Breaking News

ကိုအောင်မှိုင်း - စစ်အနိုင်တိုက်ရေး တရားများကို ချဥ်းကပ်ခြင်း (အပိုင်း ၄)

ကိုအောင်မှိုင်း - စစ်အနိုင်တိုက်ရေး တရားများကို ချဥ်းကပ်ခြင်း (အပိုင်း ၄)

(မိုးမခ) ဧပြီ  ၊ ၂၀၂၃


ပြောက်ကျားစစ်ပွဲများအတွင်းရှိ နိုင်ငံရေးပြဿနာများ

(စစ်ရေးလုပ်ဆောင်ချက်သည် နိုင်ငံရေးရည်မှန်းချက်ကို ရရှိရန် အသုံးပြုသော နည်းနာတခုဖြစ် သည်။ နိုင်ငံရေးရာနှင့် စစ်ရေးရာတို့သည် တထပ်တည်း မတူညီသော်လည်း တခုနှင့်တခုကို သီးခြား ခွဲထားရန် မဖြစ်နိုင်ပါ။  ပြောက်ကျားစစ်-မော်စီတုန်း ) 

ပြောက်ကျားစစ်ရဲ့ ထူးခြားတဲ့လက္ခဏာက လူထုကို မှီခိုရခြင်းပင် ဖြစ်ပါတယ်။ ဤသည်မှာ အလွန်ကျယ်ပြန့်သော နိုင်ငံရေးပဲ ဖြစ်ပါတယ်။ တနည်းပြောရမယ်ဆိုရင် လူထုအတွင်း ကျယ်ပြန့်သော နိုင်ငံရေးလှုပ်ရှားမှုကို ဆောင်ရွက်ရခြင်းဟု ပြောရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကို ခေါင်းဆောင်နေသူများ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက တပ်မှူး တပ်သားများဟာ တော်လှန်တဲ့ တော်လှန်ရေး အတွေးအခေါ် တနည်းပြောရရင် တော်လှန်တဲ့ နိုင်ငံရေးအမြင်အယူအဆ ရှိဖို့လိုတယ်ဆိုတာကို ပြောက်ကျားစစ်ရဲ့ ဖြစ်စဥ်တိုင်းက အခိုင်အမာ သတိပေးနေတယ်လို့ ခံယူသင့်ပါတယ်။

ကျနော်တို့ဟာ စစ်တပ် စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တရားကို ပြတ်ပြတ်သားသား တိုက်ပွဲ ဝင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို နိုင်ငံရေး စစ်ရေးခေါင်းဆောင်အားလုံးက ခံယူဖို့လိုမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် နိုင်ငံရေးဆိုင်ရာ အမြင်စုစည်းချက် ဖြစ်ပါတယ်။ တနည်းပြောရရင် ရန် ငါ စည်းခြားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အခြေခံကျတဲ့ လူထုအမြင်လည်း ဖြစ်ပါတယ်။ ဒီအမြင်ပေါ်ကသာ လူထုဟာ လွတ်မြောက်နိုင်မယ်ဆိုတာကို အမြဲတမ်း ခံယူကျင့်သုံးဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ကာလကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျဆင်းတာတို့ ရန်သူရဲ့ ဖြားယောင်း သွေးဆောင်မှုတို့ ဆင်းရဲပင်ပန်းတာတို့ စတဲ့ တွေဝေမှုတွေပေါ်မှာ မူလချထားတဲ့ ရည်မှန်းချက် သန္နိဋ္ဌာန်တွေ  ဆုံးရှုံးကြလေ့ရှိတာ တွေ့ရတတ်ပါတယ်။

ပြောက်ကျားတပ်ဖွဲ့များ ဖြစ်ကြတဲ့ ပြောက်ကျားအမြဲတမ်းတပ်ဖွဲ့များနဲ့ ပြောက်ကျားဒေသတပ်ဖွဲ့များဟာ စစ်တပ်ဖွဲ့များဖြစ်သလို အခြားတဘက်က လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသူများ ဖြစ်တာနဲ့အညီ လူထုစည်းကမ်း တပ်စည်းကမ်းများကို ကိုယ်ပိုင်အသိနဲ့ လိုက်နာဆောင်ရွက်ကြရလေ့ ရှိပါတယ်။ ဆိုလိုတာက လူထု လွတ်မြောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို စစ်ရေးလှုပ်ရှားမှုနဲ့ အကောင်အထည်ဖော်တာ ဖြစ်တဲ့အတွက် လူထုအမြင် ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ် သဘောတရားကို လိုက်နာကြဖို့ ဆိုတာဟာ ကိုယ်ပိုင်အသိက ပြဋ္ဌာန်းကြရလေ့ရှိပါတယ်။ ဒီလိုစည်းကမ်း လိုက်နာမှုတွေဟာ လူထုလွတ်မြောက်ဖို့ ဆိုတဲ့ အမြင်က ကင်းလွတ်သွားတာနဲ့ စစ်ဘုရင်ဝါဒတွေ၊ မင်းမဲ့ဝါဒတွေ လူပေါ်လူဇော် လုပ်လိုတဲ့ တကိုယ်ကောင်းဝါဒတွေ ထင်ပေါ်ကျော်ကြားလိုတဲ့ ပုဂ္ဂိုလ်ရေး ထူထောင်လိုမှုတွေဟာ ပြောက်ကျားတပ်ဖွဲ့တွေထဲ ထွန်းကားလာတော့တာပါပဲ။

နိုင်ငံရေးအမြင် အားနည်းလာတာနဲ့အမျှ နိုင်ငံရေး စစ်ရေးခေါင်းဆောင်များပင်လျှင် ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ ဖြစ်တဲ့ တကိုယ်ကောင်းဆန်ခြင်း ကိုယ်ကျိုးစီးပွားရှာခြင်း၊ အုပ်စုဖွဲ့ခြင်း၊ လူမိုက်ဂိုဏ်းတခုလို ပြုကျင့်ခြင်း စတဲ့ စာရိတ္တ ချွတ်ခြုံကျမှုများကို ဖြစ်ပေါ်စေတတ်ပါတယ်။ ကျနော် ဒီနေရာမှာ ထပ်ပြီးပြောလိုတာက ကျူးဘားတော်လှန်ရေးကရတဲ့ သင်ခန်းစာ ၃ ရပ်ပဲ ဖြစ်ပါတယ်။

၁။ ပြည်သူလူထုဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ စစ်တပ်ကြီးတခုကို အနိုင်တိုက်နိုင်တယ်။

၂။ တော်လှန်ရေးလုပ်ဖို့ လိုအပ်တဲ့အခြေအနေတွေ အပြည့်အစုံရှိတဲ့အထိ စောင့်စရာမလိုဘူး။ တော်လှန်ရေးက လိုအပ်တာတွေ ဖန်တီးပေးလိမ့်မယ်။

၃။ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ အမေရိကတိုက်မှာ  ကျေးလက်ဒေသဟာ လက်နက်ကိုင် တိုက်ပွဲအတွက် အခြေခံဒေသ ဖြစ်တယ်ဆိုတဲ့ သင်ခန်းစာ ၃ ရပ်ဟာ ကနေ့ ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြမှုတွေပဲ ဖြစ်ပါတယ်။

များသောအားဖြင့် အလိုတော်ရိတွေ အချောင်သမားတွေ အရေခြုံတော်လှန်ရေးသမားတွေ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားအတုတွေဟာ ရန်သူ ကြေးစားတပ်ကြီးကို ဘယ်လိုမှ တိုက်ခိုက် ချေမှုန်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဆင်ခြေဆင်လက်တွေပေးလေ့ ရှိတယ်။ ဒီပေါ်က အကြမ်းမဖက်တာတို့ စေ့စပ် ဆွေးနွေးအလျှော့ပေးရေးတို့ကို လမ်းခင်းရင်း စစ်တပ်ကို ခြေသလုံးဖက်လေ့ရှိတယ်။ ရန်သူကလည်း စိတ်ဓာတ်စစ်ဆင်ရေးတွေနဲ့ ဒီလမ်းကို ခင်းလေ့ရှိတယ်။ လက်တွေ့ကတော့ ပြည်သူလူထုဟာ ကြေးစားစစ်တပ်ကို အနိုင်တိုက်နိုင်တယ်ဆိုတာ သံသယရှိစရာမလိုအောင် မှန်ကန်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ လက်တွေ့ကလာတဲ့ သဘောတရား ဖြစ်ပါတယ်။ တော်လှန်ရေးမှာ ခေါင်းဆောင်နေတဲ့ စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေ ပြောက်ကျားတပ်ဖွဲ့အသီးသီးက တပ်မှူး တပ်သားအပေါင်းဟာ ဒီအမြင်ကို လုံးဝ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ တော်လှန်ရေးလုပ်ဖို့ လိုအပ်တဲ့အခြေအနေတွေ အပြည်အစုံရှိတဲ့အထိ စောင့်ဆိုင်းစရာ မလိုဘူး။ တော်လှန်ရေးက လိုအပ်တာတွေ ဖန်တီပေးလိမ့်မယ်ဆိုတာ အမှန်တရားပဲ။ ကနေ့ ကျနော်တို့ လက်ချည်း အနေအထားက စခဲ့တာဖြစ်တဲ့ နွေဦးတော်လှန်ရေးဟာ နှစ်နှစ်အတွင်း မျှခြေ အနေအထားအထိ တိုးတက်ဖြစ်ထွန်းခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ဒီတရားဟာ  မှန်ကန်တယ်။  ရှေ့ ဆက်လည်း တိုးတက်ဖြစ်ထွန်းနေမှာ ဖြစ်တယ်။

တတိယအချက်ကတော့ ဒက်ဒိပဲ။ ကျေးလက်ကို အခြေခံပြီး မြို့ကို သိမ်းရမယ်။ ကျေးလက်အားလုံးဟာ နွေဦးတော်လှန်ရေးရဲ့ အခြေခံဒေသတွေ ဖြစ်ရမယ်။ ဒါဟာ သေနင်္ဂဗျူဟာမြောက် တော်လှန်ရေးအခင်းအကျင်းပဲ ဖြစ်ပါတယ်။

ဒီနေ့ အကြမ်းဖက် ကြေးစားစစ်တပ်က စစ်ကြောင်းတွေထိုးပြီး ရွာတွေ မီးရှို့၊ လူတွေ သတ်နေတယ်။ အကြမ်းဖက်စစ်တပ်က အရာရှိ အရာခံ အကြပ် တပ်သားတွေဟာ ဖရိုဖရဲ အလဲလဲအကွဲကွဲနဲ့ အတုံးအရုံး သေဆုံးကုန်တာ ကျနော်တို့ မျက်မြင်ပဲ ဖြစ်တယ်။ ဒီလို စစ်ကြောင်းတွေထိုးရတာက အခုလို စစ်ရဲ့ မျှခြေအနေမှာ တော်လှန်ရေးအင်အားတွေကို တိုက်အားလျှော့ချဖို့၊ မြို့ပြစစ်ဌာနချုပ်တွေကို ကာကွယ်ဖို့ လူထုကို ကြောက်လန့်အောင် ရက်ရက်စက်စက် ခြိမ်းခြောက်သတ်ဖြတ်ပြဖို့ ဆိုတဲ့  ရည် ရွယ်ချက်တွေက အဓိကပါပဲ။ လက်တွေ့မှာ ပြောင်းပြန်ဖြစ်ကုန်တယ်။ လူထုကို သတ်ဖြတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်တာကလွဲပြီး တခြားဟာတွေ ထင်သလောက် မလုပ်နိုင်ခဲ့ဘူး။

စစ်တပ်ရဲ့ ပြဿနာက ဒီစစ်ကြောင်းထွက်တဲ့လူတွေကို နောက်ထပ် အစားထိုးဖို့ လူမရှိတော့ဘူးဆိုတာ သေချာနေတယ်။ မြို့ပြတွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လာနိုင်တယ်။ သေချာတာက ခုခံစစ်တခုရဲ့ အခုလိုအခြေအနေမျိုးမှာ တော်လှန်ရေးအင်အားစုတွေ ညီညွတ်စွာ ခုခံဖို့နဲ့ ညီညွတ်စွာ စစ်ထိုးဖို့ပဲ။ ဒီရပ်ကွက်ကို စစ်ကြောင်းဝင်ရင် နောက်ရပ်ကွက်က စစ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ကျေးရွာတွေကို စစ်ကြောင်းဝင်ရင် မြို့ပြတွေကို စစ်ဆင်ရေးတွေ လုပ်ရမယ်။ ဒီဒေသတွေကို စစ်ကြောင်းဝင်ရင် နောက်ဒေသတွေမှာ စစ်ဆင်ရေးတွေ လုပ်ရမယ်။ အဓိက ရန်သူ့အသည်းနှလုံး နေရာတွေမှာ တိုက်ကွက်ဖော်ရမယ်။ တော်လှန်ရေးအင်အားစုတွေဟာ လူထုကို အခြေခံတာ ဖြစ်လို့ လူထံက ရန်သူ့သတင်းကိုရအောင် မဖြစ်မနေ ကြိုးပမ်းထားရပါမယ်။

စစ်အနိုင်တိုက်ဖို့ ဆိုတာ ပြောက်ကျားစစ်သေနင်္ဂဗျူဟာအရ လူထုကို လွတ်မြောက်အောင် တိုက်ပွဲဝင်တာ ဖြစ်တယ်။ လူထုကို အကျိုးပြုတာ ဖြစ်တယ်။ လူထုကို လက်နက်နဲ့ ကာကွယ်တာ ဖြစ်တယ်။ လူထုဆန့်ကျင်ရေးကို လုံးဝ မလုပ်တာဖြစ်တယ် ဆိုတဲ့ နိုင်ငံရေးအသိကို ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်မှူး တပ်သားအားလုံးက ရင်မှာ စွဲကိုင်တိုက်ပွဲဝင်မှ အောင်မြင်မှုပန်းတိုင်ကို ရောက်ပါလိမ့်မယ်။ ပြောက်ကျားစစ်ပွဲအတွင်းက နိုင်ငံရေးပြဿနာအားလုံးဟာ လူထုအမြင်ကို ဆန့်ကျင်တာကြောင့် ဖြစ်ပေါ်ရတာ ဖြစ်ကြောင်း ပြောလိုပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar