Breaking News

နိုင်ငံရေးပါတီ ၁၃ ပါတီ မှတ်ပုံတင်၊ ခပ်ယဲ့ယဲ့ ရခိုင် အပစ်ရပ်သဘောတူညီချက်


မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၇ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃


နိုင်ငံရေးပါတီ ၁၃ ပါတီ မှတ်ပုံတင်၊ ခပ်ယဲ့ယဲ့ ရခိုင် အပစ်ရပ်သဘောတူညီချက် 

စစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်ရဲ့ ဥပဒေစည်းကမ်းချက်တွေကို လက်ခံတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီ မှတ်ပုံတင်ဖို့ လျှောက်ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ NLD ပါတီအနေနဲ့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့အပြင် လက်နက်ကိုင် ခုခံတိုက်ခိုက်နေကြတဲ့ အင်အားစုတွေကို အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်တချို့က ဦးဆောင် ထောက်ခံမှုပေးနေတာကြောင့် NLD ပါတီ မှတ်ပုံတင်ဖို့ ခက်ခဲတဲ့အခြေအနေမျိုး ရှိနေတယ်လို့ စစ်ကောင်စီအနေနဲ့ အကဲဖြတ်ထားတာ ဖြစ်ပါတယ်။ အဲလို အခြေအနေအောက်မှာ ကြံ့ခိုင်ရေးပါတီလို ငွေကြေးတတ်နိုင်ပြီး အထိုက်အလျောက် နောက်လိုက်နောက်ပါ ထောက်ခံသူရှိနိုင်တဲ့ နိုင်ငံရေးပါတီတချို့သာ တနိုင်ငံလုံး အတိုင်းအတာနဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားနိုင်မယ့်သဘော ဖြစ်လာပါတယ်။ 

စစ်ကောင်စီအနေနဲ့ စစ်တပ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်မှုနေရာတွေမှာ ယူထားတဲ့ ကြံ့ခိုင်ရေးပါတီကို ရွေးကောက်ပွဲမှာ အသာစီးရနိုင်အောင် ပါတီငယ်တွေအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စည်းရုံး ယှဥ်ပြိုင်ခွင့်ရှိတဲ့ ပါတီအဖြစ် မှတ်ပုံတင်ဖို့ရာအတွက် ငွေသိန်းတထောင်၊ တနိုင်ငံလုံးရဲ့ မဲဆန္ဒနယ်မြေ ထက်ဝက်ကျော် ဝင်ရောက်ယှဥ်ပြိုင်ရမယ့် အချက်၊ ပါတီဝင် လူ ၁ သိန်း စုဆောင်း စာရင်းတင်ပြရမယ်ဆိုတာတွေကို ဥပဒေသစ်ထဲ ထည့်သွင်းခဲ့ပြီး ငွေအင်အား၊ လူအင်အား မလိုက်နိုင်တဲ့ ပါတီတွေအနေနဲ့ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတခု အတွင်းစည်းရုံးခွင့်ကိုသာ လျှောက်ထားရမယ့် အနေအထားမျိုး ဖြစ်သွားခဲ့ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ကြံ့ခိုင်ရေးပါတီအတွက် လျှောက်သာမယ့် စည်းမျဥ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး ကြံ့ခိုင်ရေးပါတီ အာဏာရအောင် ကြိုးစားမယ့် သဘောမျိုးတွေ့ရတာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီ ဝန်ကြီးပါတီ အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခြင်း မပြုခဲ့ရင် ကြံ့ခိုင်ရေးပါတီအနေနဲ့ ၄င်းတို့ ခင်းထားတဲ့ လမ်းကြောင်းအတိုင်း ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ လမ်းဖြောင့်ဖြူးနေပြီလို့ စစ်ကောင်စီဘက်က ယူဆထားပုံရပါတယ်။ 

အခု မှတ်ပုံတင်ထားပြီဆိုတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီ အနက် ၅ ပါတီကသာ တနိုင်ငံလုံး စည်းရုံးခွင့်ရှိတဲ့ ပါတီအဖြစ် မှတ်ပုံတင်ကြပြီး ကျန် ၈ ပါတီက ပြည်နယ် သို့မဟုတ် တိုင်းတခုအတွင်းသာ စည်းရုံးယှဥ်ပြိုင်ခွင့်ရှိမယ့် ပါတီအဖြစ် မှတ်ပုံတင်ကြတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေအောက်မှာ ၈၈ မျိုးဆက် ခေါင်းဆောင်ကနေ နိုင်ငံရေးပါတီ ထူထောင်လိုက်တဲ့ ဦးကိုကိုကြီး ရဲ့ ပြည်သူ့ပါတီအောက် မအူပင်ဦးစိန်ဝင်း ထူထောင်ထားတဲ့ အမျိုးသားညီညွတ်သော ဒီမိုကရေစီပါတီ NUDP က လာရောက်ပူးပေါင်းခဲ့တယ်လို့ သတင်းတွေထဲ ဖော်ပြထားပါတယ်။ 

တိုင်းရင်းသားပါတီတွေ အနက်က ရခိုင်ပြည်နယ် အခြေစိုက် ALD ပါတီကတော့ ပြန်လည်မှတ်ပုံမတင်ဘူးလို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပြီး ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရက္ခိုင့်ရှေ့ဆောင်ပါတီက မှတ်ပုံတင်လျှောက်ထားပြီ ဖြစ်ပါတယ်။ အခြားသော တိုင်းရင်းသားပါတီတွေ အနက် ရှမ်း၊ မွန်၊ ချင်းနဲ့ ကချင်ပါတီတွေ ဘယ်လို ဆုံးဖြတ်ကြသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိကြရသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တခုက ရခိုင်ပြည်နယ်က AA နဲ့ စစ်ကောင်စီတပ်အကြား အပစ်ရပ် သဘောတူညီချက်က ခပ်ယဲ့ယဲ့ အနေအထားမှာ ရှိနေတဲ့အကြောင်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၆ ရက်က နှုတ်အားဖြင့် အပစ်ရပ်သဘောတူခဲ့ကြပြီး ၃ လတာအတွင်း အပစ်ရပ် အဆင့်ကနေ အခြားသော သဘောတူညီမှုတွေ ရရှိလာတာမျိုး မတွေ့ရဘဲ စစ်ကောင်စီဘက်က လက်နက် ရိက္ခာဖြည့်တင်းတာမျိုး ပြင်ဆင်တည်ဆောက်နေတယ်လို AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အပစ်ရပ် သဘောတူထားခဲ့ကြတဲ့ သဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လိုက်နာမှုမရှိဘူးလို့ ခိုင်သုခက ပြောဆိုလိုက်ပြီး ယင်းအချက်တွေအနက် ဖမ်းဆီးခံ ရခိုင်ပြည်နယ်က လူ ၂၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်းမရှိတာ၊  ရိက္ခာ၊ ဆေးဝါးစတဲ့ ပစ္စည်းတွေ သယ်ဆောင်မှုကို စစ်ကောင်စီဘက်က ကန့်သတ်ထားတာတွေ  ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီဘက်က နှုတ်သဘောနဲ့ အပစ်ရပ်ကြပြီးနောက် ၃ လအကြာမှာ ဖြစ်ပေါ် တိုးတက်မှုအနေနဲ့ လောက်လောက်လားလား ပြစရာ မရှိတဲ့အပြင် စစ်ပွဲတွက် အရှိန်အဟုန်နဲ့ ပြင်ဆင် မှုတွေ လုပ်နေတာ ဖြစ်ပါတော့တယ်။ စစ်ကောင်စီကတော့ စစ်မက်နယ်မြေတွေနဲ့ စစ်အုပ်ချုပ်ရေးနယ်မြေတွေမှာ ရွေးကောက်ပွဲကို ထည့်စဉ်းစားမှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ 

စစ်ကောင်စီကိုယ်တိုင်က သူတို့ထိန်းချုပ်နယ်မြေတွေမှာ သူတို့ထိန်းချုပ်နိုင်ငံရေးပါတီတွေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ လူထုကို စိတ်တိုင်းကျ ရွေးကောက်ပွဲကျင်းပပေးဖို့ ခြေလှမ်းစနေတာ ဖြစ်ပြီး စစ်မီးတောက်လောက်နေဆဲ နယ်မြေတွေကိုတော့ ချန်လှပ်ထားနိုင်လိမ့်မယ်လို့ သဘောထားပုံရပါတယ်။ အကဲခတ်အချို့၏ အဆိုကတော့ မြန်မာပြည်၏ နိုင်ငံရေး ရုန်းကန်လှုပ်ရှားမှုထဲကနေ စစ်ကောင်စီ၏ မီးကွင်းထားတဲ့ သီးခြားလောက အတုအယောင်ထဲက ဇာတ်ခုံမှာ ကပြမယ့်သူနဲ့ ပွဲကြည့်မယ့် ပရိသတ်ကို ဖော်ဆောင်နေတဲ့ သဘောပဲလို့ သုံးသပ်ကြပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar