Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၈ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၈ မြင်ကွင်း

(မိုးမခ) ဇွန် ၁၉၊ ၂၀၂၂

ဖက်ဆစ်စစ်တပ်နဲ့ စစ်ရာဇဝတ်မှုများ

လွန်ခဲ့တဲ့ရက်က အာရ်အက်ဖ်အေ သတင်းဌာနက မြန်မာစစ်တပ်၏ အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်ခဲ့မှုသတင်းကို သက်သေတနဲ့တကွ တင်ပြခဲ့ပါတယ်။ ၂၀၂၂ မေလအတွင်းက စစ်ကိုင်းတိုင်း ရွာတရွာမှာ လူ ၃၀ ကို ဖမ်းဆီးသွားပြီး အစပျောက်သွားခဲ့တာနဲ့ အရပ်သား ၅ ဦးကို မြန်မာစစ်သားတွေက ပစ်သတ်ထားတဲ့ ဓာတ်ပုံတွေ ပါဝင်ပါတယ်။ အရာတော်မြို့နယ်မှာ မြန်မာစစ်သားတဦး ကျကျန်ရစ်တဲ့ မိုဘိုင်းဖုန်းထဲက စစ်သားကိုယ်တိုင် ရိုက်ထားတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ  အထက်ပါ မြန်မာစစ်တပ်က လက်နက်မဲ့အရပ်သားများကို ဖမ်းဆီး အကြမ်းဖက် ပစ်သတ်ခဲ့တာတွေကို သူတို့စစ်သားတွေကိုယ်တိုင် မှတ်တမ်းယူထားတာ၊ အချင်းချင်း ဖွင့်ပြောကြတာတွေကို မြင်တွေ့ရတယ်လို့ သတင်းဌာနက ထုတ်ပြန်ပါတယ်။ အဲသည်ထဲမှာ လူ ၂၆ ယောက်ကို သတ်ဖူးတယ်လို့ စစ်သားတဦးက ဝန်ခံပြီး တဦးကတော့ ၅ ဦးကို သတ်ခဲ့တယ်လို့ ပြောတဲ့ အသံကြားရပါတယ်။ မြန်မာစစ်တပ်က စစ်သားတွေဟာ ရက်စက်ကြမ်းကြုတ်စွာ စစ်ဆင်ရေးဆင်နွှဲနေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျုးလွန်နေတာကို တစွန်းတစ သက်သေတွေ့ကြရတာကြောင့် တရားဥပဒေ၏ မျက်ကွယ်မှာ မြန်မာစစ်တပ် လူသတ်နေတာ ယခု နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းတခုတည်းမှာတင် ရာနဲ့  ချီပြီး ရှိနေပြီလို့ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။ 

နိုင်ငံတကာက မြန်မာစစ်တပ်၏ စစ်ရာဇတ်မှုတွေကို ၂၀၁၇ ရိုဟင်ဂျာအရေးအခင်းမှာ အများပြည်သူသိအောင် သက်သေနဲ့တကွ ထုတ်ဖော်နိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တော ဒေသက ရဲကင်းစခန်း ၃၀ ကျော်ကို Arakan Rohingya Salvation Army (ARSA ) အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့အပြီး တစ်ပတ်အကြာမှာ အင်းဒင် သတ်ဖြတ်မှုဖြစ်ခဲ့တယ်လို့ ရိုက်တာ၏ အထူးသတင်း ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ အင်းဒင်ရွာမှာ ရိုဟင်ဂျာရွာသား ၁၀ ယောက်ကို စက်တင်ဘာ ၁ ရက် ညနေက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂ ရက် မနက် ၁၀ နာရီလောက်မှာ ရွာသား နှစ်ယောက်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက သူတို့အားလုံးကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို ဖော်ထုတ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲသည်အတွက် မြန်မာစစ်တပ်က သူတို့မြန်မာစစ်သား ရဲသားတွေကို အရေးယူ အပြစ်ပေးလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပေမယ့် ၂၀၁၉ မှာ သူတို့ကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

မြန်မာပြည်မက အဲသည်တုန်းက မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ လူသတ်မှုတွေ အကြမ်းဖက်မှုတွေ ကျူးလွန်မှာ မဟုတ်ဘူးလို့ ယေဘူယျ ကောက်ချက်ချခဲ့ပါတယ်။ ၂၀၁၇ ရိုဟင်ဂျာအရေးအခင်းမှာ မြန်မာစစ်တပ်က ၂ ပတ်အတွင်း ရိုဟင်ဂျာလူမျိုးတွေကို စစ်ဆင်ရေး ဆင်နွှဲပြီး အရေးယူခဲ့ရာမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံထဲက ရိုဟင်ဂျာတွေ သိန်းချီပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။ ခုထိလဲ ရိုဟင်ဂျာလူမျိုးတွေ နေရပ်ပြန်လို့ မရသေးဘဲ ဒုက္ခသည်စခန်းတွေက ပင်ပန်းဆင်းရဲစွာ နေထိုင်နေကြရပါတယ်။ အဲသည် စစ်တပ်၏ ၂ ပတ်ကြာ မြေလှန်တဲ့ စစ်ဆင်ရေးမှာ ရိုဟင်ဂျာ ၆၀၀၀ ကနေ တသောင်းကြားထဲ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ အဲသည်အတွက်ကြောင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ အမှုနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ တရားစွဲဆိုခံထားရပါတယ်။ 

အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာ မြန်မာစစ်တပ်က လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် လူထောင်ချီပြီး ဖမ်းဆီးထားပါတယ်။ လမ်းမနဲ့ ထောက်လှမ်းရေးစခန်းတွေမှာ လူတွေ ရာချီပြီး အသတ်ခံထားရပါတယ်။ ၂၀၂၁ ဧပြီနဲ့ မေလက စတင်ခဲ့တဲ့ မြန်မာပြည်သူတွေ၏ ရရာလက်နက်နဲ့ ခုခံတွန်းလှန်စစ်ကိုလည်း မြန်မာစစ်တပ်က ရက်စက်စွာ သတ်ဖြတ် မီးရှို့ နှိပ်စက် နှိမ်နင်းနေပါတယ်။ သက်သေအထောက်အထားအဖြစ် စစ်၏ သားကောင်များ၏ အမည်စာရင်းတွေ သူတို့မိသားစုဝင်တွေ၏ ထွက်ဆိုချက်တွေလည်း တော်လှန်ရေးအဖွဲ့အစည်းများက ရရှိထားပြီး ဖြစ်ပါတယ်။ မြန်မာစစ်သားတွေ၏ ကိုယ်တိုင်သိမ်းဆည်းထားတဲ့ မှတ်တမ်းတွေကိုလည်း ဒေသခံ ရွာသူရွာသားတွေက သည်ထက်ပိုပြီး သိမ်းပိုက်လာနိုင်မယ်ဆိုရင် သတင်းဌာနတွေဆီကို စနစ်တကျပေးပို့နိုင်မယ်၊ ပြည်သူတွေကို တင်ပြနိုင်မယ်ဆိုရင် ဖက်ဆစ်စစ်တပ် သရုပ်မှန်ကို လူတိုင်းလက်ခံပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး အရေးပါပုံ အချိန်ဆွဲလို့မရဘူးဆိုတာ ပိုမိုသဘောပေါက်လာဖို့ မျှော်လင့်ပါတယ်။

စစ်ကိုင်းဒေသအပေါ် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုတွေသာမက နှစ်ပေါင်းများစွာ ကချင်၊ ကရင်၊ ရခိုင်၊ ချင်း၊ ရှမ်း၊ မွန်၊ ကရင်နီ၊ ကယားနဲ့ အခြားတိုင်းရင်းသားလူမျိုးစုအသီးသီးအပေါ် မျက်ကွက်မှာ မြန်မာစစ်တပ်က ကျုးလွန်နေတာတွေဟာ ဘယ်လောက် ရက်စက် ကြမ်းကြုတ် လူမဆန်တယ်ဆိုတာ ရိပ်မိသိရှိနိုင်ကြမယ် ထင်ပါတယ်။ အခုမှာ စစ်သားတွေကိုယ်တိုင်က အပြစ်မဲ့တဲ့ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို စိတ်ပါလက်ပါ ကျုးလွန်နေကြတာ၊ ဒါတွေကို စိုးရိမ်ကြောင့်ကြမဲ့စွာ အမှတ်တရ မှတ်တမ်းပြု သိမ်းဆည်းထားကြတာတွေဟာ ဒီအမှုတွေကို သူတို့ကျုးလွန်ထားတာကို အထက်က အရေးယူမှာ မဟုတ်ဘူးလို့ တထစ်ချ ယုံကြည်ထားတာ ထင်ရှားနေပါတယ်။ စစ်သားတွေကို တားမြစ်ခြင်းမပြုဘဲ စစ်ရာဇဝတ်မှုတွေ ကျုးလွန်အောင် စစ်ခေါင်းဆောင်တွေက ညွှန်ကြားထားလို့ ခွင့်ပြုထားလို့ ဖြစ်တယ်ဆိုတာလဲ ထင်ရှားနေပြီ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar