ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၇)

ကနေဒါဘက်ကို ထွက်ပြေးကြတဲ့ တိုရီများ
(Tory Refugees on their way to Canada by Howard Pyle)
(Tory Refugees on their way to Canada by Howard Pyle)
ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၇)
(မိုးမခ) ဇွန် ၁၈ ၊ ၂၀၂၃
တော်လှန်ရေးတိုင်းမှာ အုပ်စိုးသူ သို့မဟုတ် အာဏာရှင်နဲ့ တော်လှန်သူရယ်လို့ ဘက် ၂ ဖက်ရှိနေတာကတော့ ဓမ္မတာပါ။ တော်လှန်ရေးသမားတွေဘက်က ရပ်တည်သူ၊ ပါဝင်သူ၊ ပံ့ပိုးကူညီသူတွေရှိသလို တစ်ဖက်မှာလည်း အာဏာပိုင် သို့မဟုတ် အာဏာရှင်ရဲ့ သစ္စာခံတွေ ရှိပါတယ်။ အာဏာရှင်တွေက အာဏာကို ခြေကုပ်ယူထားတာကြာလေလေ သူတို့ရဲ့သစ္စာခံအင်အားစုက ကြီးမားလေဖြစ်ပါတယ်။ ဒါကြောင့်ပဲ အာဏာရှင်တော်လှန်ရေးမှာ သူတို့ရဲ့သစ္စာခံတွေကို ရင်ဆိုင်ရတဲ့ပြဿနာက ပါဝင်နေတတ်တာဖြစ်ပါတယ်။
အမေရိကန်တော်လှန်ရေးမှာလည်း မျိုးချစ်တော်လှန်ရေးသမားတွေအဖို့ ကိုလိုနီ အင်္ဂလိပ်အစိုးရကို တော်လှန်နေတဲ့တချိန်တည်းမှာ ကိုလိုနီသစ္စာခံတွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့ကို သစ္စာခံတွေ (Loyalists)၊ တိုရီတွေ (Tories)၊ ဘုရင့်လူတွေ (King's Men) လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ သူတို့ကိုယ်သူတို့ အမေရိကန်တွေလို့ မြင်ပေမယ့် ဗြိတိသျှအင်ပါယာကို စောင့်ရှောက်ကာကွယ်ရမယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် မျိုးချစ်တော်လှန်ရေးသမားတွေက ဗြိတိသျှစစ်တပ်နဲ့ သစ္စာခံတွေကို တပြိုင်တည်း တိုက်ခိုက်တော်လှန်ရတာပါ။
ယေးလ်တက္ကသိုလ် သမိုင်းပညာရှင် လီယိုနာ့ဒ် ဝုဒ်စ် က သစ္စာခံတွေကို အမျိုးအစား ၈ မျိုး ခွဲပြထားပါတယ်။ အဲဒါတွေကတော့..
၁။ အသက်အရွယ်ကြီးပြီး အေးအေးဆေးဆေး နေချင်သူတွေ။
၂။ တရားဝင်အစိုးရကိုပုန်ကန်ခြင်းဟာ မှားယွင်းတယ်လို့ ယူဆသူတွေ။
၃။ တော်လှန်ရေးသမား မျိုးချစ်များကို အကြမ်းဖက်သမားလို့ ယူဆသူတွေ။
၄။ ဟိုဘက်ဒီဘက်ကိုမပါဘဲ ကြားနေအဖြစ် နေထိုင်လိုသူတွေ။
၅။ စီးပွားရေး၊ မိသားစုနဲ့ပတ်သက်ပြီး ဗြိတိန်နဲ့ အဆက်သွယ်ရှိသူတွေ။
၆။ ဗြိတိန်ပေးတဲ့လွတ်လပ်ရေးကို တချိန်မှာ ရလိမ့်မယ်လို့ ယူဆထားသူတွေ။
၇။ တော်လှန်ရေးကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်မှာ စိုးရိမ်သူတွေ။
၈။ မျိုးချစ်တွေရဲ့လုပ်ရပ်ကို အယုံအကြည်မရှိတဲ့ အဆိုးမြင်သမားတွေ ဖြစ်ပါတယ်။
အမေရိကန်တော်လှန်ရေးကာလအတွင်း သစ္စာခံတွေဟာ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ရှိကြောင်း ဗြိတိသျှစွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ (သမိုင်းပညာရှင်တွေကတော့ ၁၇၇၅ ခုနှစ်မှာ လူဖြူ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိက ဗြိတိသျှသစ္စာခံတွေဖြစ်တယ်လို့ ဆိုပါတယ်။) ဒီလူတွေက ဗြိတိသျှစစ်တပ်ကို ထောက်ပံ့ဖို့ အဖွဲ့တစ်ခုအဖြစ် မစုစည်းနိုင်ပေမယ့် အများအပြားက စစ်တပ်ထဲဝင်ပြီး အင်္ဂလိပ်ဘက်က ဝင်တိုက်ကြသလို ပြည်သူ့စစ်လို ကိုယ်ပိုင်ပြောက်ကျားတပ်တွေဖွဲ့ပြီး မျိုးချစ်တော်လှန်ရေးသမားတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။
ဗြိတိသျှအစိုးရကလည်း သူတို့ရဲ့သစ္စာခံတွေကို မက်လုံးအမျိုးမျိုး ပေးပါတယ်။ သူတို့စစ်တပ်က သစ္စာခံတွေကို အကာအကွယ်ပေးမယ်၊ သူတို့ကိုသစ္စာခံတဲ့အတွက် ဆုံးရှုံးမှုတွေ ရှိခဲ့ရင် လျော်ကြေးပေးမယ်လို့ ကြေညာခဲ့ပါတယ်။ တကယ်တော့ သူတို့စစ်တပ်တွေရှိတဲ့နယ်မြေတွေမှာသာ တစုံတရာ အကာအကွယ်ပေးနိုင်တာဖြစ်ပါတယ်။ အာဏာလက်လွှတ်ရတော့မယ့်သူတွေဟာ သူတို့သစ္စာခံတွေကို များများ လိုအပ်နေမှာတော့ သေချာပါတယ်။
အမေရိကန်တော်လှန်ရေးကာလအတွင်း တိုရီ လို့ခေါ်တဲ့ သစ္စာခံတွေ ဘယ်လောက်များသလဲဆိုရင် မျိုးချစ်တော်လှန်ရေးသမား ဘင်ဂျမင် ဖရန်ကလင်ရဲ့ သား ဝီလျံ ဖရန်ကလင်က တိုရီခေါင်းဆောင်ဖြစ်ခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ အဖေက ရဲရဲတောက်တော်လှန်ရေးသမား၊ သားက ကိုလိုနီအုပ်ချုပ်ရေးမှူးတဖြစ်လဲ ဗြိတိသျှ သစ္စာခံ။ ဒါဟာ အမေရိကန်တော်လှန်ရေးရဲ့ နမူနာတစ်ခုပါ။
ဝီလျံ ဖရန်ကလင် (William Franklin) |
ဒီလိုအခြေအနေကို တော်လှန်ရေးသမားတွေက ဘယ်လိုကျော်ဖြတ်ခဲ့ကြပါသလဲ။
မျိုးချစ်တော်လှန်ရေးသမားတွေက အင်္ဂလိပ်သစ္စာခံတွေကို အနီးကပ်စောင့်ကြည့်ထားကြပြီး အဲဒီလူတွေရဲ့ ဆန့်ကျင်ဘက်လှုပ်ရှားမှုတွေ မလုပ်ဆောင်နိုင်အောင် ထိန်းချုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဥပဒေတွေပြဋ္ဌာန်းပြီး သစ္စာခံများရဲ့ နိုင်ငံသားအခွင့်အရေးတွေ ရုပ်သိမ်းခြင်း၊ ပိုင်ဆိုင်မှုတွေ သိမ်းယူခြင်း၊ အခွန်တွေ ကြီးကြီးမားမား ကောက်ခံခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ဝီလျံ ဖရန်ကလင် ဆိုရင်လည်း မျိုးချစ်တော်လှန်ရေးသမားတွေက ၁၇၇၆ ကနေ ၁၇၇၈ အထိ ဖမ်းဆီးအကျဥ်းချတာကို ခံခဲ့ရပါတယ်။ အချုပ်အနှောင်ကလွတ်တဲ့အခါ တပ်ဖွဲ့တစ်ခုကိုဦးဆောင်ပြီး အင်္ဂလိပ်ဘက်ကနေ မျိုးချစ်တွေကိုတိုက်ခဲ့ပါတယ်။ ဒါပေမယ့် ၁၇၈၂ ခုနှစ် အင်္ဂလိပ်ဘက်က အရေးနိမ့်လာတဲ့အခါ ပြည်ပြေးအဖြစ် ဗြိတိန်ကိုရောက်ရှိပြီး ကွယ်လွန်ချိန်အထိ လန်ဒန်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ဗြိတိသျှအစိုးရက သူ့ကို သစ္စာခံမှုအတွက် ပေါင်ငွေ ၁၈၀၀ ပေးခဲ့ပေမယ့် အဲဒီငွေက သူ့အိမ်ရဲ့ ပရိဘောဂအသုံးအဆောင်ဖိုးသာ ရှိပါတယ်။
ဗြိတိသျှတွေ အရေးနိမ့်လာတဲ့အခါ သစ္စာခံတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက် (လူဦးရေ ၇ သောင်းခန့်)က ဗြိတိန်၊ ကနေဒါ (British North America) အစရှိတဲ့ အင်္ဂလိပ်အုပ်စိုးရာ နယ်မြေတွေဆီ ထွက်ပြေးကြရပါတယ်။ တောင်ပိုင်းက သစ္စာခံတွေဟာလည်း ဖလော်ရီဒါ နဲ့ ဗြိတိသျှပိုင် ကယ်ရေဘီယံနယ်မြေများဆီ ထွက်ပြေးခဲ့ကြရပါတယ်။ တိုင်းပြည်ကထွက်ပြေးခဲ့ရတဲ့ သစ္စာခံတွေကို ဗြိတိသျှအစိုးရက သူတို့ပိုင်ဆိုင်မှုရဲ့ ၃၇ ရာခိုင်နှုန်းလောက် လျော်ကြေးပေးခဲ့ပါတယ်။ လွတ်လပ်တဲ့တိုင်းပြည်ဖြစ်ပြီး ကန့်သတ်ချက်ဥပဒေတွေကို ရုပ်သိမ်းလိုက်မှ သစ္စာခံတော်တော်များများ တိုင်းပြည်ကို ပြန်လာခဲ့ကြပါတယ်။
သစ္စာခံတွေကို ဗြိတန်က ထောက်ပံ့နေပုံ ပန်းချီကား |
ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ သစ္စာခံ တိုရီတွေ များစွာရှိနေပါတယ်။ အမေရိကန်တော်လှန်ရေးကာလက တိုရီတွေအဖို့ သူတို့သစ္စာခံထားသူတွေက ကမ္ဘာ့အကြီးမားဆုံးရေတပ်ကိုပိုင်ဆိုင်ထားတဲ့ ကိုလိုနီအစိုးရ။ ထွက်ပြေးသူတွေကို ခိုလှုံခွင့်ပေးနိုင်သလို လျော်ကြေးတစုံတရာလည်း ပေးနိုင်သူ။ မြန်မာပြည်က တိုရီတွေကို ဘယ်သူက ကာကွယ်ပြီး ဘယ်သူက စောင့်ရှောက်မှာလဲ။ ကိုယ် သစ္စာစောင့်သိနေတဲ့သူတွေက ကိုယ်ကျိုးရှာသူတွေလား၊ အများအတွက် ရပ်တည်နေသူတွေလား နားလည်ဖို့ လိုအပ်ပါတယ်။
တော်လှန်ရေးကတော့ အချင်းချင်း ဖေးကူရင်း၊ လက်တွဲရင်း အရှိန်အဟုန်နဲ့ ချီတက်နေပါတယ်။ တော်လှန်ရေးပြီးဆုံးချိန်ဟာ အောင်ပွဲရချိန်ဖြစ်မှာမို့ မလျှော့တမ်းဇွဲတွေနဲ့ ခရီးဆုံးရောက်အောင် သွားကြရမှာဖြစ်ပါတယ်။ အာဏာပိုင်ကိုသစ္စာခံတဲ့ တိုရီတွေ များပြားလွန်းတဲ့ အမေရိကန်တော်လှန်ရေးတောင် အောင်မြင်ခဲ့သေးရင် ကျနော်တို့ရဲ့နွေဦးတော်လှန်ရေးလည်း အာဏာရှင်ကိုအရှုံးမပေးသရွေ့ မအောင်မြင်နိုင်စရာ လုံးဝမရှိပါ။
ငါတို့မှာငါတို့ရှိပါတယ်။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar