အောင်ဝေး - ဒေါ်အောင်ဆန်းစုကြည်ဘွဲ့ ကဗျာအချို့
အောင်ဝေး - ဒေါ်အောင်ဆန်းစုကြည်ဘွဲ့ ကဗျာအချို့
(မိုးမခ) ဇွန် ၁၈ ၊ ၂၀၂၃
ဤကဗျာများဖြင့် ၂၀၂၃ ဇွန် ၁၉ တွင် ကျရောက်မည့် ဒေါအောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
စံပယ်နွေဦး
စံပယ်နှစ်ပွင့်
ညက ပွင့်တယ်။
တစ်ပွင့်
ဘုရားတင်တယ်။
တစ်ပွင့်
ဒေါ်အောင်ဆန်းစုကြည် တင်တယ်။ ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
အမေ့ယာ
ရွာပြင်မိုးချုပ်
ခွေးသားအုပ်။
ခွေးအုပ်ထိုးဟောင်
မိုးလရောင်။
မိုးလရောင်
ရိုး တောင်ခြေရင်း။
အဘိုး မာပါစေ
အဘွား သာပါစေ
ရွာအခြေ မြေတလင်းမှာ
ကောက်ဦးနံ့သင်း။ ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
ခမ်းနားတဲ့ လရောင်
သူက
ငါတို့ရင်အုံက လှံကို
နုတ်ပေးခဲ့။
ငါတို့က
သူ့နောက်ကျောစိုက်နေတဲ့ ဓားကို
မေ့လို့။
ကျေးဇူးတရား ဆိုတာ
ခမ်းနားတဲ့ လရောင်။
နောက်ဖေးလမ်းကြားက
ခွေးတွေကတော့
ဟောင်နေဦးမှာပဲ။ ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
အမတနှင်းဆီ
နတ်ဆိုးက
ကျောက်တုံးနဲ့
ဖိသတ်တယ်။
နွေဦးပေါက်တော့
ကျောက်တုံးက
ပန်းပွင့်လာသတဲ့။
ကမ္ဘာပေါ်မှာ
နောက်တစ်ပွင့်မရှိတဲ့
ပန်း။ ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
ဓမ္မကဗျာ
--------------
အမိန့်နဲ့
အာဏာနဲ့
အဆိပ်ကို
မျိုခိုင်းလို့ရတယ်။
ဒါပေမဲ့-
အမိန့်နဲ့
အာဏာနဲ့
အတိတ်ကိုတော့
ဖြိုခိုင်းလို့မရဘူး။
မှတ်ထား...
နေပြည်တော်
မာရဝိဇယနဲ့
၆ ကီလိုမီတာအကွာမှာ
ဆော့ခရတ္တိရှိတယ်။ ။
အောင်ဝေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar