Breaking News

နွေဦးတော်လှန်ရေးရဲ့ မြင်ကွင်းတွေနဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့အခါ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂ မြင်ကွင်း

(မိုးမခ) ဇွန် ၃၊ ၂၀၂၃ 


နွေဦးတော်လှန်ရေးရဲ့ မြင်ကွင်းတွေနဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့အခါ  

တရက်တာ သတင်းတွေ ဖတ်ကြည့်ရင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဘယ်လောက်သေဆုံးတယ်၊ PDF သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ဘယ်နှယောက် သေဆုံးတယ်၊ ဒေသခံ အရပ်သား ဘယ်နှဦးသေဆုံး/ ထိခိုက်ဒဏ်ရာရ တယ်ဆိုတဲ့သတင်း၊ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း နဲ့ အချို့ဒေသတွေက ကျေးရွာက လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ သတင်း၊ အရပ်သား ဘယ်နှဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေက နေ့စဥ် အများဆုံးဖတ်ရှုရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဒုတိယမြောက် အများဆုံးဖတ်ရှုရတဲ့ သတင်းကတော့ ဘယ်မြို့မှာ ဘယ်ရွာမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ပျူစောထီး၊ သတင်းပေး၊ ဒလန်၊ စစ်မှုထမ်းဟောင်း၊ စီဒီအမ်မလုပ်တဲ့ဝန်ထမ်း၊ ကြံ့ခိုင်ရေး ပါတီဝင်၊ မဘသ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ စတဲ့သူတွေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ အတူ နိုင်ငံရေး ယုံကြည်မှုအရ ထောက်ခံမှုအရ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို ၄င်းတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားမှုတွေကို စောင့်ကြည့်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုသတင်းတွေ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ရေးသားသူတွေ ဖမ်းဆီးခံရတဲ့ သတင်းနဲ့ အလားတူ မြို့ပြပြောက်ကျား အဖွဲ့ဝင်တွေထဲက စစ်ကောင်စီက ဖမ်းဆီးရမိတယ် ဆိုတဲ့သတင်းတွေလည်း မကြာမကြာဖော်ပြလေ့ရှိပြီး ပြစ်ဒဏ်စီရင်ခံရတဲ့ သတင်းတွေလည်း ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။ 

ဒီအကြောင်းအရာ နှစ်ခုအပြင် သတင်းတွေထဲ မကြာခဏ ပါရှိတာကတော့ ဘဏ်နဲ့ ရွှေဆိုင် လက်ကိုင်ဖုန်းဆိုင် ဓါးပြတိုက်တဲ့ သတင်း၊ ပိုက်ဆံ၊ ငွေကြေး၊ ဖုန်း၊ မော်တော်ကား စတာတွေကို လုယူဖို့ အတွက် သတ်ဖြတ်ပြီး တနေရာစွန့်ပစ်ခဲ့တဲ့ ရာဇဝတ်မှုခင်းလို သတင်းမျိုး ဖြစ်ပါတယ်။ ဒီသတင်းတွေ အပြင် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေကို ကုန်ပစ္စည်း တင်ပို့မှုတွေ ကန့်သတ်တာ၊ ကုန်ပစ္စည်းတွေ စျေးတက်တာ၊ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

ဒီသတင်းအကြောင်းအရာတွေထဲမှာ ပြည်သူအချင်းချင်း ကူညီယိုင်းပင်း ကြတဲ့သတင်းလိုမျိုး ခက်ခဲကြပ်တည်းနေကြတဲ့ သူ တဦးချင်း သို့မဟုတ် သဘာဝဘေးအန္တရာယ်ဒဏ်ခံကြရတဲ့ သူတွေကို ကူညီကြတဲ့ သတင်းမျိုးတွေက ရှားရှားပါးပါးဖတ်ရှုကြရတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ သတင်းတွေဆိုရင်တော့ အာဆီယံ၊ နိုင်ငံတကာ အစိုးရတွေက အကြမ်းဖက်မှုတွေ ရပ်တန့်ကြဖို့၊ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး စကားပြောဆိုကြဖို့ တိုက်တွန်းတဲ့ သတင်း၊ အနောက်နိုင်ငံတချို့က မြန်မာစစ်ကောင်စီ နဲ့ပတ်သက်တဲ့ အထောက်အကူပြုတဲ့ စီးပွားရေး လုပ်ငန်းကုမ္ပဏီ၊ သို့မဟုတ် စစ်ကောင်စီအဖွဲ့ထဲက လူပုဂ္ဂိုလ် တဦးချင်းကို နာမည်ပျက်စာရင်းထည့်သွင်း ဒဏ်ခတ်တဲ့ သတင်းလိုမျိုးတွေ ဖြစ်ပါတယ်။ တခြားသောနိုင်ငံတကာ သတင်းတွေကတော့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယ တို့က သံတမန်၊ အထူးကိုယ်စားလှယ်တွေက စစ်ကောင်စီ ခေါင်းဆောင်ကို လာရောက်တွေ့ဆုံကြတဲ့ သတင်းမျိုးဖြစ်ပါတယ်။ 

အထက်က ဖေါ်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို နေ့စဥ် ဖတ်ရှုရတဲ့ အခါ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေနေရသူတွေ ဘယ်လောက်ထိ ခံစားကြရမလဲဆိုတာ တွေးကြည့်ယုံနဲ့တင် သဘောပေါက်နိုင်ပါတယ်။ သတင်းဖတ်ရှုသူအနေနဲ့ တောင် နေ့စဥ်ဖတ်ရှုရယုံနဲ့တင် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အချို့သော သတင်းဖတ်ရှုသူတွေရဲ့ ခံစားချက်ကို ပြောဆိုရာမှာ နေ့စဥ်သတင်းတွေ ဖတ်ရှုပြီးနောက် စိတ်ဓါတ်ကျဆင်းတဲ့ ခံစားမှုမျိုး၊ မျှော်လင့်ချက် ပျက်သုဥ်းကုန်တဲ့ ခံစားမှုမျိုး၊ အနာဂတ်ကို မမျှော်တွေးချင်တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာတယ်လို့ ပြောဆိုတာတွေလည်း ကြားသိနေရပါတယ်။ 

သတင်းတွေ အားလုံးက မျှော်လင့်ချက် ပျက်သုဥ်းအောင် ဖေါ်ပြထားတယ်ဆိုတာထက် ကုန်လွန်ခဲ့တဲ့ ၂ နှစ်ကျော် အတွင်း အဖြစ်အပျက်တွေက ပိုပြီးဆိုးရွားတဲ့ အနေအထားဆီ ရွေ့နေတဲ့ သဘောမျိုး ဖတ်ရှုသူ ကြားသိရသူတွေက ခံစားကြရတဲ့ သဘောဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးထဲ ပါဝင် လုပ်ဆောင်နေသူတွေ အနေနဲ့တော့ မျှော်လင့်ချက်တွေ အပြည့်အဝရှိပြီး မကြာခင် အနိုင်ရတော့မယ်၊ တော်လှန်ရေး ပြီးတော့မယ်လို့ ယုံကြည်မှုနဲ့ ချီတက်လျှောက်လှမ်းနေကြတာမျိုး ဖြစ်ပါလိမ့်မယ်။ တက်ကြွလှုပ်ရှားသူတွေ ထောက်ခံသူတွေထဲမှာလည်း စိတ်ဓါတ်တက်ကြွစွာ မျှော်လင့်ချက်အပြည့်နဲ့ အားပေးထောက်ခံနေကြသူတွေ ရှိပါလိမ့်မယ်။ သို့သော်လည်း အထက်က ဖေါ်ပြသလို သာမန်လူထုထဲမှာ အဖြစ်အပျက်တွေကို ဖတ်ရှု နားထောင်နေရင်း မျှော်လင့်ချက် လျော့ပါးလာတာမျိုး ဒီအခြေအနေကနေ လွန်မြောက်ဖို့ ယုံကြည်မှု ကျဆင်းလာတာ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားလျော့လာတာတွေလည်း ရှိနေကြတာ အမှန်ပဲဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး စတင်စဥ် အစောပိုင်းကာလတွေက တော်လှန်ရေးက သီတင်းပတ်အတွင်း သို့မဟုတ် လအနည်းငယ်အတွင်း အောင်မြင်မယ်လို့ မျှော်လင့်ချက်တွေကို အကျိုးအကြောင်းပြ စည်းရုံးရေးတွေ ရှိခဲ့ကြတဲ့အချက်ကလည်း လူထုအနေနဲ့ အခုလို နှစ်နဲ့ချီကြာမြင့်လာတဲ့အခါမှာ မျှော်လင့်ချက် ခွန်အားလျော့လာတဲ့ အကြောင်းတချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ဒီနေရာမှာ လွယ်လွယ်နဲ့ အချိန်တိုတိုနဲ့ အောင်ပွဲရလိမ့်မယ် ဆိုတဲ့ ပြေဆိုစည်းရုံးမှုမျိုးက တော်လှန်ရေးက ရေရှည်လာတဲ့အခါမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရလဒ်တွေ ပေါ်ထွက်လာနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး စတင်လုပ်ဆောင်ကြတဲ့ အခါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ထွက်မိန့်ခွန်းကို ကြည့်ရင် “ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်” ဆိုတဲ့ စကားလုံးကို ရှေ့ဆုံးထားပြီး ပြောဆိုခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းက လက်နက်ကိုင်တပ်ကို စည်းရုံးရာမှာရော၊ လူထုကို စည်းရုံးရာမှာပါ ရိုးသားမှုကို အခြေခံမူ အဖြစ်နဲ့ ထားပြီးစည်းရုံးခဲ့တာ တွေ့ရမှာဖြစ်ပြီး တော်လှန်ရေးက လွယ်လွယ်နဲ့ မနက်ဖြန် သဘက်ခါ ပြီးဆုံးမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးပေးကာ စည်းရုံးတာတွေ မလုပ်ခဲ့ပါဘူး။ 

နွေဦးတော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုသူတွေ အဖွဲ့အစည်းတွေ အနေနဲ့ ဒီနေ့ ရောက်နေတဲ့ အနေအထားကနေ ရှေ့ဆက် လျှောက်ရမယ့်လမ်းခရီး အနေအထားကို  လူထုကို ရိုးသားစွာ ချပြပြီး စည်းရုံးဖို့လည်း လိုအပ်သလို အေးအတူပူအမျှ အတူနေထိုင် ရင်ဆိုင်ဖို့လည်း လိုအပ်တယ်လို့မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar