Breaking News

စေတ - လူသင်္ဘော

လူသင်္ဘော
စေတ
(မိုးမခ) မေ ၁၃၊ ၂၀၂၃

လူတယောက်ဟာ သင်္ဘောတစင်းလို ဆိုက်ကပ်ရမယ့်အချိန်ရှိသလို
ထွက်ခွာရမယ့်အချိန်လည်းရှိတယ်
ဒါပေမဲ့ 
ငါမထွက်ခွာချင်သေးဘူး
ဒါပေမဲ့
အချိန်စေ့ရင် ငါထွက်ခွာရမယ်
ကမ်းဆိုတဲ့ အချိန်မြို့ကြီးတမြို့မှာ
ငါ ပြန်မထွက်ခွာခင် နေရတဲ့နာရီအိမ်ကလေးထဲမှာ
အိုမင်းရင့်ရော်နေတဲ့ ငါ့အဖေနဲ့ငါ့အမေကို
အချိန်ရသလောက် ငါပြုစုစောင့်ရှောက်ချင်သေးတယ်
လူ့အဖြစ်ရဲ့ သက်တမ်းတလျှောက်
မလိုချင်ဘဲရခဲ့တဲ့ ငါ့ဝေစု ဒုက္ခသေတ္တာကို
ငါ့လိုပဲ သွေးစုပ်ခံနေရသူတွေနဲ့အတူ
မူလပိုင်ရှင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေဆီ
ပြန်ပေးအပ်ချင်သေးတယ်
ဒုက္ခရဲ့ မခံမရပ်နိုင်တဲ့ နာကျင်မှုဝေဒနာဆိုးကို
သွေးစုပ်ဖုတ်ကောင်တွေလည်း ခံစားမြည်းကြည့်စေချင်သေးတယ်
ငါ ငယ်ငယ်တုန်းက ငါမသိခဲ့လို့ငါသတ်ခဲ့မိတဲ့ 
ပုရွက်ဆိတ်တွေ မြွေတွေကိုလည်း
ငါအသက်ပြန်သွင်းပေးချင်သေးတယ်
ငါငယ်ငယ်တုန်းက ကြီးနိုင်ငယ်ညှင်းစိတ်နဲ့
ငါထိုးခဲ့တဲ့ ငါ့သူငယ်ချင်းကို
ငါပြန်တောင်းပန်ချင်သေးတယ်
ထူးအိမ်သင်ရဲ့ လူနဲ့အင်္ကျီ သီချင်းကို
ငါနားထောင်ပြီးတိုင်း
ငါဟာအလိုလိုသေးငယ်သွားတယ်
ငါဟာကမ္ဘာမြေကို 
လျော်စရာအကြွေးတွေ ငါပြန်ပေးဆပ်ရဦးမယ်
ငါဟာ လူ့အဖြစ်မှာ လူတွေအပေါ်
ငါ ကောင်းခဲ့တာတွေရှိသလို 
မကောင်းခဲ့တာတွေလည်းရှိတယ်
ငါ့သင်္ဘော အချိန်ဆိပ်ကမ်းကမခွာခင်
ငါ့စိတ်ရဲ့ စိတ္တဇရောင်စုံပန်းချီကားတချပ်ကို
ငါ အပြီးသတ် ရေးဆွဲ ရမယ်
သင်္ကေတ အမှန်လွန်ကဗျာရှည်တပုဒ်ကို
ငါရေးဖွဲ့ရဦးမယ်
ပြီးတော့မှ ငါ့သင်္ဘောကို ကမ်းကခွာပြီး
ပင်လယ်ပြင်မှာ လေနှင်ရာရွက်လွှင့်မယ် ။     ။

၁၂-၅-၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar