Breaking News

ကိုသန်းလွင် - ကာကွယ်ဆေးနှင့်ရောဂါပိုး

ကိုသန်းလွင် - ကာကွယ်ဆေးနှင့်ရောဂါပိုး

(မိုးမခ) ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၃


( ၁ )  

၂၀၂၂ ခုနှစ် နွေရာသီတွင် ကိုရိုနာဗိုင်းရပ်မျိုးကွဲ အိုမီခရွန်ဗိုင်းရပ် ပြန့်ပွားနေချိန်တွင် ဆရာဝန်ဒေါက်တာ စီဒါ (Dr. Bob Seder) အား သူတို့သည် တတိယ ဘုစတာ (Booster) မထိုး မီနောက်ထပ်ကာကွယ်ဆေးများ ပေါ်လာနိုင်သောကြောင့် စောင့်ရဦးမည်လားဟု မေးကြပါသည်။ စီဒါ မှာအမျိုးသားကူးစက်ရောဂါ ကာကွယ်ရေး ဆေးရုံ၏ ဒုတိယဆေးရုံအုပ်ကြီး ဖြစ်ပါသည်။ ပရိသတ်က အိုမီခရွန်ဗိုင်းရပ် သတ်နိုင်သော ကာကွယ်ဆေး ပေါ်လာဦးမည်လားဟုမျှော်လင့်နေကြခြင်း ဖြစ်ပါသည်။ စီဒါ ၏အဖြေမှာ “ မစောင့်ပါနဲ့ ပေါ်လာတဲ့ဆေးကို ထိုးပါ” ဟူ၍ ဖြစ်ပါသည်။

( ၂ )

စီဒါက ကာကွယ်ဆေးအသစ်က ကိုယ်ခန္ဓာတွင် ခုခံအားစနစ်ကို အစွမ်းမရှိအောင် တားမြစ်နေမည် လားဟု စိုးရိမ်နေခြင်းဖြစ်ပါသည်။ ဤသို့ တားဆီးခြင်းကို အင်ပရင်တင်း (Imprinting) ဟုခေါ်ပါသည်။ ခုခံအားက ရောဂါအသစ်နှင့် တွေ့သည့်အခါ သူ ယခင်က ကြုံခဲ့ဖူးသည့် ဗိုင်းရပ် အဟောင်းကိုပင် ပြန်၍ခုခံနေ သည်ကို ဆိုလိုပါသည်။

အင်ပရင့်တင်းကို တွေ့ရှိခဲ့သည်မှာ ဆယ်စုနှစ်မျှ ကြာခဲ့ပါပြီ။ ခုခံအားက ပုံစံအမျိုးမျိုးဖြင့် ရောက်လာကြသော ဗိုင်းရပ်များကို သူ ယခင်က တွေ့ခဲ့ဖူးသည့် ဗိုင်းရပ်များကို ခုခံသည့်အတိုင်း အင်တီဘော်ဒီ များကို ထုတ်ပေးပါသည်။ အချို့ကိစ္စများတွင် ခုခံအားက အစွမ်းမထက်တော့သည်ကို တွေ့ရပါသည်။

ဤအဖြစ်ကို ရှေးယခင်က တွေ့ကြုံခဲ့သည့် အတွေ့အကြုံနှင့်လည်း ပြန်လည် သုံးသပ်နိုင်ပါသည်။ ၁၉၁၈ ခုနှစ်က ကြုံခဲ့ရသော ပင်ဒဲမစ်တွင် ငယ်ရွယ်သူ အများအပြား သေကျေခဲ့ကြပြီး ထိုအချိန်က ပိုမို အိုမင်းသော သူများမှာ ယခင်က H1N1 ဗိုင်းရပ်ကို ကြုံဖူးသဖြင့် ပိုမိုကောင်းမွန်သော ခုခံအားနှင့် ခုခံနိုင်ခဲ့ကြပါသည်။ ငယ်ရွယ်သူတို့တွင် ထိုသို့သော အတွေ့အကြုံမရှိခဲ့သောကြောင့် သူတို့ မတွေ့ကြုံဖူးသော ဗိုင်းရပ်အသစ်ကို မခုခံနိုင်ခဲ့ကြပါ။

ယခုအခါ SARS -COV-2 ဗိုင်းရပ်ဆေးကြောင့် အင်ပရင်းတင်းက တုံ့ပြန်ပုံကို တွေ့နိုင်ကြပါသည်။ ယခင်က ကြုံခဲ့ရသော အယ်လ်ဖါ Alpha သို့မဟုတ် ဘီတာ Beta ဗိုင်းရပ်များကိုသာ သိနေသော အင်တီဘော်ဒီသည် အိုမီခရွန်မျိုးကွဲ နှင့်တွေ့သောအခါ သူတို့တွင်ရှိသော ယခင် အင်တီဘော်ဒီများနှင့်ပင် ကာကွယ်ခဲ့ကြပါသည်။ အချို့မှာအိုမီခရွန် ဘုစတာကို ထိုးကြသည့်တိုင် သူတို့၏ခုခံအားကအိုမီခရွန်ကို မကာကွယ်နိုင်ကြောင်း သိလာကြပါသည်။ ရောဂါဖြစ်ဖူးသူများပင် ထပ်မံ၍ အိုမီခရွန်၏ စွဲကပ်ခြင်းကို ခံကြရပါသည်။ အပြင်းအထန် အဖျားရောဂါကို ကာကွယ်နိုင်ရုံသာ ရှိပါသည်။

ယခုအခါ ကာကွယ်ဆေး mRNA အလွယ်တကူ ပြောင်းလဲနိုင်ကြချိန်တွင် အင်ပရင့်တင်း ရှိနေသောကြောင့် ဆေးကို မည်သို့ ကြိုတင်ပြင်ဆင်ရမည်ကို သိသာနိုင်ရန် ခက်ခဲလာပါသည်။ ဆေးကြောင့် လူတွင် အလွန်အကျွံဖျားနာခြင်း မရှိနိုင်သလို ရောဂါပြန့်ပွားခြင်းကိုလည်း ကာကွယ်ကြောင်းကိုသာ သိခဲ့ကြပါသည်။ ထို့ကြောင့် ဗိုင်းရပ်ကိုလိုက်၍ ကာကွယ်ဆေးထိုးခြင်းမှာ ကောင်းပါသည်။ လူကို အတော်အသင့် ခုခံအားရှိစေပြီး အင်ပရင့်တင်းသည် ကိုဗစ်-၁၉ ရောဂါပိုးကို ပိုမို၍ ဆိုးရွားသွားစေသည် မဟုတ်ပါ။

ထို့ထက်ပို၍ အချို့လူများတွင် ခုခံအားသည် လိုအပ်သလို ပြောင်းလဲသွားနိုင်စွမ်းရှိသဖြင့် လူများကို ကာကွယ်နိုင်စွမ်းရှိသည်ကို တွေ့ရှိရပါသည်။ အင်ပရင့်တင်း သည် ခုခံအားကို ကျူးကျော်လာသူများ၏ ပုံစံကို သင်ပေးသဖြင့် အသစ်တဖန် တိုက်ခိုက်ရာတွင် အသုံးဝင်နိုင်ပါသည်။ အဓိကလုပ်ဆောင်သူမှာ memory B Cell များ ဖြစ်ပါသည်။ ၎င်းတို့ကို အကြောများ စုဆုံရာနေရာ (Lymph Node) များမှ ထုတ်ပေးနိုင်ပါသည်။ ၎င်းကို ရောဂါပိုးနှင့် ပထမဆုံးရင်ဆိုင်ရာတွင် ထုတ်ပေးခြင်းဖြစ်ပါသည်။ ၎င်းတို့က သွေးထဲတွင် ပါလာမည့် ဗိုင်းရပ်ပိုးကို စောင့်ကြည့်ကာ ပလပ်စမာဆဲလ်များကိုဖြစ်စေပြီး ၎င်းတို့က အင်တီဘော်ဒီ ထုတ်ပေးပါသည်။ ထိုအခါ ဆင်တူပြီး ထပ်တူထပ်မျှမဟုတ်သော ရောဂါပိုးကို တွေ့နေသည့်အခါ ထုတ်လုပ်လိုက်သော အင်တီ ဘော်ဒီ များသည် အသစ်ရောအဟောင်းပါ (Cross Reactive Antibodies) တိုက်ခိုက်နိုင်သည်။ ၎င်းသည် ဗိုင်းရပ်အသစ်ကို တိတိကျကျ မတိုက်ခိုက်နိုင်စေဦး၊ အကောင်းဆုံး အကာအကွယ်ကိုသာ ပေးနိုင်ပါသည်။

အင်ပရင့်တင်းကို ၁၉၄၇ ခုနှစ်တွင် ပထမဆုံး သတိထားမည့်သူမှာ ဂျိုနာဆော့ (Jonas Salk) နှင့် မိတ်ဆွေနှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့သည် ပထမဆုံး ဖလူ (Flu) ကာကွယ်ဆေးကို တီထွင်ကြသူများဖြစ်ပါသည်။ သူ့ကို တွေ့ရှိခဲ့ကြသည်မှာ ယခင်က ဖလူ ဖြစ်၍ ကာကွယ်ဆေးထိုးခဲ့သူများမှာ ယခုအကြိမ် ပိုးအသစ်ကြောင့် ဖလူ ထပ်ဖြစ်ခဲ့ကြသောအခါ ၎င်းအတွက် ကာကွယ်ဆေးမှာ ပထမ ဖလူ အမျိုးအစားအတွက်သာ အင်တီ ဘော်ဒီကို ထုတ်ပေးကြောင်း တွေ့ရှိခဲ့ကြပါသည်။ ဤအဖြစ်ကို original antigenic sin ဟု အမည်ပေးခဲ့သော်လည်း ယနေ့လူများက အင်ပရင်တင်း ဟုသာ ခေါ်ကြပါသည်။

သုတေသနပြုသူများက ဤဖြစ်ရပ်သည် ရောဂါကုခြင်းအပေါ် မည်မျှထိရောက်ကြောင်းကို မကြာမီ ကမှသာ သတိပြုကြခြင်း ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်က ရေးသားခဲ့သော စာတမ်းတစောင်တွင် အင်ပရင့်တင်း သည် စိတ်ဝင်စားဖွယ်ကောင်းရုံတင်သာမကပါ။ ပညာရှင်များက ၂၀၁၉ ခုနှစ်တွင် Avian  H7N9 Infuensa A ကို ဖြစ်စေခဲ့သော H5N1၊ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရောဂါကိုဖြစ်ပွားစေသော H7N9 ဗိုင်းရပ်တို့ကို လေ့လာခွင့်ရခဲ့ကြပါသည်။ ထိုဗိုင်းရပ်များသည် တခုနှင့်တခု အသွင်တူပြီး ရာသီအလိုက် ဖြစ်တတ်သော လက္ခဏာများသာကွာခြားပါသည်။

ဗိုင်းရပ်အသစ်ကြောင့် ရောဂါဖြစ်ပွားရာတွင် သူတို့၏ ယခင်က ဖြစ်ခဲ့သော ရောဂါနှင့် ထိုးခဲ့သောဆေးတို့အပေါ်တွင် များစွာမူတည်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ လက်ရှိ တွေ့သော ဗိုင်းရပ်ကို ဖြစ်စေ  အခြားဗိုင်းရပ်များ ကိုဖြစ်စေ၊ တုံ့ပြန်မှုမှာ သူတို့၏ဆေးထိုးမှုသမိုင်းကြောင်းက အဆုံးအဖြတ်ပေးပါသည်။

ရောဂါ ပထမ မဖြစ်ဖူးဘဲ အိုမီခရွန်ဗိုင်းရပ်ဖြင့်သာ ပထမဆုံး ရောဂါစွဲကပ်သူတို့တွင်လည်း သူတို့၏ ထုတ်လုပ်ထားသော အင်တီဘော်ဒီများမှာ ရောဂါဖြစ်စက ကြုံခဲ့ရသော အယ်လ်ဖာ နှင့် ဘီတာ ဗိုင်းရပ်တို့ကို သတ်နိုင်သော အာနိသင်ရှိနေပါသည်။

အချို့မှာ မူလဗိုင်းရပ်များကြောင့် ရောဂါလည်း ဖြစ်ဖူးသည်၊ ဆေးလည်း ထိုးဖူးသည်။ ယခု အိုမီခရွန် ဗိုင်းရပ်ကြောင့်ဖြစ်သော ဘုစတာ ဆေးထိုးသော်လည်း အိုမီခရွန်ကို တိုက်ခိုက်နိုင်သော အင်တီဘော်ဒီများ ထွက်မလာပါ။ ထိုသည်တို့မှာ အင့်ရင်တင်း၏ သေချာသော လက္ခဏာများ ဖြစ်ကြပါသည်။ ယနေ့တွင် အိုမီခရွန်ကြောင့် ဖြစ်သော ရောဂါမှာ အတွေ့များသော ဝေဒနာများဖြစ်ပြီး အင်ပရင့်တင်း တုံ့ပြန်မှုကပင် ထိုရောဂါကို ကာကွယ်ရန် လုံလောက်နေသော အဖြစ်များလည်း ကြုံရပါသည်။

ခုခံအားတွင်လည်း သူ့ကိုယ်သူ လှည့်စားကာ (trick) လုပ်ကာ အင်ပရင်တင်းကို ချေဖျက်နိုင်စွမ်းရှိပါသည် memory B Cell သည် မြူတိတ်လုပ်၍ ပြောင်းလဲနေပြီး အိုမီခရွန်ကို တိုက်ခိုက်နိုင်သော အင်တီဘော်ဒီများကို ထုတ်ပေး နိုင်ကြသည်။ ထိုသို့ မြူတိတ်လုပ်ခြင်းမှာ အကြောများဆုံရာနေရာနှင့် ရိုးတွင်းချဉ်ဆီတို့တွင် ဖြစ်နိုင်ပါသည်။  ထိုသို့ ပြောင်းလဲရန်အတွက် ထိုနေရာများမှာ လေ့ကျင့်ရေးစခန်း (Boot Camp) များသဖွယ် ပြုမူသည်။ ၎င်းတို့ ကို ဂျာမီနယ် စင်တာ (Germinal Center) ဟုလည်း ခေါ်ပါသည်။

စက်တင်ဘာလက ရေးခဲ့သေ ာရီပို့တခုတွင် ဂျာမီနယ်စင်တာမှရရှိသော SARS-COV-2 နှင့်အိုမီခရွန် ဗိုင်းရပ်အတွက် ထုတ်ပေးသော အင်တီဘော်ဒီများတွင် ပထမအမျိုးအစားက အရေအတွက်များကြောင်းတွေ့ ရပါသည်။ အိမီခရွန်ဗိုင်းရပ်အတွက် အင်တီဘော်ဒီများမှာ လုံး၀ ပျောက်ကွယ်သွားသည်မဟုတ်ဘဲ အရေအတွက်နည်းခြင်းကိုသာ တွေ့ရပါသည်။ ကြွက်များတွင် SARS-COV-2 ဆေးထိုးထားပြီး ဘုစတာ ထိုးပါက ထွက်ပေါ်လာသော အင်တီဘော်ဒီများ၏ ၉၀ ရာခိုင်နှုန်းမှာ မူလရှိသော B ဆဲလ်များမှ အင်တီဘော်ဒီများကိုသာ တွေ့ ရပါသည်။ အိုမီခရွန် ဘုစတာကို ထိုးသောအခါ ၂၅-၅၀ ရာခိုင်နှုန်းမျှသာ အင်တီဘော်ဒီများမှာ B Cell အသစ်များမှလာသည်ကို တွေ့ရပါသည်။

ယနေ့ သုတေသနပညာရှင်များက အင်ပရင့်တင်းကို ရှောင်ရှားနိုင်ရန် ဆေးကို ရှာဖွေလျက်ရှိကြပါသည်။ များသောအားဖြင့် လူထုအဖို့ အခြေခံရောဂါပိုးကို ခံနိုင်ရည်ရှိလာကြပြီ ဖြစ်သည်။ လွန်ခဲ့သော စက်တင်ဘာလက ဥရောပတွင် ဗိုင်းရပ် BA-1 ကို တုံ့ပြန်နိုင်သော ဘုစတာကိုထုတ်လုပ်ခဲ့သည်။ အမေရိကန်ပြည်က ယခု အခါ အိုမီခရွန် BA-5 အမျိုးအစားကို တုံ့ပြန်နိုင်သော ဘုစတာများ ထုတ်လုပ်လျက်ရှိပါသည်။ ရောဂါဖြစ်၍ ကာကွယ်ဆေးထိုးပြီးသူများအဖို့ လူထဲတွင် ထုတ်လုပ်ပြီးသော အင်တီဘော်ဒီများသည် လူကို ဆယ်လကြာအောင် အကာကွယ်ပေးနိုင်သည်ဟု သိရပါသည်။

( ၃ )

ဒေါက်တာ စီဒါက နှာခေါင်းတွင်းသို့ ပန်းထည့်ရသော ဆေး (nasal spray) ကိုစမ်းသပ်လျက်ရှိပါ သည်။ ဆေးကို နှာခေါင်းတွင်းသို့ ပန်းထည့်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းတလျှောက် ဆဲလ်များပေါ်သို့ ကျရောက်စေသည်။ ဗိုင်းရပ်များသည် ကိုယ်တွင်းသို့ ဝင်လာသည့်အခါ ထိုဆဲလ်များနှင့် ပထမ တွေ့ရမည် ဖြစ်သည်။ အင်တီဘော်ဒီများက ယင်းတို့ကို ကျော်မသွားရအောင် တားဆီးကြပေမည်။ ထိုဆေးမှာ အသင့်ရှိနေပြီး သက်ဆိုင်ရာတို့မှ အသုံးပြုခွင့်ကို စောင့်ဆိုင်းနေပါသည်။

ကိုသန်းလွင်

Ref: How covid imprints the immune system By Richard Brazil, Nature 10 Jan 2023.


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar