Breaking News

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၉ ဦးသေဆုံး၊ စစ်ကောင်စီရဲ့ ဝိုင်းကြီးချုပ် ပြစ်ဒဏ်ခတ်တဲ့ စနစ်

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၀ မြင်ကွင်း

(မိုးမခ) ဧပြီ  ၁၀၊ ၂၀၂၃


ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၉ ဦးသေဆုံး၊ စစ်ကောင်စီရဲ့ ဝိုင်းကြီးချုပ် ပြစ်ဒဏ်ခတ်တဲ့ စနစ် 

ဧပြီလ ၁၀ ရက်နေ့ က ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲမှာ ရှိတဲ့ ဝေဘူလကျေးရွာကို စစ်ကောင်စီ လေယာဥ်တွေက ဗုံး  ၂လုံးကြဲချခဲ့ရာမှာ အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။ 

ဧပြီ ၁၀ ရက်နေ့ နံနက်စောစောပိုင်းက မဏိပူရ် မြစ်နံဘေးမှာရှိတဲ့ ဗားရ်တံတားအနီးက ရဲစခန်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီလေတပ်က လာရောက်တိုက်ခိုက်စဥ် အရပ်သားပစ်မှတ်တွေကိုပါ ဗုံးကြဲခဲ့ရာက အခုလို ကျေးရွာသား ၉ ဦးသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကျေးရွာသားတွေ အထဲမှာ ကျောင်းအုပ်ဆရာ နဲ့ ဇနီးဖြစ်သူတို့လည်း ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

ဗားရ်တံတားဟာ ဖလမ်းမြို့နယ် အနီး ဖြတ်စီးဆင်းနေတဲ့ မဏိပူရ် မြစ်ကို ဖြတ်ဆောက်ထားတဲ့ တံတားတစင်းဖြစ်ပြီး ကလေးမြို့နဲ့ ဖလမ်းမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က တံတားဖြစ်ပါတယ်။ 

အခုလို တံတားအနီးက ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ရဲစခန်းတင်မကပဲ အနီးအနားမှာ ရှိတဲ့ကျေးရွာဖြစ်တဲ့ ဝေဘူလ ကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဟာ စစ်ကောင်စီက ကျင့်သုံးနေကျ နည်းလမ်းတခုဖြစ်တဲ့ ဝိုင်းကြီးချုပ် ပြစ်ဒဏ်ပေးတဲ့ နည်းလမ်းလို့ ကောက်ချက်ချရပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဒေသအလိုက် ပေါ်ထွက်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီ ယာဥ်တန်းကို တိုက်ခိုက်တာ ဖြစ်စေ၊ ရဲစခန်း၊ စစ်တပ် စစ်ကြောင်း အစရှိတဲ့ ပစ်မှတ်တွေကို မိုင်းခွဲတာ တိုက်ခိုက်တာ လုပ်ခဲ့ရင် အနီးဆုံးက ကျေးရွာကို မီးရှို့တာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဖမ်းဆီး နှိပ်စက်ကာ အသက်သေဆုံးတဲ့အထိ သတ်ဖြတ်တာမျိုးတွေ ကို စစ်ကောင်စီဘက်က ကျင့်သုံးလာတာ နှစ်နဲ့ချီရှိပြီဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာ၊ မကွေးတိုင်းအထက်ပိုင်းမှာ ကရင်နီဒေသမှာ အခုလို ဝိုင်းကြီးချုပ် ပြစ်ဒဏ်ခတ် လုပ်ဆောင်တာတွေကို စစ်ကောင်စီက ဗျူဟာ တရပ်အနေနဲ့ ကျင့်သုံးနေတာ ဖြစ်ပြီးအခု ဝေဘူလ ကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကလည်း အလားတူဖြစ်ရပ်တွေထဲက တခုလို့ဆိုရမှာဖြစ်ပါတယ်။ 

ဒေသအလိုက် PDF တွေဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်လာတဲ့အခါမှာ ဒီလိုလက်နက်ကိုင် တိုက်ခိုက်မှုကို စစ်ကောင်စီက ပြောက်ကျားစစ်အဖြစ် သတ်မှတ်ပြီး အဆိုပါ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကို သတင်းပေးတာ၊ ရိက္ခာထောက်ပံ့ပေးတာ၊ တပ်ဖွဲ့ဝင် လူအင်အား ဖြည့်ဆည်းပေးတာတွေက အဲဒီဒေသက ကျေးရွာတွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က ယေဘုယျ မှတ်ယူပြီး တိုက်ပွဲဖြစ်ပွားတဲ့အခါမျိုး၊ အလစ်အငိုက် မိုင်းခွဲခံရတာ၊ တိုက်ခိုက်ခံရတဲ့အခါမျိုးမှာ အနီးဆုံးကျေးရွာတွေကို မီးရှို့တာ၊ ကျေးရွာသားတွေတွေ့ရင် ဖမ်းဆီးနှိပ်စက်ကာ သတင်းမေးမြန်းတာ ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်တာတွေဟာ စစ်ကောင်စီတပ်တွေမှာ စာနဲ့ ရေးမထားသော်လည်း အားလုံးသိပြီးသား လုပ်ထုံးလုပ်နည်းတွေ ဖြစ်လာနေတာပါ။ 

စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း သောင်းနဲ့ချီမီးရှို့ခံကြရပြီး ဖြစ်သလို မကွေးတိုင်းမြောက်ပိုင်းက ကျေးရွာတွေမှာလည်း နေအိမ် ရာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံကြရပြီး ဖြစ်ပါတယ်။ 

ဒီလို ဝိုင်းကြီးချုပ်နဲ့ ပြစ်ဒဏ်ပေးတဲ့ လုပ်ဆောင်မှုပြီး နောက်တဆင့်က မြေလှန်စနစ် ဖြစ်ပါတယ်။ အခုအခါမှာတော့ မြေလှန်စနစ် သိပ်မတွေ့ရသေးပေမယ့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာ ကိစ္စရပ်တွေမှာတော့ ကျေးရွာနေသူတွေကို မနေနိုင်အောင် သတ်ဖြတ်၊ နေအိမ်မီးရှို့တာတင်မကပဲ ကျေးရွာပါ မရှိတော့အောင် ဖယ်ရှားပစ်လိုက်တာတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ 

တဖက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့  တဖက်က ဝိုင်းကြီးချုပ်စနစ်နဲ့ ပြစ်ဒဏ်ပေးတာ ကျေးရွာတွေကို ဒဏ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် လက်နက်ကိုင် တိုက်ပွဲတွေကို ကျေးရွာတွေ အနီးအနားမှာ မဖေါ်ဆောင်တော့ပဲ လွတ်လွတ်ကျွတ်ကျွတ် နယ်မြေတွေမှာသာ တိုက်ခိုက်မလား၊ သို့မဟုတ် အခုလို အနေအထားမျိုး ကျေးရွာတွေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ တိုက်ခိုက်ရေးအရ အခွင့်အလမ်းသာတဲ့အချိန်မျိုးမှာ အလစ်အငိုက်တိုက်ခိုက်တာ စစ်ကောင်စီယာဥ်တန်းကို ဖောက်ခွဲတာတွေ ဆက်လက်လုပ်ဆောင်မလားဆိုတာ ရွေးချယ်ရမယ့် သဘောဖြစ်လာပါတယ်။ 

ကျေးရွာက လူထုအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို အနီးအနားမှာ တိုက်ပွဲဖော်ဆောင်တာမျိုး အလစ်အငိုက် တိုက်ခိုက်တာမျိုး မလုပ်ဖို့ တောင်းဆိုလာတာမျိုး သို့မဟုတ် ကာကွယ်ရေးအဖွဲ့တွေအပေါ် ထောက်ခံမှု ကျဆင်းလာတာမျိုး ဖြစ်နိုင်ချေ ရှိကောင်းရှိလာနိုင်ပါတယ်။ သို့ပေမယ် ကျေးလက်တွေ ဒေသခံတွေနဲ့ နီးစပ်တဲ့ လိုကယ်ပီဒီအကဖ်တွေ၏ ပြောဆိုချက်ကတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်နက်ကိုင်တွေက သူတို့ဖြတ်သန်းရာ ကျေးရွာတွေအားလုံးကို ဖျက်ဆီးတာ အကြမ်းဖက်နေတာ ဖြစ်ပြီး လိုကယ်ပီဒီအက်ဖ်တွေက ဒေသခံတွေကို ကာကွယ်ပေးဖို့ စုပေါင်းပြီး ပြန်လည် ခုခံပေးရတာ ဘေးလွတ်ရာရောက်အောင် လိုက်ပါ ကာကွယ်စောင့်ရှောက်ရတာတွေ လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့တော့ ကျေးရွာဒေသခံတွေရဲ့ ထောက်ခံမှု ရခြင်း မရခြင်းကို ထည့်သွင်းမစဥ်းစားပဲ စစ်ရေးအရ အသာစီးရဖို့ ကိုသာ စဥ်းစားတဲ့အခြေအနေ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့သာ ဒေသခံတွေရဲ့ ထောက်ခံမှုကို အလေးထားကြရတဲ့ အနေအထားဖြစ်ပြီး ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လည်း ဖြစ်နေတာကြောင့် ဒေသခံတွေရဲ့ ခံစားရတဲ့အနေအထားတွေကို ဝေမျှခံစားရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ 

ဒီအချက်ဟာ လူထုကို အခြေခံကာ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ လေးလေးနက်နက် စဥ်းစားသုံးသပ်ကာ ရွေးချယ်ရမယ့် နည်းလမ်းတရပ်ဖြစ်လာနေပြီး၊ စစ်ကောင်စီကိုလည်း စစ်ရေးအရ အနိုင်ယူဖို့ကြိုးစားချိန်မှာ ပြည်သူလူထုကိုလည်း ထိခိုက်မှုနည်းအောင် စီမံခန့်ခွဲရမယ့် စိန်ခေါ်မှုတရပ်ဖြစ်လာနေပြီ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar