ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၅)
ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၅)
(မိုးမခ) မေ ၁၃ ၊ ၂၀၂၃
မြန်မာ့နွေဦးတော်လှန်ရေး ကာလအတွင်း "စစ်" ဆိုတဲ့စကားလုံးကို ကျနော်တို့အားလုံး မကြားချင်ဘဲ ကြားခဲ့ရ၊ ရင်ဆိုင်ခဲ့ရပါပြီ။ စစ်တပ်က အာဏာကိုမတရား သိမ်းယူပြီးတဲ့နောက် နိုင်ငံသားများရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုခဲ့ကြတဲ့အပေါ် လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းတာကြောင့် ခုခံစစ်၊ ကာကွယ်စစ်တွေ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
အခုကာလက နှစ်ပေါင်းများစွာ နိုင်ငံရေးနဲ့ ဝေးကွာခဲ့ကြတဲ့ ပြည်သူတွေ၊ စစ် ဆိုတာကို မကြုံခဲ့ဖူးတဲ့ အရပ်သားတွေက ရရာလက်နက်ကို ရှာဖွေပြီး ခုခံကြ၊ ကာကွယ်ကြရတဲ့ အချိန်ပါ။ ဒါပေမဲ့ ခေါင်းဆောင်ဆိုသူ၊ နိုင်ငံရေးသမား ဆိုသူတချို့က "ငြိမ်းချမ်းရေး"၊ "ငြိမ်းချမ်းရေးလမ်းစဥ်" ဆိုတဲ့စကားရပ်တွေကို ပြောလိုပြော၊ ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းရမယ်၊ အကြမ်းဖက်လမ်းစဥ်ကို ဆန့်ကျင်ရမယ် စသဖြင့် ဆိုလိုဆို ပြောနေ ရေးနေတာတချို့လည်း တွေ့နေရပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်က ဘယ်တော့မှ ပြိုကွဲမှာမဟုတ်ဘူး၊ စစ်တပ်ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုပြီး ပြည်သူကို စိတ်အားငယ်အောင် ကြိုးပမ်းမှုတွေ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး ဆင်နွှဲနေသူအားလုံးက အကြမ်းဖက်စစ်တပ်ကို လွယ်လွယ်နဲ့ အနိုင်ရလိမ့်မယ်၊ နေ့ချင်းညချင်း တော်လှန်ရေးအောင်မြင်လို့ တွက်ပြီး ဦးနှောက်နည်းနည်းနဲ့ လုပ်နေကြတာ မဟုတ်ပါဘူး။ ဒီလမ်းကို မရွေးချယ်ဘူး၊ အကြမ်းဖက်စစ်တပ်ကို လုပ်ချင်တိုင်း လုပ်ခွင့်ပေးလိုက်မယ်ဆိုရင် စစ်ကျွန်ဘဝက ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ပါဘူး။
အာဏာရှင်ကို တော်လှန်ရတဲ့ တော်လှန်ရေးတိုင်းဟာ လွယ်လွယ်နဲ့အောင်မြင်လေ့မရှိပါဘူး။ အချိန်၊ အသက်သွေးချွေးနဲ့ ဘဝတွေကို ရင်းနှီးမြှုပ်နှံကြရတာ ဓမ္မတာပါ။ ဒီလို မလွယ်တာနဲ့ပဲ ကျနော်တို့က လက်လျှော့လိုက်ကြရမှာလား။ အာဏာရှင်တွေအလိုကျ ဘဝကို စတေးလိုက်ကြရမှာလား။ ကမ္ဘာပေါ်မှာ အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေရော မရှိခဲ့ဘူးလား စဥ်းစားစရာပါ။
မယုံမရှိပါနဲ့၊ ကမ္ဘာ့သမိုင်းမှာ ဘယ်လိုမှ မအောင်မြင်နိုင်ဘူးလို့ အာဏာရှင်တွေ ယူဆထားပေမယ့် အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေ ရှိခဲ့ပါတယ်။ False Hope ဆိုတဲ့ မျှော်လင့်ချက်အမှားကို ပေးတာ မဟုတ်ပါဘူး။ သမိုင်း အထောက်အထားနဲ့ ပြောပြမှာ ဖြစ်ပါတယ်။ အထင်ရှားဆုံးနမူနာကတော့ "အမေရိကန်တော်လှန်ရေး"ပဲ ဖြစ်ပါတယ်။
အမေရိကန်တော်လှန်ရေး စတင်ချိန်မှာ အင်္ဂလိပ်ကိုလိုနီအစိုးရက အားသာချက်များစွာ ရှိခဲ့ပါတယ်။ သူတို့မှာ ကမ္ဘာ့အကြီးဆုံးရေတပ် ရှိတယ်၊ အထူးလေ့ကျင့်ထားတဲ့ စစ်တပ် ရှိတယ်။ အမေရိကန် တော်လှန်ရေးသမားတွေမှာ အင်အားတစုံတရာပြည့်စုံတဲ့ ရေတပ်မရှိသလို စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်တပ်လည်း မရှိဘူး။ ပြည်သူ့စစ်လို တပ်ဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့စစ်တပ်သာရှိပြီး လက်နက်မပြည့်စုံသလို တိုက်ပွဲအတွေ့အကြုံတွေလည်း မရှိကြပါဘူး။ စေတနာ့ဝန်ထမ်း မျိုးချစ် စစ်သည်တွေက အချိန်တိုတိုအတွင်းသာ တိုက်ပွဲဝင်ကြပြီး အိမ်ပြန်လေ့ ရှိကြပါတယ်။
လူဦးရေချင်း ယှဥ်ကြည့်မယ်ဆိုရင်လည်း ဗြိတိန်ရဲ့ လူဦးရေက ၈ သန်းကျော်ရှိပြီး အမေရိကန်လူဦးရေက ၂ သန်းခွဲသာ ရှိပါတယ်။ ပြီးတော့ အမေရိကန်အားလုံးက တော်လှန်ရေးကို ထောက်ခံသူတွေ မဟုတ်ပါဘူး။ အမေရိကန် ၅ ယောက်မှာ တစ်ယောက်က ကိုလိုနီအစိုးရကို သစ္စာခံသူ ဖြစ်ပါတယ်။ သူတို့က တော်လှန်ရေးကို ဆန့်ကျင်ကြပါတယ်။ တချို့ အမေရိကန်တွေကလည်း တော်လှန်ရေးကာလအတွင်း ဘက်ပြောင်းကုန်ကြပါတယ်။
အင်္ဂလိပ်ရဲ့ သစ္စာခံတွေက ဗြိတိန်ကို ထောက်ခံရခြင်းအကြောင်းအရင်းတွေကလည်း မျိုးစုံပါ။ တချို့က ကိုလိုနီအစိုးရထံမှာ အလုပ်အကိုင်အရ မှီခိုနေကြသူတွေမို့ သူတို့အကျိုးစီးပွားကို မစွန့်လွှတ်နိုင်ကြလို့ ဖြစ်ပါတယ်။ တချို့က တော်လှန်ရေးဆင်နွှဲရင် တိုင်းပြည်အတိဒုက္ခရောက်မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် တော်လှန်ရေးကို ဆန့်ကျင်ကြတာ ဖြစ်ပါတယ်။ တချို့ကတော့ ကိုလိုနီနယ်မြေတွေက လွတ်လပ်ရေး ဘာကြောင့် လိုချင်ကြတယ်ဆိုတာကိုတောင် နားမလည်ကြလို့ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကိုလိုနီအစိုးရက တော်လှန်ရေးသမား သူပုန်တွေကို လွယ်လွယ်နဲ့ နှိမ်နင်းနိုင်မယ်လို့ တထစ်ချ ယုံကြည်ခဲ့ပါတယ်။ တော်လှန်ရေးစတင်ခဲ့ချိန်မှာလည်း ဗြိတိသျှစစ်တပ်တွေ စေလွှတ်ပြီး တိုက်ခိုက်နှိမ်နင်းခဲ့ကြပါတယ်။ အဲဒီတုန်းက ဗြိတိသျှအရာရှိတွေ ရေးသားခဲ့ကြတဲ့ စာတွေထဲမှာ အမေရိကန်တော်လှန်ရေးသမားတွေကို ခဏအတွင်း ချေမှုန်းနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်တွေအများကြီး ပါဝင်နေခဲ့ပါတယ်။ တိုက်ပွဲတွေမှာလည်း သူက နိုင်လိုက်၊ ကိုယ်ကနိုင်လိုက်နဲ့မို့ အားငယ်စရာအဖြစ်တွေ ကြုံခဲ့ကြရပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကတဆင့် အမေရိကန် လွတ်လပ်ရေးရရှိသွားတာ အခုဆိုရင် နှစ်ပေါင်း ၂၅၀ ပြည့်ပါတော့မယ်။
ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ အမေရိကန်တော်လှန်ရေးထက် သာလွန်တဲ့အချက်တွေ များစွာရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကလွဲလို့ စိတ်ဓာတ်ပိုင်းမှာရော၊ ရပ်တည်ချက်မှာပါ သာလွန်တဲ့ ခံယူချက်နဲ့ ရိုးသားမှုတွေ ရှိမနေပါဘူး။ စစ်တပ်ရဲ့ ဘက်တော်သားတွေ၊ အမျိုးမျိုးချုပ်နှောင်မှုတွေနဲ့ ခိုင်းစေထားတဲ့ အင်အားတွေကြောင့်သာ ရပ်တည်နေနိုင်တာပါ။ ဒီအင်အားတွေက တဖြည်းဖြည်း တိုးပွားလာတာမဟုတ်ဘဲ တစတစ ကျဆင်းလာတာမို့ နွေဦးတော်လှန်ရေးဟာ တချိန်မှာ မလွဲမသွေ အောင်မြင်ရမှာပါ။
စိတ်ဓာတ်တူသူ၊ ခံယူချက်တူသူ၊ အနာဂတ်တိုင်းပြည်အပေါ် စေတနာထားသူတွေ ရှိနေသမျှ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ အောင်ပွဲရောက်သည်အထိ ဆက်လက်ရှင်သန်နေမှာ ဖြစ်ပါတယ်။ သရဲဘောကြောင်သူတွေ၊ အတ္တကြီးသူတွေ၊ အခွင့်အရေးသမားတွေရဲ့ တော်လှန်ရေး ချည့်နဲ့အားငယ်အောင် ပြောဆိုနေတာတွေကို ဂရုမစိုက်ဘဲ ပန်းတိုင်ရောက်တဲ့အထိ အားတင်းလျှောက်လှမ်းကြရအောင်ပါ။
လုံးဝ မမေ့ပါနဲ့၊ ငါတို့မှာ ငါတို့ ရှိပါတယ်။ ။
ထိန်လင်း
၁၁၊ ၅၊ ၂၀၂၃
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar