာရင်း’ အ တွက် ရှေ့နေကိုလည်းစီစဥ်ပေးခဲ့ပါတယ်။ ယူကရိန်းရှေ့နေချုပ်’အရီနာ ဗနက်ဒစ်တိုဗာ’က သတင်းစကား ပေး ခဲ့ဖူးပါတယ်။ ‘ဒါကပြစ်မှုကျူးလွန်သူတွေကို တရားရုံးရှေ့မှောက် ခေါ်ယူစစ်ဆေးပြီး ကျူးလွန်ခံခဲ့ရသူများ အတွက် တရားမျှတမှုပြန်လည်ယူဆောင်ပေးနိုင်ရေးအတွက် ရှည်လျားပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဥ်တွေရဲ့  ခ ရီးအစသာဖြစ်တယ်။ ယူကရိန်းပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု့အားလုံးအတွက် မရရအောင် စုံ စမ်းဖေါ်ထုတ်ပေးမယ်’ ဆိုပြီးတော့ပါ။

ဝတ္ထုတပုဒ် ဒါမှမဟုတ် ရုပ်ရှင်ဇာတ်ဝင်ခန်း တခုထဲမှာသာဆိုရင်တော့ တရားရုံးရဲ့ စီရင်ချက်ပေါ်ထွက်တာနဲ့ပဲ  အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်၊ ဝတ္ထုမဟုတ်တဲ့ တကယ့်အဖြစ်အပျက်တခုဆိုတော့ စိတ်ကူး ယဥ်ဇာတ် လမ်းထဲမှာ ကြားရမှာမဟုတ်တဲ့ စကားလုံးများလည်း ကြားသိရဦးမှာပါ။‘ကက်တရီးနာ ရှယ်လီ ပေါ့ဗ်’ တရားခွင်ပထမ‌နေ့မှာ ပြောကြားခဲ့တာပါ။

‘ဒီကျူးလွန်ခဲ့တဲ့အပြစ်ကြောင့် သူဟာ တသက်တကျွန်း အပြစ်ဒဏ်စီရင်ခံသင့်ပါတယ်။ ဒါပေမယ့် စစ်သုံ့ပန်း အလဲအလှယ်အခွင့်အရေး ပေါ်လာလို့ ငါတို့ယူကရိန်းတပ်သားတွေ ပြန်လွတ်လာနိုင်ဖို့  သူ့ကိုထည့်ပြီး လဲပေး လိုက်ရမယ်ဆိုရင်လည်း စိတ်ထဲမှာ ဘာမှမဖြစ်ပါဘူး။ ရှင်တို့ဆောင်ရွက်နိုင်ပါတယ်’

‘ကက်တရီးနာကပြောခဲ့ဖူးပါတယ်။ သူမရဲ့ခင်ပွန်းဟာ သူမအတွက် အရာအားလုံးပါ။ အမြဲတမ်းလည်း အကာ အကွယ်ပေးခဲ့သူပါတဲ့။ အခုတော့ ဒါတွေအားလုံးဟာ ပြန်မရနိုင်တော့တဲ့ အိပ်မက်တခုလိုပါပဲ။ သူမ၊ သားတစ် ယောက်နဲ့ မြေးလေး (၂) ယောက်ကို ချန်ထားရစ်ခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၈) ရက်နေ့ကို သူမ ဘယ်လိုများမေ့ပျောက် ရနိုင်မှာပါလဲ။ ဒီစစ်ရာဇဝတ်သားကို သိပ်အပြစ်ကျခံစေချင်တာပေါ့။  ဒါပေမယ့် သူမနာကျင်စွာ ဆုံးဖြတ်ချက် ချလိုက်တာက သူမတို့ရဲ့ တန်ဖိုးရှိလှတဲ့ ယူကရိန်းတပ်ဖွဲ့တွေ ပြန်လည်လွတ်မြောက်စေရေးက အဓိကဆိုတာ ပါပဲ။

‘ကက်တရီးနာ’ခွင့်ပြုနိုင်ပေမယ့် ယူကရိန်းရှေ့နေချုပ်ပေးချင်တဲ့ သတင်းစကားက ရုရှားစစ်သားတွေ ရာဇ ဝတ်မှု ထပ်မကျူးလွန်မိစေဖို့ ၊ ကျူးလွန်ခဲ့သူတွေလည်း ထိုက်တန်တဲ့ပြစ်ဒဏ်ကျခံစေရဖို့ ရည်ရွယ်တဲ့ အ တွက် ဒီလိုစစ်ရာဇဝတ်သားများကို စစ်သုံ့ပန်းလဲလှယ်တဲ့အထဲ ထည့်သွင်းဖို့ ခက်ခဲပါလိမ့်မယ်။ ဒါမှသာ မြန် ဆန်ထိရောက်တဲ့ တရားခွင်တည်ဆောက်ရကျိုးနပ်မယ် ထင်ပါတယ်။

ဒီတရားခွင်က နောက်ထပ်ရရှိလိုက်တဲ့ အတွေးတခုကတော့ ‘ကက်တရီးနာ’ တို့လို ယူကရိန်းပြည်သူတွေ သူတို့ ရဲ့ ယူကရိန်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ်  အခုလိုချစ်ခင် တန်ဖိုးထားကြသလို၊ ဒီယူကရိန်း တပ်ဖွဲ့တွေကလည်း သူတို့ရဲ့ပြည်သူ၊ သူတို့ရဲ့မြေပိုင်နက်ကို အသက်နဲ့ရင်းလို့ တုန့်ပြန်တန်ဘိုးထား နေကြသမျှ ကာလပတ်လုံး ကျူးကျော်သူများအနေနဲ့ စစ်ပွဲတွေကို အောင်မြင်ဖို့ လွယ်ကူမှာမဟုတ်ဘူးဆိုတာကိုပါ။ ပြည် သူနဲ့တသားတည်းကျပြီး ပြည်သူအားပေးထောက်ခံတဲ့ ကာကွယ်ရေးတပ်ဖွဲ့များအတွက်ကတော့ အောင်ပွဲမှတပါး အခြားဘာများရှိနိုင်ပါဦးမည်လဲ။

ကိုးကားစာရင်း
- Radio Free Europe/Radio Liberty. Russian Soldier Sentenced To Life in Prison in First War Crimes Case since Ukraine Invasion.
- Nathan Vanderklippe. Oleksandr Shelipov was one of the first casualties of Russia’s invasion. 
- The war crime trial around his death could make history. The Globe and Mail. May 20, 2022
- Daria Markina and Katerina Krebs. Russian soldier sentenced to life in prison in first war crimes trial of Ukraine war. CNN World. May 23, 2022.
- Data from Prosecutor General’s Office (Ukraine) and Prosecutor General’s announcements.

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar