Breaking News

ကိုလူမိုဃ်း - အာဏာရူးအစဥ်အလာ ငြိမ်းချမ်း​ရေးထ​ယောင်သံနဲ့ တော်လှန်​ရေး အသိ သတိ

ကိုလူမိုဃ်း - အာဏာရူးအစဥ်အလာ ငြိမ်းချမ်း​ရေးထ​ယောင်သံနဲ့ တော်လှန်​ရေး အသိ သတိ
(မိုးမခ) မေ ၇၊ ၂၀၂၂

၁။ ၁၉၅၈
၁၉၅၈ က ဗိုလ်​နေဝင်းအာဏာသိမ်းဖို့ကြံ​တော့ ဦးနုက ဒီမိုက​ရေစီအသ​ရေယုတ်မှာစိုးတာ​ကြောင့် တိုင်းပြည်ယိုယွင်းလာလို့ တပ်ကို အာဏာလွှဲ​ပေးလိုက်တယ်လို့ အ​ကြောင်းပြ​ပေးရတယ်။ အာဏာသိမ်းတာမဟုတ်လို့ယူဆပြီး ပြည်သူရဲ့တုံ့ပြန်မှုက ဘာမှမဖြစ်လာခဲ့ဘူး။ သည်တုန်းက ဒီမိုက​ရေစီတိုင်းပြည်ဖြစ်ဆဲမို့ နှစ်နှစ်အကြာမှာအောင့်သက်သက်နဲ့ ပြန်​ပေးခဲ့ရတယ်။ ​ရွေး​​ကောက်ပွဲအတွက်ပြင်ဆင်​ပေးကြရမယ့် ကာလကလည်း ရှိ​သေးတာကိုး။ ဒါ​တောင် ၆ လလို့​​ပြောခဲ့တာ ၂ နှစ်ကြာသွားတယ်။ ​ရွေး​ကောက်ပွဲကျရင် တပ်နဲ့ပူးထားတဲ့ တည်မြဲဖဆပလ နိုင်မယ်ထင်တဲ့ ​မျှော်လင့်စိတ်လည်းပါမှာ​ပေါ့။

၂။ ၁၉၆၂ 
​၁၉၆၀ ​ရွေး​ကောက်ပွဲမှာ တည်မြဲရှုံးခြင်းရဲ့အဆက်လို့ပဲ ဆိုရမယ်။ ၁၉၆၂ မှာကျ​တော့ တစ်ခါ ဦးနုရဲ့အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့​တွေ ညီညွတ်စပြုလာလို့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို ဉာဏ်နုံ့နုံ့နဲ့ လိုရာဆွဲဘာသာပြန်ပြပြီး ပြည်​ထောင်စုကြီးပြိုကွဲမှာ ဘာညာအကြောင်းပြပြီး စစ်တပ်က အာဏာထသိမ်းပြန်တယ်။ သည်အခါမှာလည်း ဖြစ်ခဲ့တဲ့ ပါတီနိုင်ငံ​ရေးအကွဲအပြဲဇာတ်လမ်း​တွေကို ပြည်သူ​တွေက စိတ်ပျက်လက်ပျက်ဖြစ်​နေကြချိန်ဆို​တော့ နိုင်ငံ​ရေးစိတ်ဝင်စားတဲ့ ​ကျောင်းသားတချို့ရဲ့တုံ့ပြန်ဆန့်ကျင်မှုကလွဲပြီး အများစုက ဒီအတိုင်းထိုင်ကြည့်ခဲ့ကြတယ်။ သည်အချိန်က​ခေတ်စားတဲ့ ​ခေတ်​ပြောင်း​တော်လှန်​ရေး ဘာညာလက်ဝဲစကားလုံး​တွေကို ငှားပြီး ဗိုလ်​နေဝင်းက ​ကောင်း​ကောင်းအသုံးချနိုင်ခဲ့လို့ လက်ဝဲဆရာကြီးများ​​တောင် ဗိုလ်​နေဝင်းယိမ်းမှာ ဝင်ကလိုက်ကြ​ပါသေးတယ်။ တစ်တိုင်းပြည်လုံးရှိ နိုင်ငံ​ရေးအသိနည်းတဲ့ လူငယ်ပညာတတ်​တွေကို လက်ဝဲဝါဒစကားလုံး​တွေ လှိုင်လှိုင်သုံးပြီး အ​ယောင်​​ဆောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်​​ပေါ် ဆွဲ​ခေါ် လူခွဲခဲ့တယ်။ တိုင်းပြည်နာမည်​ပေးထားပုံကိုလည်း ကြည့်​လေ "ပြည်​ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ​တော်"တဲ့။ ကမ္ဘာက​​တောင် အငိုက်မိသွား​အောင် လုပ်ပြနိုင်ခဲ့တယ်။ နိုင်ငံ​ရေးအသိရှိတဲ့ လူငယ်​ကျောင်းသားထုက​တော့ ရရာနည်းလမ်းနဲ့ အစဥ်သဖြင့် အံတုခဲ့ကြ​ပေမဲ့ ရှုံး​နေရတာပါပဲ။ ​ဘောင်းဘီဝတ် ​ဘောင်းဘီချွတ်​တွေရဲ့ လွှမ်းမိုးမှုကပဲ အားကြီး​နေခဲ့တယ်။

၃။ ၁၉၈၈
၁၉၈၈ မှာ​တော့ မဆလပါတီကြီးရဲ့ အာဏာရှင်တည်မြဲဖို့ကလွဲပြီး ဘာစွမ်းဆောင်ရည်မှမရှိ​တဲ့ အ​ယောင်​ဆောင်မှုဟာ မျက်နှာဖုံးကွာပြီး တစ်တိုင်းပြည်လုံးကို ချွတ်ခြုံကျ ဘုန်းဘုန်းလဲစေခဲ့တယ်။ သည်အချိန်မှာ နိုင်ငံ​ရေးအသိနိုးကြားလာပြီဖြစ်တဲ့ ပြည်သူ​တွေရဲ့ အုံကြွ​တော်လှန်မှုဟာ ရှစ်​လေးလုံးအ​ရေး​တော်ပုံကြီး​အဖြစ် ပေါ်​ပေါက်လာ​စေခဲ့တယ်။ လူထူလူတန်းစားအသီးသီးပါဝင်နိုင်ခဲ့​ပေမဲ့ အရှည်စဥ်းစားနိုင်တဲ့ နိုင်ငံ​ရေးအ​တွေးနဲ့ ​တော်လှန်​ရေးအသိ ချို့တဲ့ခဲ့လို့ အာဏာသိမ်းခံလိုက်ရရုံနဲ့ ပွဲသိမ်းတစ်ခန်းရပ်ခဲ့ပြန်တယ်။ အာဏာရှင်ရဲ့ဖက်ဆစ်တပ်ကို လက်နက်ကိုင်ပြီး စုဖွဲ့​တော်လှန်မှုမပြုနိုင်ခဲ့ကြဘူး။ ​မြေ​ပေါ်နိုင်ငံရေးသမား​တွေကလည်း စစ်တပ်က​ပေးမယ့် ပါတီစုံဒီမိုက​ရေစီကို အဟုတ်​မျှော်လင့်ခဲ့ကြတယ်။

မဆလပြုတ်သွား​ပေမဲ့ အာဏာရှင်ဟာ သူ့ နည်းနာနိဿရအတိုင်းပဲ ပြည်သူ​တွေစိတ်ပျက်​သွားတဲ့ မဆလလိုတစ်ပါတီစနစ်မျိုးမသွား​တော့ဘဲ ပါတီစုံဒီမိုက​ရေစီစနစ်ဆီသွားမယ်လို့ အများကြိုက်ဖြစ်မယ့် စကားလုံးကို သံ​ယောင်ပြုလိုက်တယ်။ ​ရွေး​ကောက်ပွဲကျင်းပ​ပေးမယ်ဆိုတဲ့ အမိန့်​အောက်မှာ ပါတီ​ပေါင်း ၂၀၀ ​ကျော်ခဲ့ဖူးတာဟာ မြန်မာနိုင်ငံ​ရေးဇာတ်ခုံရဲ့ အံ့ချီးဖွယ်ပြုစရာ​ပေါ့။ တကယ်​ရွေး​ကောက်ပွဲဝင်​တော့ ပါတီ​ပေါင်း ၉၃ ပါတီထိရှိခဲ့တယ်။ EAOs ​တွေကို လက်နက်နဲ့ငြိမ်းချမ်း​ရေးလဲပြီး အချိုသတ်ထားနိုင်ခဲ့လို့ ဒီမိုက​ရေစီလိုချင်တာ ဗမာလူမျိုးစုတစ်ခုတည်းပမာ အထင်​ရောက်​စေခဲ့တယ်။ ​နောင်ထပ် ​၁၉၉၀ ​ရွေး​ကောက်ပွဲရလဒ်ကိုလည်း ဖွဲ့စည်းပုံဥပ​ဒေ​ရေးဆွဲ​ရေးနဲ့ ပိတ်ထားလိုက်တယ်။ စီးပွား​ရေးဘက်ကိုလည်း ​စျေးကွက်စီးပွား​ရေးစနစ်ဘာညာနဲ့  တပ်နဲ့​ပေါင်းစားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်​တွေကို လွတ်လွတ်လပ်လပ် ဖွင့်​ပေးသ​ယောင်ပြုထားလိုက်​တော့ အာဏာရှင်က ဆက်ပြီး အသားစီးရသွားခဲ့ပြန်တယ်။ ခရိုနီ​တွေကို သူတို့အိတ်ကပ်ထဲထည့်ထားခဲ့တယ်။ ဒီ့​နောက် ၁၅ နှစ်​ကျော်အချိန်ယူခဲ့ရတဲ့ ကမ္ဘာ​ကျော်မယ့် နာဂစ်ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကြီးနဲ့ စစ်အာဏာရှင်ဟာ ဆက်လက်အနိုင်ပိုင်းလာခဲ့တယ်။

၄။ ၂၀၂၁
၂၀၁၀ ​ရွေး​ကောက်ပွဲမှာ NLD ဝင်မပြိုင်​တော့ ကြံ့ဖွတ်က လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရပြီး အရပ်သားအမည်ခံ ​ဘောင်းဘီချွတ်အစိုးရ ဖြစ်လာတယ်။ ပြည်သူ​​တွေက သူတို့ကို ​ထောက်ခံတယ်လို့ တလွဲ​တွေ အထင်​ရောက်ခဲ့ကြတယ်။ ၂၀၁၂ ကြားဖြတ်​ရွေး​ကောက်ပွဲကစလို့ NLD ဟာ စစ်တပ်ကို ပူးသတ်နိုင်မယ်လို့ ထင်ပြီး ရင်ကြား​စေ့​ရေးစလိုဂန် ကိုင်စွဲကာ စစ်တပ်​ပေးမယ့် ဒီမိုက​ရေစီလမ်းကို ​ရွေးခဲ့တယ်။ စစ်တပ်ရဲ့နိုင်ငံ​ရေးမှာ ပါဝင်မှုရာခိုင်နှုန်းကို တဖြည်းဖြည်း ​လျှော့ချလာနိုင်မယ်လို့ ယူဆခဲ့တယ်။ ပြည်သူမနာမယ့်လမ်းကို​ရွေးပြီး လူလိုနားမလည်သူ​တွေကို လူလိုနားလည်လာနိုင်မယ် ထင်ပြီး အယုံလွယ်ခဲ့တာက ကိုယ်​တွေဘက်က တစ်ဗန်းရှုံး​စေခဲ့တယ်။ ဒီ​နေရာမှာ စစ်အာဏာရှင်ဟာ ပြည်သူအ​ပေါ်မှာ ​စေတနာတစိုးတစိမျှ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးဆိုတာကို ​သတိချပ်သင့်ပါတယ်။ နဂုကတည်းက ဖက်ဆစ်တပ်ဟာ ပြည်သူအ​ပေါ်မှာ ရန်/ငါ ပြတ်ပြီးသားဆိုတာကို လျှော့တွက်ခဲ့ကြပုံရပါတယ်။

၂၀၁၅၊ ၂၀၂၀ ​ရွေး​ကောက်ပွဲနှစ်ပွဲလုံးမှာ ခွက်ခွက်လန်​​အောင်ရှုံးခဲ့​တော့ ​ဘောင်းဘီဝတ်​တွေပါမက ​ဘောင်းဘီချွတ်​တွေပါ ​သွေးပျက်လာတယ်။ ဦးပိုင်ကဲ့သို့ သူတို့ရဲ့ ရာသက်ပန်အကျိုးစီးပွား​တွေကို ထိခိုက်လာမှာမျိုး ​​ချောက်အိပ်မက်​တွေ မက်စပြုလာတယ်။ သည်​တော့ ဗိုလ်ချုပ်​ဟောင်းအမတ်​ဟောင်းတို့လို ​ရွှေဉာဏ်​​တော်စူး​ရောက်သူ ပ​ရောဟိတ်​တွေက တစ်စခန်းထလာပြီး အခါ​ပေးစတိုရီ​တွေထုတ်လာတယ်။ သူတို့စိတ်ကြိုက် အဖွင့်အပိတ်​တွေနဲ့စီရင်ထားတဲ့ စာအုပ်စိမ်းကြီးကို​တောင် မယုံမကြည် ဖြစ်လာပုံရတယ်။ အဲသမှာ ကာချုပ်ဖြစ်ရင် ဘုရင်ပဲဆိုတဲ့မူအတိုင်း ဉာဏ်ပုပု ဖင်​ခေါင်းကျယ်ကျယ်နဲ့ "ပုကျယ်" ဆိုတဲ့​ကောင်က ​မတန်မရာသမ္မတအိပ်မက်မက်ဖို့ ​မျောက်ကဝင်ကဖို့ကြိုးစားတယ်။ လူနည်းနည်းသတ်ပြလိုက်ရင် သူတို့ဘက်က ပွဲသိမ်းမယ်ထင်ပြီး ဆန်​ကော​လောက်မှ​စောက်မနက်တဲ့ က​လီ​ရှေးအ​တွေးအ​ခေါ်နဲ့ အာဏာထသိမ်းတယ်။ အခု အာဏာသိမ်းတာ နှစ်တစ်ပတ်​လည်ရုံမက ကျော်ခဲ့ပြီ အုပ်ချုပ်​ရေးကို​တောင် မတည်နိုင်​သေးဘူး။ ၂၀၂၁ မှာ အဦးဆုံး အာဏာသိမ်းတဲ့နိုင်ငံအဖြစ်​တော့ စာရင်း​ပေါက်သွားပါတယ်။

အာဏာထသိမ်းလိုက်တဲ့ စစ်တပ်ရဲ့​စောက်ရူးထမှုဟာ ​​​ခေတ်အဆက်ဆက် စစ်တပ်ကပဲ ပြည်သူ​တွေထက် ​ခေါင်းတစ်လုံးပိုမြင့်သ​ယောင်ပြုထားတဲ့ အင်စတီးကျူးရှင်းကြီးတစ်ခုလုံးကို ဖြိုချမိလျက်သား ဖြစ်​နေပြီဆိုတာ သိမှသိကြပါ​လေစ။ ​ခေတ်စနစ်​တွေ​ပြောင်းလဲ​နေပြီဆိုတာ မရိပ်မိဘဲ "ကျ​နော်တို့က မိတ်​ဆွေနည်းနည်းနဲ့ပဲ ​နေတတ်လာတာ ကျင့်သားရခဲ့ပြီးမို့ နိုင်ငံတကာက အ​ရေးယူပိတ်ဆို့လာမှာကို ထူးပြီး မအံ့သြပါဘူး" လို့​ ပြောဝံ့သူတွေ ​ခေါင်း​ဆောင်​နေတဲ့ ဖက်ဆစ်တပ်​ဟာ တိုင်းပြည်ကို ​ချောက်ထဲတွန်းချဖို့ အသင့်ပြင်ထားကြပြီးသားပါ။

၅။ ၂၀၂၂ 
တိုင်းသစ်ပြည်သစ်တည်မယ့် ​ခေတ်​ပြောင်း​တော်လှန်​ရေးအဖြစ် အဆုံးစွန်ထိ ဆင်နွှဲ​နေကြတယ်။ လူ​နေထူတဲ့ မြို့ကြီးတချို့ကလွဲပြီး နိုင်ငံအနှံ့မှာ ရရာလက်နက်နဲ့ ဘဝ​တွေအသက်​​တွေရင်းပြီး ဘုရင့်​နောင်​ဖောင်ဖျက်နည်းထက်ပိုတဲ့ ယုံကြည်စိတ်တွေပြင်းထန်စွာနဲ့ တိုက်ပွဲဝင်​နေကြပါတယ်။ အထူးအကျယ်ချဲ့ပြော​ဖို့ မလိုတော့ပါဘူး။ အဲသလိုပဲ သူတို့ဘက် အာဏာရူးဖက်ဆစ်တပ်ကလည်း ပိုသတ်ပြ၊ ပိုရက်စက်ပြပြီး ပြည်သူ​တွေကို အရှိန်တိုးမြှင့် ခြိမ်း​ခြောက်လာ​နေပါတယ်။ အခု ​​ဖေ​ဖော်ဝါရီ၊ မတ်၊ ဧပြီ လများမှာ ပြင်းထန်လာတာ အားလုံးအသိပါ။ ပြည်သူအားလုံးဟာလည်း ​​တော်လှန်​ရေးအသိသတိနဲ့ အထူးပြု​နေထိုင်သွားလာကြဖို့ လိုပါမယ်။

အချုပ်အားဖြင့် အဓိကထား​ပြောလိုတာက စစ်အာဏာရှင်ဟာ သူ့ဘက်ကရှုံးပြီလို့ယူဆတဲ့ ​နောက်ဆုံးအ​ခြေအ​နေမှာ ​နောက်တစ်လှမ်းဆုတ်တစ်ထစ်​လျှော့သ​ယောင်ပြုလာလိမ့်မယ်။ ပြီးရင် ​ခေတ်အဆက်ဆက် သူတို့သုံး​နေကျနည်းစနစ်တစ်ခုဖြစ်တဲ့ လွယ်လည်းလွယ် အသုံးလည်းကျတဲ့ သူတို့ကိုဆန့်ကျင်​တော်လှန်တဲ့အဖွဲ့​တွေကို အခွင့်အ​ရေးမက်လုံးနဲ့ "ထိုးခွဲ" လိမ့်မယ်ဆိုတာပါပဲ။

ထိုးခွဲမယ့်နည်းလမ်း​တွေက -

(က)အထက်မှာ ​ပြောခဲ့တဲ့ အာဏာသိမ်းပြီး ရင် သူတို့ပြုလုပ်​လေ့ရှိတာက လူအများ​ပြော​​နေပြီးစိတ်ဝင်စားကြတဲ့ ဝါဒသ​ဘောတရား​တွေကို အနှစ်မပါ အခွံချည့်သက်သက် ဟန်​ဆောင်အသုံးပြုပြီး မျှား​ခေါ်ပါမယ်။ ဥပမာ ​တော်လှန်​ရေးအင်အားစု​တွေရဲ့ အန္တိမပန်းတိုင်အဖြစ်​ပြော​နေတဲ့ "ဖက်ဒရယ်ဒီမိုက​ရေစီပြည်​​​ထောင်စု" စကားလုံးမျိုးကို သူတို့ တွင်တွင်သုံးလာလိမ့်မယ်။

(ခ) ဖက်ဆစ်တပ်ရဲ့ အိတ်ကပ်ထဲက ပြည်သူဘက်​တော်သားလိုလို ဖြစ်ခဲ့တဲ့ ခရိုနီလုပ်ငန်းရှင်​တွေကို အသုံးပြုလာလိမ့်မယ်။ တစ်ဖက်က အခွင့်အလမ်း​လုပ်ပိုင်ခွင့်တွေ​ပေးပြီး စီးပွား​ရေးကို ပြန်လည်နာလန်ထူနိုင်​အောင် ဇွတ်လုပ်ခိုင်းလာလိမ့်မယ်။ စိတ်ဓာတ်​မခိုင်မာတဲ့ ​တော်လှန်​ရေးထဲ ထဲထဲဝင်ဝင်ပါ​နေတဲ့သူ​တွေ၊ ပါတီနိုင်ငံ​ရေးကို အားပြုချင်တဲ့သူ​တွေကို  ငွေ​ကြေးအကြီးအကျယ်သုံးကာ ရ​အောင်ဝယ်ပြီး ကွဲ​အောင်ခွဲလာလိမ့်မယ်။ တ​လောကပဲ စီးပွား​ရေးသမားခရိုနီတစ်​ယောက် အညာဘက်က ​တော်လှန်​ရေးသမား​တွေကို လိုက်ဝယ်​နေ​ကြောင်း သတင်းထဲကြားရပါတယ်။

(ဂ) ​နောက်ပြီး ​ခေတ်​ပြောင်းမယ်ပြုတိုင်းမှာ ဘယ်ကဘယ်လိုရထားမှန်းမသိတဲ့ ​ဒေါက်တာဘွဲ့​တံဆိပ်​တွေနဲ့ ပညာကိုအ​ယောင်ပြပြီး ပဋိပက္ခဖြစ်ဖို့ အမြဲတမ်း​မျှော်​နေတဲ့ ပဋိပက္ခဖြန်​ဖြေ​ရေးသမား​တွေကို အသုံးပြုလာမယ်။ နာမည်တပ်ထား​တော့သာ ဖြန်​ဖြေ​ရေးသမားဖြစ်​​နေတာ အမှန်တကယ်က ဖက်ဆစ်​ဘောမ​အေးဂျင့် ဖြိုခွဲ​ရေးသမား​တွေသာ ဖြစ်ပါတယ်။ အခုဆို နိုင်ငံတကာအဆင့်ထိပါတဲ့ ​လောဘီ​တွေပါ ​မွေးထားနိုင်ပြီဆိုတာ ကြားသိ​နေရပြီ။

(ဃ) ပြည်သူ​တွေကြားမှာ သံသယစိတ်​တွေ ထူ​ပြောလာ​​အောင် အလံရှူးသတင်း​တွေ ဖန်တီးလာမယ်၊ ​ချော့တစ်ခါ​ခြောက်တစ်လှည့် တုတ်​ပေးလိုက် မုန့်​ပေးလိုက် နည်းလမ်း​တွေသုံးပြီး စည်းရုံးလာမယ်။

စတဲ့ နည်းလမ်းအသွယ်သွယ်သုံးလာမယ်။ တ​စ်နေ့ကပဲ NCA လက်မှတ်ထိုးတာမျိုးလို အချက်အလက်​တောင်မလို​တော့ဘဲ EAO ​တွေနဲ့ အပစ်ရပ်ဖို့ ​ခွေးပါးစပ်က နတ်စကားထွက်ကာ ငြိမ်းချမ်း​ရေးလုပ်ဖို့ ကမ်းလှမ်းတာမျိုး​တွေ စလုပ်လာ​နေပြီ။ ​အာဏာရူးဖက်ဆစ်တပ်ဟာ သူတို့ဘက်က အသားစီးယူထားပြီး "ထိုးခွဲ​ရေး" ​ခြေလှမ်း​တွေစလာပြီ ဖြစ်ပါတယ်။

အခု ​နောက်ဆုံးလက်နက်အဖြစ် ငြိမ်းချမ်း​ရေးစကားလုံးကို ​ခေတ်အဆက်ဆက်စစ်အာဏာရှင် ဗိုလ်​နေဝင်း၊ ဗိုလ်​စော​မောင်၊ ဗိုလ်သန်း​ရွှေတို့​တွေ အားမနာလျှာမကျိုး ​ပြောခဲ့တဲ့ပုံအတိုင်း အခု မအလက အရှက်ကင်းမဲ့တဲ့မျက်နှာ​ပြောင်နဲ့ ​ပြောလာပြန်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေနဲ့ ငြိမ်းချမ်း​ရေး​ဆွေး​နွေစပွဲလုပ်ဖို့ စတင်ဖိတ်​ခေါ်ကမ်းလှမ်းလာပြီ ဖြစ်ပါတယ်။ အဲသမှာ ​နွေဦး​တော်လှန်​ရေးရဲ့ အနှစ်သာရကိုလည်း ​ဖော်​ဆောင်၊ အဓိကခုခံ​တော်လှန်စစ်လည်း ဆင်နွှဲ​နေတဲ့ PDF လို ဗမာ့​တော်လှန်မှုအဖွဲ့အစည်း​တွေကို​တော့ဖြင့် အကြမ်းဖက်အဖွဲ့လို့ အဓမ္မ သမုတ်ပြီး ချန်လှပ်ထားတယ်။ ဒါဟာ "တိုင်းရင်းသားအဖွဲ့​တွေနဲ့ တန်းတူထား ဆက်ဆံရင်း ဖက်ဒရယ်ဒီမိုက​ရေစီပြည်​ထောင်စု ​မျှော်မှန်းချက်တူညီစွာနဲ့သွား​နေတဲ့ ဗမာပြည်သူ့​တော်လှန်​ရေးအဖွဲ့​တွေနဲ့ တိုင်းရင်းသားအဖွဲ့​တွေကို ထိုးခွဲဖို့ကြိုးစားလာတဲ့ ပြယုဂ်မျှသာ" ပါပဲဆိုတာ ရိပ်မိကြမယ် ထင်ပါတယ်။ ဒါကို အ​တွေ့အကြုံရင့်ကျက်ပြီး ဖြစ်တဲ့ EROs တချို့က သ​ဘော​ပေါက်ကြပြီးသား ဖြစ်ပါတယ်။

ဒီမိုက​ရေစီအ​ရေးအခင်းနဲ့ ပတ်သက်ဆက်နွှယ်မိပြီး အဖမ်းအဆီး အစစ်အ​ဆေးခံရတိုင်း "မင်းလားကွ ဒီမိုက​ရေစီလိုချင်တာ" ဆိုတာလို စကားလုံး​တွေနဲ့ ပြက်ရယ်ပြုရယ်သွမ်း​သွေးပြီး အထိုးအကြိတ်ခံခဲ့ကြရတာ​တွေဟာ ​မေ့​ကောင်းစရာမဟုတ်ပါဘူး။ အာဏာရူးဖက်ဆစ်တပ်အဖို့ ဒီမိုက​ရေစီဆိုတဲ့စကားလုံးဟာ သူတို့နားဝမှာ အခါးသီးဆုံးပါ။ အာဏာရူးဖက်ဆစ်တပ်ဟာ အလွယ် အရှုံး​ပေးမယ့်သူ​တွေမဟုတ်ပါဘူး။ ပြည်သူ​တွေရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်အတိုင်း တော်လှန်​ရေးအသိသတိဖြင့် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်အနိုင်ယူမှသာ ပွဲသိမ်းခရာတုပ်သံကို ကြားကြရပြီး ဖက်ဒရယ်ပြည်​ထောင်စုကြီးကို တည်​ဆောက်နိုင်မှာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ရင်​ခေါင်းသံနဲ့​မောင်းခတ်လိုက်ပါတယ်။

ကိုလူမိုဃ်း

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar