ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်ကို ဘယ်လောက် ကြိုတင်ပြင်ဆင်နေကြလဲ
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၂ မြင်ကွင်း
(မိုးမခ) မေ ၁၃၊ ၂၀၂၃
ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်ကို ဘယ်လောက် ကြိုတင်ပြင်ဆင်နေကြလဲ
ဆိုင်ကလုန်း “မိုခါ”က မြန်မာနိုင်ငံ အနောက်ကမ်းရိုးတန်း ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ကုန်းတွင်းကို ဝင်ရောက်ဖို့ အနည်းဆုံး ၂၄ နာရီကနေ အများဆုံး ၃၆ နာရီသာလိုတော့တဲ့ အချိန်လို့ ခန့်မှန်းထားကြပါတယ်။ ကုန်းတွင်းဝင်မယ့် လမ်းကြောင်းနဲ့ပတ်သက်လို့ စစ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကောက်ဇ်ဘဇား အကြားလို့ ခန့်မှန်းချက်တွေရှိသလို စစ်တွေနဲ့ ကျောက်ဖြူအကြားလို့ ခန့်မှန်းကြတာလည်း ရှိပါတယ်။
ကမ္ဘာမှာ မုန်တိုင်းစောင့်ကြည့် ခန့်မှန်းတဲ့ စနစ်တွေတခုမက ရှိသလို ခန့်မှန်းချက်တွေ အနည်းငယ်ကွဲပြားကြတာ ဖြစ်ပါတယ်။ မုန်တိုင်းရဲ့ ပြင်းထန်အားနဲ့ ပတ်သက်လို့ တနာရီ ၁၀၅ မိုင်ကနေ အချို့ ခန့်မှန်းချက်တွေမှာ ၁၃၅ မိုင်လောက်အထိ ခန့်မှန်းကြတာ ဖြစ်ပါတယ်။ လက်ရှိဘင်္ဂလား ပင်လယ်အော်ထဲမှာ တိုက်ခတ်နေတဲ့ ပြင်းထန်အားက မိုင် ၁၃၀ ကျော်ရှိနေပြီး ကုန်းတွင်းဝင်ရောက်ချိန်မှာတော့ ရခိုင်ကမ်းရိုးတန်းက တောင်တန်းတွေကြောင့် လေပြင်းအား အနည်းငယ် လျော့ကျသွားနိုင်တယ်လို့လည်း ဖော်ပြချက်တွေမှာ ပါရှိတာတွေ့ရပါတယ်။
သို့ပေမဲ့ ကုန်းတွင်းဝင်ရောက်ချိန် အနိမ့်ဆုံး တနာရီမိုင် ၁၀၀ လောက်တိုက်ခတ်မယ့် ပြင်းအားအဆင့် ၃ ရှိတဲ့ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဘယ်လောက်ထိ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်မလဲဆိုတာက တကယ့်ကို စိုးရိမ်စရာ အချက်ဖြစ်ပါတယ်။ ကမ္ဘာမှာ ဆိုင်ကလုန်းမုန်တိုင်းတွေ မကြာခဏ ဝင်ရောက်လေ့ရှိတဲ့ ဆိုင်ကလုန်း (အချို့ဒေသအခေါ် ဟာရီကိန်း) ဒဏ်ကို ခံရလေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဘက် ကမ်းခြေပြည်နယ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေ အဖို့ သက်ဆိုင်ရာ အစိုးရတွေမှာ မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးမှုနည်းပါးအောင် ထိခိုက်မှုနည်းပါးအောင် ကယ်ဆယ်ရေး ရွှေ့ပြောင်းရေးတွေ အတိုင်းအတာတခုထိ နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ကြပေမယ့် မြန်မာနိုင်ငံမှာ အခုလို အားကောင်းပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တာဟာ ဆယ်စုနှစ်တွေကြာမှ တကြိမ်ဖြစ်လေ့ရှိတာ၊ လက်ရှိ စစ်အာဏာသိမ်း စစ်တပ်အနေနဲ့ နယ်မြေတွေကို အမှန်တကယ် စီမံအုပ်ချုပ်နိုင်စွမ်းမရှိတာ၊ ဒေသလူထုရဲ့ ယုံကြည်မှု ကျဆင်းနေတာတွေကြောင့် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ကျရောက်နိုင်တဲ့ သဘာဝဘေးဒဏ်ကို ဘယ်လောက်ထိ ခါးစည်းခံကြရမလဲဆိုတာ စိုးရိမ်စရာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ပြည်တွင်းမှာ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေကို အနိုင်ယူဖို့သာ စိတ်ဝင်စားပြီး နိုင်ငံရဲ့ သယံဇာတက ရတဲ့ငွေ၊ အခွန်အကောက်က ရတဲ့ငွေအများစုကို စစ်လက်နက်နဲ့ စစ်တိုက်တဲ့ ကုန်ကျစရိတ်တွေမှာ သုံးစွဲနေတာကြောင့် အခုလို သဘာဝဘေးအန္တရာယ် မကျရောက်ခင် ကာကွယ် ကယ်ဆယ်ရေးမှာ မသုံးစွဲတာ တွေ့ရပါတယ်။ ရခိုင်မြောက်ပိုင်းကို မုန်တိုင်းဝင်ရောက်မယ်လို့ ၈၀ ရာနှုန်းလောက် သေချာနေတာ ပြီးခဲ့တဲ့ ၃/၄ ရက်ကတည်းဖြစ်ပေမယ့် စစ်ကောင်စီအနေနဲ့ အန္တရာယ် ကျရောက်နိုင်တဲ့ ဒေသမှာ နေထိုင်သူတွေ ယာယီတိမ်းရှောင်ရေး အစီအစဥ်တွေ လုပ်ဆောင်တာမတွေ့ရပါဘူး။
မေလ ၁၂ ရက်နေ့ ညနေခင်းမှသာ ရခိုင်က တပ်အချို့က စစ်ကားတွေ တန်းစီထွက်လာပြီး ကယ်ဆယ်ရေး ရွှေ့ပြောင်းရေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့ တယ်လီဂရန်တချို့မှာ ဓာတ်ပုံတွေတွေ့ရပေမယ့် မြေပြင်မှာတော့ Arakan Army က ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးမှာ ကူညီနေတဲ့ ဓါတ်ပုံတွေကိုသာ အများအပြားတွေ့ရပါတယ်။ သတင်းတွေမှာ တွေ့ရသလောက် ၁၂ ရက်နေ့နံနက်ပိုင်းအထိ ဘေးလွတ်ရာ ရွှေ့ပြောင်းတဲ့ လူဦးရေက သောင်းဂဏန်းမကျော်သေးတာ တွေ့ရပါတယ်။ ၁၂ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီက ရခိုင်ပြည်နယ် ၇ မြို့နယ်ကို အန္တရာယ်ကျရောက်နိုင်တဲ့ အနီရောင်အဆင့် ဒေသအဖြစ် ကြေညာခဲ့တာ တွေ့ရပါတယ်။ သို့ပေမယ့် မုန်တိုင်း သဘာဝဘေး မကျရောက်ခင် ကယ်ဆယ်ရေး နဲ့ပတ်သက်တဲ့ သတ်သတ်မှတ်မှတ် လုပ်ငန်းစဥ်တွေ ရှိတဲ့ သဘောမျိုးမတွေ့ရပဲ ဒေသခံတွေ အနေနဲ့ မိမိတို့ရဲ့ ဆန္ဒအလျှောက် နဲ့ ရပ်ရွာအသိုင်းအဝိုင်းရဲ့ နှိုးဆော်မှုနဲ့ ရွှေ့ပြောင်းနေကြတဲ့ သဘောမျိုးသာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရတာ ဖြစ်ပါတယ်။
ဆိုင်ကလုန်းနာဂစ်လို လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုမဖြစ်ဖို့ အတွက် ကြိုတင်ကာကွယ်မှု ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ နေရာတွေကနေ ယာယီအားဖြင့် တိမ်းရှောင်မှုလုပ်ဖို့က အရေးကြီးပါတယ်။ တဖက်မှာလည်း သတင်းအချက်အလက် ထောက်ပံ့ပေးနိုင်မှု၊ အဆိုပါဒေသကို အုပ်ချုပ်တဲ့ ဒေသက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက အကူအညီတွေက အရေးကြီးတာဖြစ်ပါတယ်။
နာဂစ် မုန်တိုင်းရဲ့ ပြင်းအားက အခု မိုခါထက် အနည်းငယ်ပိုတဲ့အချက်၊ ရခိုင်ပြည်နယ်ရဲ့ မြေမျက်နှာသွင်ပြင်က မြေပြန့်မဟုတ်ခြင်းကြောင့် ရေတပြင်လုံးလွှမ်းမိုးပြီး အသက်အန္တရာယ်ဘေး ကျရောက်နိုင်ခြေ မြင့်မားမှု မရှိခြင်း စတဲ့အချက်၂ ချက်ကလွဲပြီး အခြားသော အခြေအနေတွေက နာဂစ်ဖြစ်ပွားစဥ်က မြန်မာ့နိုင်ငံရေး အခြေအနေထက်ကို ပိုမိုဆိုးရွားတဲ့ အနေအထားမှာ ရောက်နေတာ ဖြစ်ပါတယ်။ တစုံတရာ အန္တရာယ်ကျရောက်ရင် ကျရောက်တဲ့နေရာတွေ လူတွေကို မြန်မြန်ဆန်ဆန် ကူညီကယ်ဆယ်နိုင်တဲ့ အနေအထားမျိုး အဆင်သင့်ဖြစ်မနေတာလည်း တွေ့မြင်နေရတာဖြစ်ပါတယ်။
နကိုကတည်းက လမ်းပန်းဆက်သွယ်ရေး အတားအဆီး၊ ဒေသရဲ့ နိုင်ငံရေးတည်ငြိမ်မှု အနေအထားတွေအရ ဖွံ့ဖြိုးမှု နောက်ကျတဲ့ ရခိုင်ပြည်နယ် အဖို့အခု သဘာဝဘေးအန္တရာယ်က ထပ်ပြီး ဒုက္ခထပ်ဆင့်ဖြစ်စေဦးမလားဆိုတာတော့ စိုးရိမ်စွာနဲ့ စောင့်ကြည့်ရမယ့် သဘောမျိုးဖြစ်နေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar