Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၂

တိုက်ပွဲ ၆ ရက်ကြာမြင့်လာတဲ့ နယ်စပ်စခန်းသိမ်းတိုက်ပွဲ၊ အာဆီယံသံနဲ့ NCA ၇ ဖွဲ့တွေ့ဆုံ  

 ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ စစ်ကောင်စီရဲ့  စစ်ခြေကုပ်စခန်းကို ကေအန်ဒီအို၊ ကေအန်ယူနဲ့ PDF တွေပါဝင်ပူးပေါင်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဇွန်လ ၂၆ ရက်နေ့က စပြီးတိုက်ခိုက်နေတာ ၆ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ပထမဆုံးရက်မှာကတည်းက စခန်းကို သိမ်းနိုင်ပြီဆိုတဲ့ ပြောဆိုမှုတွေနဲ့ သတင်းဌာနအချို့ကလည်း သိမ်းနိုင်ပြီဆိုတဲ့ သတင်းတွေ ဖေါ်ပြခဲ့ကြပေမယ့် တကယ့် အခြေအနေအရ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ၆ ရက်မြောက်သည်အထိ မသိမ်းနိုင်သေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ စစ်ကောင်စီဘက်က စတင်တိုက်ခိုက်ခံရပြီးနောက်ရက်တွေကတည်းက လေယာဥ်နဲ့ ပစ်ခတ်တာတွေ နေ့စဥ်လိုလို လုပ်ဆောင်နေပြီး စစ်ရေးပစ်မှတ်တွေသာမကပဲ အရပ်သား စစ်ဘေးရှောင်နေသူတွေရဲ့ နေရာတွေပါ ထိမှန်ပြီး တိုက်ပွဲကြောင့် နေအိမ် ကျေးရွာတွေက စွန့်ခွာတိမ်းရှောင်နေသူတချို့ ထိမှန်သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။  

ဇူလိုင် ၁ရက်နေ့မှာတော့ သေဘောဘိုး ကျေးရွာမှာ စစ်ကောင်စီလေယာဥ်က ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ တက်လာတာ တွေ့ရပါတယ်။ အရပ်သား ထောင်ဂဏန်းနဲ့ချီ ကရင်ပြည်နယ်ထဲမှာနဲ့ ထိုင်းနိုင်ငံဘက်အခြမ်းတွေထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ဒဏ်ရာရသူအချို့ကိုတော့ ထိုင်းနိုင်ငံဘက်က ဖုတ်ဖရ နယ်က ဆေးရုံတွေမှာ ကုသပေးနေတယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။  

ဒီစခန်းကို ကေအန်ဒီအို နဲ့ မကြာသေးမီက DKBA အဖွဲ့ကနေ ကေအန်ဒီအိုဘက် ပြောင်းလာတဲ့ဗိုလ်စောစလုံးနဲ့ အခြားတဦးတို့ ဦးဆောင် တိုက်ခိုက်နေကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ထိုင်းနယ်မြေထဲ လေယာဥ် ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ ကိစ္စပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပျက်ခဲ့ပြီး စစ်ကောင်စီဘက်က တောင်းပန်ခဲ့ပြီး ဖြစ်လို့ အရေးကြီးတဲ့ဖြစ်ရပ်မဟုတ်ကြောင်း ထိုင်းစစ်ဗိုလ်ချုပ် ဝန်ကြီး ပရာယွတ်က သတင်းမီဒီယာတွေကို ပြောဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ဖေါ်ပြကြပါတယ်။ ၈၈ အရေးအခင်းအပြီးနောက် ပြည်တွင်းက လူငယ်တွေ လက်နက်ကိုင် တော်လှန်ရေးအတွက် ကေအန်ယူနယ်မြေဆီ အများစုခိုလှုံသွားခဲ့ကြကာ ကေအန်ယူနယ်မြေမှာ အခြေစိုက်ပြီး ABSDF လို့ခေါ်တဲ့ ကျောင်းသားလက်နက်ကိုင် အဖွဲ့ဖွဲ့ပြီးနောက် ဗိုလ်ချုပ်စောမောင်ဦးဆောင်တဲ့ စစ်အစိုးရက ကေအန်ယူနယ်မြေကို စစ်ဆင်ရေးတွေ လုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီအချိန်က တခြားသော လက်နက်ကိုင် ဒေသတွေမှာ တတ်နိုင်သလောက် အပစ်ရပ်ဒေသတွေ ဖြစ်အောင် ညှိနှိုင်းအခွင့်အရေးပေး လိုက်လျောပြီး စင်ပြိုင်အစိုးရထူထောင်တဲ့ ကေအန်ယူဒေသကို စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်၊  

အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးမှာလည်း မြို့ပေါ်က လူငယ်တွေ အများအပြား ကေအန်ယူဒေသ၊ ကေအိုင်အေဒေသ၊ ရှမ်းလက်နက်ကိုင် ၊ တအန်းလက်နက်ကိုင် ဧရိယာတွေဆီ သွားရောက်ကာ လက်နက်ကိုင် တိုက်ပွဲမှာပါဝင်ဖို့ သို့မဟုတ် မိမိတို့မြို့မှာ ပြန်လာပြီး ပြောက်ကျား အဖြစ်လှုပ်ရှားဖို့ သွားရောက်ခဲ့ကြတဲ့ အဖြစ်အပျက်က ၈၈ ခုနှစ်ထက် အရေအတွက်များပြီး ပျံ့နှံ့မှု ဧရိယာလည်းများတာတွေ့ရပါတယ်။ သို့ပေမယ့် ကေအန်ယူ ထိန်းချုပ်နယ်မြေကတော့ ပြည်ပရောက် အန်အယ်လ်ဒီ ပါတီက ခေါင်းဆောင်တွေနဲ့ အခြားနိုင်ငံရေးသမား၊ အရပ်ဖက်အဖွဲ့အစည်း ဦးဆောင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အခြေစိုက်တယ်လို့ ယူဆတာကြောင့် ကေအန်ယူနယ်မြေကို စစ်ကောင်စီက မတည်ငြိမ်အောင် အခြေမတည်နိုင်အောင် လုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။  

အခုအခြေအနေက ၈၈ ခုနှစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလနဲ့ မတူကွဲပြားတဲ့ အနေအထားအများအပြား ရှိပါတယ်။ စစ်ကိုင်း ၊ ချင်း၊ ကယား ၊ မကွေးမြောက်ပိုင်းတို့လိုမှာ ဒေသအလိုက် လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာပြီး အဲဒီဒေသတွေမှာပဲ အခြေစိုက်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ အခြေအနေက ၈၈ ခုနစ်အာဏာသိမ်းပြီး ကာလနဲ့ ကွဲပြားတဲ့ အခြေအနေဖြစ်ပါတယ်။  

စစ်ကောင်စီအနေနဲ့ တနိုင်ငံလုံးမှာ ရှမ်းပြည်နယ် ၊ မွန်ပြည်နယ် ဒေသအချို့နဲ့ ဧရာဝတီတိုင်းကလွဲရင် လက်နက်ကိုင် ဆန့်ကျင်မှုတိုက်ပွဲတွေ ကို ရင်ဆိုင်နေရတာ ဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ အင်အား အကုန်နီးပါး လက်နက်ကိုင် ခုခံမှု ကြားဖြတ်တိုက်ခိုက်မှု စခန်းသိမ်း တိုက်ပွဲ စတာတွေ ရင်ဆိုင်နေရသလို မြို့တွေကို ထိန်းချုပ်ထားနိုင်ဖို့လည်း တပ်အင်အား အားလုံးနီးပါးလောက် သုံးနေရတယ်လို့ ခန့်မှန်းရပါတယ်။ ထောက်ပို့ တပ်လို လေတပ်လို ရေတပ်လိုက အင်အားတွေပါ မြို့တွေ နဲ့ ကားလမ်းမတွေကို လုံခြုံရေး အရ ထိန်းထားနိုင်ဖို့ အသုံးပြုနေကြရတာတွေ့မြင်နေရတာ ဖြစ်ပါတယ်။  

တဖက်မှာလည်း ရခိုင်ပြည်နယ်လိုမျိုးမှာ အေအေ နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနိုင်တဲ့အခြေအနေမျိုးလည်း ရင်ဆိုင်နေရသလို ပြည်တွင်းက မြေပြန့်ဒေသအများအပြားနဲ့ တောင်တန်းဒေသတွေမှာပါ တပြိုင်နက်ထည်း ရင်ဆိုင် နေရတဲ့အခြေအနေ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို ဘယ်လောက်ထိ ခံနိုင်ရည် ရှိဦးမလဲ တနည်းအားဖြင့် သူ့ရဲ့ အစွမ်းကုန် ခုခံနိုင်အား တိုက်ခိုက်နိုင်အားက ဘယ်အချိန်မှာလဲဆိုတာ အရေးပါတဲ့ မေးခွန်းတခု စောင့်ကြည့်ရမယ့် အချက်တချက် ဖြစ်လို့နေပါတယ်။  

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ အာဆီယံကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ယခင်တကြိမ် ခရီးစဥ်တုန်းက မတွေ့ဆုံဖြစ်ခဲ့ပဲ အခုတကြိမ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ NCA-EAO လို့ အတိုကောက်ခေါ်ဆိုတဲ့ လက်နက်ကိုင် တွေဘက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ ပါဝင်သင့်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး နဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေးတို့ကို အလေးပေး ပြောဆိုဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။  

ဆယ်စုနှစ်များစွာအတွင်း ဘယ်တုန်းကနဲ့မှ နှိုင်းယှဥ်လို့မရတဲ့ လက်နက်ကိုင် ပဋိပက္ခကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန် ကာလမှာ တွေ့ဆုံဆွေးနွေးရေးက ဖြစ်ပါ့ဦးမလားလို့ သံသယရှိနေသူတွေလည်း ရှိသလို တဖက်နဲ့ တဖက် အဆုံးတိုင် ချေမှုန်းအနိုင်ယူရေး ဆိုတဲ့ ရှုထောင့်ကနေ စဥ်းစားဆုံးဖြတ်ထားကြတဲ့ အဖွဲ့တွေလည်း ရှိနေတာဖြစ်ပါတယ်။ ဥပမာအားဖြင့် အဖြူနဲ့အမဲ တဖက်နဲ့ တဖက် အပြတ်အသတ်အနိုင်ရရေးက ဖြစ်နိုင်မလား အဖြူအမဲ သပ်သပ်စီပဲ ဖြစ်နိုင်မလား မဟုတ်ပဲ သက်ဆိုင်ရာ သက်ဆိုင်ရာ အဖွဲ့တွေက မိမိတို့ အဖွဲ့အစည်းရဲ့  ရည်မှန်းချက်ပန်းတိုင် သီးခြားစီရှိကြပြီး အခုလို ပဋိပက္ခမှာ ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်တွေဆီ ရောက်အောင် အဖွဲ့အစည်းတွေက နည်းပရိယာယ် အရ ကြိုးစားလုပ်ဆောင်နေကြမလားဆိုတာလည်း ဖြစ်နိုင်ခြေ တခု အဖြစ် ထည့်သွင်းစဥ်းစားကြည့်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar