မောင်ဘဦး - ပကဖပဲ လုပ်ချင်ပါသတဲ့
မောင်ဘဦး - ပကဖပဲ လုပ်ချင်ပါသတဲ့
မိုးမခ ၊ ဩဂုတ် ၅ ၊ ၂၀၂၆
[(ဆ) အငြိမ်းစား အ.လ.က ကျောင်းအုပ်ဆရာကြီး၊ (အ) ကျေးရွာ ပအဖ ခေါင်းဆောင်၊ (က) ကျေးရွာအုပ်စု ပကဖ ခေါင်းဆောင်]
(အ) "ဟော... ဆရာကြီး၊ လာဗျာ။ ရတော် (အရာတော်) က လာတာလား၊ ဘုလင် (ဘုတလင်) က လာတာလား၊ ဆလင်းဂျီး (ဆားလင်းကြီး) က လာတာလား၊ မုံရွာကနေ လာတာလား။ ဘယ်ဆက်ဦးမှာလဲ။ ...ဒီမှာ ညအိပ်ရမယ်နော်။ ညစာ စီစဉ်ထားလိုက်မယ်။"
(ဆ) "...ဆားလင်းကြီးကနေ ကူးလာတာ။ ...ချင်းတွင်းတံတားကနေ အလုံ၊ ပြီးတော့မှ ခွေးခြံ-နမခ ရှေ့ကနေဖြတ်၊ သပြေတောဘက်ချိုးပြီး ကြီးဗဒုံ (ကြည့်ပယုန်) လမ်းကနေ လာခဲ့တာ။ ခဏနားပြီး ညနေပိုင်းလောက် အရာတော်ဘက် သွားရမယ်လေ။ သာစည်လိုပဲ သစ်ကျင်းကြီးကို ကွင်းသွားရမှာပေါ့။"
(အ) "နားနားနေနေ ဖြည်းဖြည်းပေါ့ ဆရာကြီးရယ်။ နောင်ကြီးအိုင်နားအထိ လိုက်ပို့ပေးပါ့မယ်။ ဒါနဲ့... ဆားလင်းကြီးဘက်ရော အေးဆေးရဲ့လား ဆရာကြီး။"
(ဆ) "...ဟိုတစ်ခါ ဆေးခန်းကို ဗုံးကြဲခံရတဲ့ရွာတော့ လပြည့်မတိုင်ခင်လေးက ဗုံးထပ်အကြဲခံရသေးဗျာ။ လူအထိအခိုက်တော့ မရှိဘူး။ ပထမကြဲတဲ့အလုံးတွေက ယာခင်းတွေထဲ ကျတယ်လေ။ လေယာဉ်က နှစ်ပတ် သုံးပတ် ဝဲပြီးနေသေးတော့ ရှောင်ချိန်ရလိုက်တာပေါ့လေ။ ဖူဆယ်ကွင်း ပါသွားတယ်။ ဟို... မန္တလေးကလား၊ ဘယ်ကတုန်း၊ ဘောစိတစ်ယောက်က မြက်ခင်းအတုတွေနဲ့ အကျအနဆောက်ထားတဲ့ ဖူဆယ်ဘောလုံးကွင်းလေ။ အမယ်... လောင်းကစားဝိုင်းတွေတောင် ရှိတယ်ဆိုပဲ။ အနည်းဆုံး (သိန်း) ၁၀၀ ပြနိုင်မှ ဝင်ရသတဲ့ခင်ဗျ။ ပီဒီအက်ဖ် (PDF) ကြီးစိုး၊ ပီဒီအက်ဖ် ကြီးစိုးနဲ့...။"
(အ) "ပွဲတုန်းကတော့ မလာဘူး ဆရာကြီးရာ။ ဝါဝင်တောင်ပေါ်ကြီးပွဲလေ။ ကိုယ့်ရွာက မုံရွာအပိုင်မဟုတ်ပေမဲ့ နီးနေတော့လည်း သွားကြလာကြ ကိုယ့်ဘုရားပွဲလို လုပ်ကြတာပဲ ဆရာကြီးရေ။ သာစည်ထောင်မှာ ခွေးတွေရှိလို့ မစည်လောက်ဘူးထင်တာ။ စည်လိုက်ပုံများဗျာ... ဒါတောင် မီးဖြတ်ခံထားရတာ နှစ်လ သုံးလ ရှိနေလို့ဗျ။ နို့မို့ ဒီထက်စည်တာပေါ့ ဆရာကြီးရာ။ မီးအဖြတ်ခံရတဲ့ ရွာတွေထဲက မုံရွာမြောက်၊ ဟို... ဘာလဲ အမြောက်တပ်နားကရွာဗျာ၊ အဲအဲ... 'ကျောက်စစ်ပုံ (မြောက်)' ရွာတောင် ဝါဝင်အဖိတ်နေ့ကလား၊ အဖိတ်အရင်ရက်ကလား မီးစလင်းပြီတဲ့ဗျ။ သိန်း ၄၀ ကျော် ပေးရသတဲ့။ ညှိနေကြတာ ကြာပါပြီ၊ ညှိမရလို့ ခုမှ။ အမြောက်တပ်တောင်ဘက်က 'ကျောက်စစ်ပုံ (တောင်)' ရွာကတော့ မီးလင်းတာ ကြာပြီဗျ။ သူ့ဒီဘက်က ရွာတွေလည်း မီးရဖို့ လိုက်နေကြတယ် ကြားတာပဲ။ ဘုန်းကြီးတွေ အရင်ဆုံး သွားတွေ့ကြတယ်။ ရွာထိပ် ထရန်စဖော်မာက ရီဒင် (Reading) မီတာဂဏန်းတွေကို ကူးယူသွားပြီး လျှပ်စစ်ရုံးကို သွားတွေ့၊ ညှိ... ဟိုက မီတာခ ဘေလ်အဟောင်းတွေနဲ့တွက်ပြီး ၅ နှစ်စာ တောင်းသတဲ့။ ပြီးတော့ အတိအကျထွက်လာရင် နောက်ထပ် ထပ်ဆောင်ရဦးမှာတဲ့။ ၁၀ ရက်အတွင်း အကြောင်းပြန်ရမယ်တဲ့။ ပြီးတော့မှ ဘုန်းကြီးတွေက ရွာကို အစည်းအဝေးခေါ်၊ ဟိုကတောင်းတဲ့ ငွေအမောင့် (Amount) ကို ချပြ၊ ဆောင်မလား မဆောင်ဘူးလားမေး။ ဘုန်းကြီးဆိုတော့၊ သာရေးနာရေးနဲ့ ကိုင်မှာဆိုတော့၊ ကြောက်တော့... အင်း... မဆောင်ချင်တဲ့သူကလည်း မဆောင်ချင်ဘူး မပြောရဲရှာဘူးပေါ့ဗျာ။ ရွှေမြန်မာအညာက သာသနာရေး... အဟေးဟေးဟေး။
အကယ်၍ ဆောင်ကြမယ်ဆိုရင် အာမခံမယ့် လူ ၅ ယောက် လိုသတဲ့။ ၄ နှစ်စာဆိုလား၊ ၅ နှစ်စာဆိုလား လာသွင်းရမယ်တဲ့။ လူ ၅ ယောက်အတွက် ရွာခံ 'ပသုံးလုံး' တွေနဲ့ကတော့ ပြီးပြီးသားတဲ့။ မြို့နယ် 'ပ' ဆီက ခွင့်ပြုချက် စောင့်နေတယ်ဆိုလား။ ဘုန်းကြီးတွေအများစုက 'ကြက်သွန်တောင်သူ' တွေလေ။ ကြက်သွန်ဆိုတာ ပျိုးခင်းကတည်းက စိုက်ပြီး ဖော်ခါနီးအထိ ရေသွင်းပေးရတာ။ မီးကမရတော့ ဆိုလာရင်တပ်၊ မီးစက်ရင်မောင်း။ မီးစက်ဆို ဆီကုန်မယ်။ ဆိုလာကလည်း သိန်း ၁၀၀ - ၁၅၀ လောက် ကျမှာ။ အဲတော့ လျှပ်စစ်မီးနဲ့မှ။ မီးလိုင်း ပြန်ချိတ်ပေးဖို့က 'အဖေ' ခေါ်ဆို ခေါ်ကြမှာပေါ့ ဆရာကြီးရာ။
အင်း... ဟိုတုန်းက နန်း (Non-CDM) ဆရာ ဆရာမတွေလိုပေါ့။ ဟိုတုန်းက နန်းဆရာ ဆရာမဆို လူတောထဲ မျက်နှာတောင် မပြရဲကြဘူးလေ။ ခုများဖြင့်... ပသုံးလုံးတွေရဲ့ သားသမီးမြေးတွေပါ သူတို့ဆီ အောက်ကျနောက်ကျ ကျူရှင်တက်လို့။ လိမ်၊ ခိုး၊ ဓားပြတိုက်၊ မုဒိမ်းကျင့်၊ လူသတ်၊ ရွာတွေမီးရှို့၊ ပြည်သူတွေကို ဗုံးတွေကြဲ၊ ဟော အခု ဆည်ရေတွေပါ ဖောက်ချ၊ ကိုယ့်ပြည်သူအပေါ် ဘာတစ်ခုမှ မကောင်းခဲ့တဲ့ စစ်အာဏာရှင်ရဲ့ စစ်ကျွန်ပညာရေးအရိပ်အောက်ကို ကိုယ့်သားသမီးလေးတွေ သွားအပ်ထားကြတာကိုက သူတို့ကြီးလာရင်... လိမ်တတ်၊ ခိုးတတ်၊ ဓားပြတိုက်တတ်၊ မုဒိမ်းကျင့်တတ်၊ လူသတ်တတ်၊ ရွာတွေမီးရှို့တတ်၊ ပြည်သူတွေကို ဗုံးတွေကြဲတတ်အောင် မိဘတွေကိုယ်တိုင်က သင်ပေးနေလေသလားလို့တောင် ထင်မိပါတယ် ဆရာကြီးရာ။"
(ဆ) "...ဒီကိစ္စမျိုးက နောက်တက်မယ့် အစိုးရရဲ့ အာဘော်အပေါ်လည်း မူတည်နေသပေါ့ဗျာ။ စစ်ကျွန်ပညာရေးနဲ့ ရခဲ့တဲ့ဘွဲ့ကို အလုပ်ပေးမှာလား မပေးဘူးလားပေါ့လေ။ မအလရှုံးပြီး နောက်အစိုးရ တက်လာရင်၊ နောက်အစိုးရက ခပ်ညှာညှာ ခပ်ပျော့ပျော့ဆိုတော့ ဒီဘွဲ့တွေ ဆက်သုံးမှာပဲဆိုပြီး ကျောင်းအပ်ကြတာလည်း ပါသပေါ့။ စကစလို ဘလက်လစ် (Blacklist) နာမည်ပျက်စာရင်းသွင်းပြီး အပီအပြင် ဗျင်းကြည့်စမ်းပါလား... ဘယ်လုပ်ရဲပါ့မလဲ။ ဝေးပါသေးရဲ့။ ...အဲလို ကျပြန်တော့လည်း ဟို ခြံစည်းရိုးခွထိုင်တွေက နုကြည် ဘာပဲညာပဲ ဝိုင်းအူကြမှာပါပဲလေ။
မုံရွာမယ် ကားလေထိုးကျွတ်ဖာဆိုင်က အမျိုးနဲ့တူပါရဲ့... ကနီက ဆရာမလေးတောင် ဆေးကုသွားမလို့ဆိုပြီး မုံရွာသွားနေ... ပြီးတော့ သလ္လာအလယ်တန်းကျောင်းမှာ ဝင်နန်း (Non-CDM) နေတာ တွေ့ခဲ့ရသဗျာ။ တော်လှန်ရေးကာလမှာ တော်လှန်ရေးကာလအလျောက် ပြတ်ပြတ်သားသား လုပ်သင့်ပြီး... ဒီမမို့တမိုဆိုရင် မမို့တမို၊ ဒီမိုကရေစီ ရာနှုန်းပြည့်ရတဲ့အချိန်မှာမှ ရာနှုန်းပြည့် လုပ်သင့်တယ်လို့တော့ ယူဆတာပဲဗျာ။"
(အ) "ဟုတ်ပါရဲ့။ စကစရဲ့ ဝင်ငွေဟူသမျှ ဖြတ်ဖြတ်ဖြတ်ဆိုပြီး ခုများဖြင့် မစ်ရှင်အောင်ပွဲကို မန်းဘီယာနဲ့ အာမီရမ်နဲ့ အောင်ပွဲခံ...။ အင်း... မကြာခင် 'ဒရုန်းရန်ပုံငွေ' ဆိုပြီး အောင်ဘာလေထီတွေတောင် ရောင်းလာကြလေမလား စိုးရိမ်မိပါရဲ့ ဆရာကြီးရာ။"
(ဆ) "...တစ်လောက ဒီက တပည့်မလေးတစ်ယောက်နဲ့တွေ့လို့ မီးဖြတ်တာကိုတော့ ကြားပါရဲ့။ ပြီးတော့ မုံရွာမှာ သွေးလှူရှင်ဥက္ကဋ္ဌ လုပ်ခဲ့ဖူးတဲ့ 'ဆိုလာပြား' ကိုယ်စားလှယ်နဲ့လည်း တွေ့လို့၊ ရွာတွေ လျှပ်စစ်မီးဖြတ်လိုက်တာ ဆိုလာပြား သိန်းရှစ်ထောင်ကျော်ဖိုး ရောင်းရတယ်ဆိုပဲ။ ဒါနဲ့... အခုတစ်လော စစ်ကြောင်းလည်း ခဏခဏ မလာဘူးတဲ့။ ဟုတ်လား။"
(အ) "ဟုတ်တယ် ဆရာကြီး။ တစ်လ တစ်ခါ သာစည်ထောင်ကို ရိက္ခာပို့လေး လာရင်တော့ စစ်ကြောင်း လေးဘာလေး ရှိတတ်ကဲ့။ ဒါလည်း ချောင်းတောင်ဘက်က ရွာတွေဆီပါ။ ဒီဘက်ထိတော့ မလာပါဘူး။ လာလည်း ဘာရှိတာမှတ်လို့။ ဟိုး အရှေ့... ကျောက္ကာဘက်ဆီ၊ အရာတော်တောင်ပိုင်းဆီတော့ ဗုံးကြဲတယ်ဗျ။ မနေ့ကတောင် ကျောက္ကာကို ရိက္ခာပို့ရင်း လမ်းရွာတွေ ဗုံးသီးတွေ ချသွားလို့ အရပ်သား ၂ ယောက် ထိသွားရှာတယ်။ 'ဂျိုးစု' ကို ဂျိုင်ရို ၃ စီးနဲ့ ဗုံးသီးချသွားလို့ ၂ ယောက် ဒဏ်ရာရသွားရှာတယ်ဗျာ။ သစ်ညိုပင် (ဆည်ကြီးတော) ဘက်လည်း ဂျက်ဖိုက်တာနဲ့ သက်သက်မဲ့ ဗုံးကြဲခံရလို့ ၁၂ ယောက်လောက် ထိသွားရှာသတဲ့။ တူလေးက ပြောလို့သိရတယ်။ တူလေးက မုံရွာ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတာလေ။ မနက်ပိုင်းကို တစ်ဆိုင်၊ ညနေပိုင်းကျ တစ်ဆိုင်ပေါ့။ မနေ့ညနေပိုင်းက ဟက်ပီးဝမ်း (Happy One) မှာ အလုပ်လုပ်နေရင်းနဲ့ သူ့သူငယ်ချင်းကို ဝင်ဆွဲသွားလို့ ဒီကောင် ပြန်ပြေးလာတာ။ ပွဲတွင်းတုန်းကတောင် ရွာပြန်လာကြသေးတယ်၊ အခု အဆွဲခံရပြီ။ ခါတိုင်း အလုပ်ပြန်ချိန်ကျမှ အဲဒီတောမယ် တမာပင်ကြီးတွေ ကွယ်ပြီး ဖမ်းတာ။ ခု မဟုတ်တော့ဘူး၊ အလုပ်ထဲ... အလုပ်လုပ်နေတဲ့သူတွေကိုပါ ဝင်ဆွဲတော့တာ။ ပါသွားတဲ့ ကလေးကိုတော့... လိုက်တော့ လိုက်ကြည့်ရမှာပေါ့ ဆရာကြီးရာ။ စစ်မှုထမ်းထဲ မပါရင်တော့ ရွေးလို့ရမှာပေါ့ဗျာ။ သိပ်တော့ မထင်ပါဘူး၊ လူလိုနေတဲ့ဥစ္စာ။ ပြန်ပေးဓားပြ အကြီးစားတွေပါ ဆရာကြီးရယ်။"
(အ) "ဪ... ဆရာဩဇာ။ လာပါ... ထိုင်ပါ။ ဒါက ဒို့ရွာမယ် ကျောင်းအုပ်ဆရာကြီး လုပ်သွားခဲ့ဖူးတဲ့ ဆရာကြီးဦးဘဦးတဲ့။ ၂၀၁၅ မဲရွေးပွဲအပြီးမှာ အင်န်အယ်လ်ဒီ (NLD) အစိုးရလက်ထက် ဒီရွာကနေပဲ ပင်စင်ယူသွားတာလေ။ ဆရာကြီးက အရာတော်ဇာတိ။ အခု ဆားလင်းကြီးမှာ နေတယ်။ ဒီကို မကြာမကြာ ရောက်ရောက်လာတတ်တယ်။ ကဲ... ဟောဒီ ငါ့တူက ဆရာဩဇာတို့အဖွဲ့ထဲ ဝင်ချင်တယ်ဆိုလို့ လှမ်းခေါ်လိုက်တာပါ။
စောစောကတည်းကတော့ ဝင်ချင်နေတာပေါ့လေ။ သားတစ်ယောက်တည်းမို့ ဖအေ မအေက စိတ်မချလို့ မလိုက်ရတာ။ သူ့အဖေက မုံရွာမှာ နာမည်ကြီး တီးဆရာ။ သူ့သားကိုလည်း တီးပညာလေး သင်ပေးထားဟန်တူပါတယ်။ ပြီးတော့ အသက် ၂၀ ဆိုတော့ အမျိုးသမီးတွေ အမြင်လေးဘာလေးလည်း ရှိပုံရပါတယ်ဗျာ။ မုံရွာလက်ဖက်ရည်ဆိုင်တွေမှာ သွားလုပ်တာ မကြာသေးဘူး။ မုံရွာမှာ တနေ့က ညနေပိုင်း မုန့်ကြော်နေတဲ့ သူ့သူငယ်ချင်း မုန့်ဆရာကို အတင်းပေါ်တာဆွဲသွားတော့ ကြောက်ပြီး ရွာပြန်ပြေးလာတာ။ ပြန်မသွားချင်တော့ဘူးတဲ့။ ပီဒီအက်ဖ်ထဲပဲ ဝင်တော့မယ်တဲ့။
ဟုတ်တော့ဟုတ်ပါရဲ့ကွာ။ တစ်ရက်မဟုတ် တစ်ရက် အဆွဲခံရမယ့် ကိစ္စကြီးကိုး။ ဒီရွာကပဲ... မန္တလေးမှာ အိမ်ထောင်ကျ၊ ငွေလွှဲနဲ့ ဈေးဆိုင်လေး ဖွင့်ထားတာ။ မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်တော့ စီနီယာ ၃၀ ကျော်ဆိုလား။ စစ်မှုထမ်း မခေါ်အောင် သိန်း ၆၀ ပေးထားရသတဲ့။ ဒါလည်း သိပ်တော့မသေချာလို့ ညညဆို ပုန်းအိပ်ရသတဲ့။ ဒါ သူတို့ စခတွေ စိုးမိုးတဲ့ မန္တလေးမြို့ကြီးပေါ်မှာနော်။ ကဲ... သူ့ကို မင်းတို့အဖွဲ့တွေဆီ ခေါ်သွားပြီး အဖွဲ့ဝင်ဖြစ်သင့် မဖြစ်သင့် ဆက်လုပ်ကြပေါ့ကွာ။"
(ဆ) "...ငါ့တူက ဟောဒီက ဦးလေးလို ပအဖအဖွဲ့ထဲ မလုပ်ချင်ဘူးလားကွ။"
(အ) "ကျနော်မေးသေးတယ် ဆရာကြီး။ ကျွန်တော့်အတွက် လက်ထောက်ကောင်းကောင်း ရတာပေါ့ဗျာ။ ဒါပေမဲ့ ခါးမှာ ဘာဗျောက်မှမပါဘဲနဲ့ ဦးနှောက်ခြောက်စရာ ရပ်ရွာကိစ္စတွေကို မဖြေရှင်းချင်ဘူး၊ မလုပ်ချင်ပါဘူးတဲ့ဗျ။ ယူနီဖောင်းဝတ်ပြီး သေနတ်ပဲ ကိုင်ချင်တာတဲ့ဗျ။ စခတွေဖမ်းမိရင် အသတ်ခံရတာချင်းအတူတူ ဦးနှောက်ခြောက်မယ့် ပအဖတော့ မလုပ်ချင်ပါဘူး၊ ပကဖပဲ လုပ်ချင်ပါတယ်တဲ့ဗျာ။ ပြီးတော့ လူငယ်အများစုက အုပ်ချုပ်ရေးပိုင်းမှာ တယ်အာသီသ မရှိကြဘူးလေ။ ရပ်ရွာကကိုက 'ပကဖမှ ပကဖ၊ ပအဖဆို သိပ်နားမထောင်ချင်ကြဘူး' ဆိုတဲ့အထဲကပါပဲ ဆရာကြီးရာ။ ကျေးရွာ ပအဖ ရွေးတုန်းကတောင် သိပ်မလာကြဘူး။ ဒါနဲ့ ကျနော်ပဲ မဲကျတာပေါ့ ဆရာကြီးရာ။"
(ဆ) "...ပအဖ၊ ပလဖ၊ ပကဖ တို့ဆိုတာ... သူ့စကားလုံးအရှည်ကိုက 'ပြည်သူ့+အုပ်ချုပ်ရေး+အဖွဲ့အစည်း (ပအဖ)'၊ 'ပြည်သူ့+လုံခြုံရေး+အဖွဲ့အစည်း (ပလဖ)'၊ 'ပြည်သူ့+ကာကွယ်ရေး+အဖွဲ့အစည်း (ပကဖ)'။ (ပ) ဆိုတာ ပြည်သူ့အဖွဲ့အစည်းတွေလေ။ သဘောကတော့ ပြည်သူက ခန့်အပ်ထားတာ၊ ပြည်သူကိုပဲ မျက်နှာမူဖို့ပေါ့ကွာ။ သူတို့သူတို့တွေမှာ တာဝန်တွေ အခန်းကဏ္ဍတွေကတော့ တစ်မျိုးစီ တစ်မျိုးစီပေါ့။ 'အ' (ပအဖ) ကတော့ အုပ်ချုပ်ရေးပိုင်း။ 'လ' (ပလဖ) က အုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပေးဖို့... နဲ့၊ 'က' (ပကဖ) ကတော့ လက်နက်ကိုင်ထားတဲ့ ကာကွယ်ရေးအဖွဲ့ပါပဲ။ အဲ... လက်နက်ကိုင်ထားတော့ အသက်အန္တရာယ် ရှိနိုင်တာပေါ့လေ။"
(အ) "ထိုင်ပါဦး ဆရာဩဇာရ။ အချိန်ရတယ်မို့လား။ ကာကွယ်ရေးအဖွဲ့အစည်းဆိုတော့ အားတယ်တော့ ဘယ်ရှိပါ့မလဲလေ။ ဆက်ပါဦး ဆရာကြီး။"
(ဆ) "...တကယ်တော့ (ပကဖ) ဆိုတာ အုပ်ချုပ်ရေး (ပအဖ) မူဝါဒကို (ပလဖ) နဲ့တွဲပြီး အကောင်အထည်ဖော်ပေးရမယ်ဗျ။ ပြည်သူကို အကာအကွယ်ပေးရမဲ့အဖွဲ့ပေါ့ဗျာ။ အုပ်ချုပ်ရေးထဲ ပါလို့မရဘူးဗျ။ ပအဖကိုလည်း ဝင်မပါသင့်သလို၊ ပလဖအပေါ်မှာလည်း အာဏာမသုံးသင့်ဘူးပေါ့ဗျာ။ ပအဖကတော့ လက်နက်မကိုင်ရပေမဲ့ ပြည်သူ့လိုအပ်ချက်တွေကို နားထောင်မယ်၊ စည်းကမ်းချက်တွေ ချမှတ်မယ်၊ အငြင်းပွားမှုတွေကို အုပ်ချုပ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်။ ရှင်းအောင်ပြောရရင် ပအဖရဲ့ ဩဇာသက်ရောက်မှုက ပလဖအပေါ်မှာရော၊ ပကဖအပေါ်မှာရော ရှိတယ်ပေါ့ဗျာ။
ကိုယ့်တာဝန်ကိုယ် သိရှိနားလည် သဘောပေါက်ဖို့ လိုတာပေါ့ဗျာ။ 'ပြည်သူ့အတွက်' ဆိုတော့ ပြည်သူ မကြောက်ဖို့တော့ လိုတာပေါ့လေ။ ခုနက ဘုန်းကြီး လျှပ်စစ်မီးအစည်းအဝေးလာဖို့ ဖိတ်သလို... ဘုန်းကြီး စိတ်ဆိုးသွားမှာ ကြောက်နေမှတော့...။ တစ်ခါ ပြည်သူတွေဘက်ကလည်း ဒီ ၃ မျိုးရဲ့ တာဝန်၊ အခန်းကဏ္ဍတွေကို သိရှိနားလည်သဘောပေါက် လိုက်နာကြရလိမ့်မယ်ဗျ။"
(အ) "ဟိုဘက်အုပ်စုဝင်ရွာက စီဒီအမ် (CDM) ဆရာမလေး ကြည့်ပါလား။ ပထမဦးဆုံး ကလေးတွေ စာသင်ပေးဖို့ ကျနော် မေတ္တာသွားရပ်စဉ်တုန်းက 'ဦးလေးက စခတွေ ဝင်လာရင် အကာအကွယ်ပေးနိုင်လို့လား၊ ဘာလား' နဲ့ပေါ့ဗျာ။ ယူနီဖောင်း၊ အီကွေ့မင့် (Equipment) အပြည့်အစုံနဲ့ ဆရာဩဇာတို့အဖွဲ့လည်း လာပြီး မေတ္တာရပ်တော့မှ 'သင်ပေးပါ့မယ်' ဖြစ်သွားခဲ့တာပေါ့လေ။
ပြီးတော့ မိကျော့ခိုင်တို့ 'ကြက်သွန်ခင်း စိုက်ထရေး (စိုက်ထယ်ရေး)'... အလုပ်သမား လုခေါ်ကြလို့ ရန်ဖြစ်ကြ၊ နားရွက်ပါပြဲသွားတုန်းကလည်း... ဒီမျက်နှာတွေ အမြဲမြင်တွေ့နေရမယ့်သူတွေအချင်းချင်း မျှတအောင် ညှိပေးပေမဲ့ မရဘူးလေ။ ကိုဩဇာတို့ဆီထိ ရောက်ကြရတာပဲမို့လား။ ရောက်သွားတော့လည်း ဒဏ်ရိုက်ခံရရော။ ကိုဩဇာတို့ မောင်းပြန်ရန်ပုံငွေ ရသွားတာပေါ့ဗျာ။ ကြာတော့ ကျနော်တောင် 'ငါနဲ့တင် ပြီးမှာမဟုတ်လောက်ပါဘူး' ဆိုတာကြီးက မသိစိတ်မှာ အလိုလိုထင်နေသဗျာ။"
(က) "ကျနော့်ဆီတောင် မပြီးလို့ မြို့နယ်ထိ ဆက်ပို့ရသေးတာ ခင်ဗျ။"
(ဆ) "...ဥက္ကဋ္ဌလုပ်ဖို့ စိတ်မဝင်စားကြဘူးဆိုလို့... ရှစ်လေးလုံးအပြီး လယ်အုပ်မဖြစ်ခင် ယောက္ခမ ချည်ဆွဲစက်ထဲ ဝင်လုပ်ဖူးတာလေး ဖောက်သည်ချဦးမယ်ဗျ။
အဲဒီတုန်းက မုံရွာအရှေ့တောင်မယ် စက်မှုဇုန်ဖော်ပြီး မြို့ထဲကရှိသမျှစက်တွေအကုန် အရွှေ့ခိုင်းလို့ ရွှေ့ကြရတာကိုး။ မုံရွာစောင်ခေတ်ဆိုတော့၊ ချည်ဆွဲစက်၊ ကြိတ်စက်၊ ဖွစက်... စက်တွေအကုန်ပဲပေါ့ဗျာ။ မြေကွက်ဝယ်ပြီး ရွှေ့ကြရတာ။ စက်ပိုင်တွေအကုန် ကိုယ့်အလုပ်ကလွဲလို့ ဘာရပ်ကွက်ဥက္ကဋ္ဌမှ မလုပ်ချင်ကြတော့ ဘာမှမတတ်တဲ့သူက ဇုန်ဥက္ကဋ္ဌ ဖြစ်ပါလေရော။
လုပ်ငန်းရှင်တွေကို မြို့တော်ခန်းမထဲ ခေါ်တွေ့တော့ ဘာမှမတတ်တဲ့ ဇုန်ဥက္ကဋ္ဌက 'နည်းပညာပိုင်း အကူအညီလိုပါတယ်၊ ဘာညာ' ဆိုပါလေရော။ သူ့လူကိုး။ 'ဖြည့်ဆည်းပေးပါ့မယ်၊ ဘာညာကွိကွ' အတိုင်အဖောက် လုပ်နေတုန်း၊ ကျနော်က ထပြီး နည်းပညာတွေ ဘာညာတွေ အသာထား၊ စက်မှုဇုန်ကို လျှပ်စစ်မီးမှန်အောင် အရင်လုပ်ပေးဖို့လည်း ပြောလိုက်ရော၊ ဗိုလ်မှူးလား ဘာလား... အဲအဲ ဗိုလ်မှူးစိန်ဝင်းဆိုလား 'မီးပျက်ရင် ဖယောင်းတိုင်ထွန်းကြ' ဆိုပြီး စားပွဲ လက်သီးနဲ့ထုပြီး ထပြန်သွားလေရဲ့ဗျာ။
အဲဒီကစပြီး ယောက္ခမကလည်း နောက် စက်မှုဇုန် အသွားမခိုင်းတော့ဘူး။ ဒါနဲ့ လယ်အုပ် ဆက်ဖြစ်၊ ခင်ဗျားတို့နဲ့လည်း မိတ်ဆွေဖြစ်လာရတော့တာပဲဗျို့။ လယ်အုပ်ကနေ ထက်အုပ်တို့၊ တီအီးအို (TEO) တို့လည်း ဆက်မဖြစ်တော့ဘူးဗျို့။ သူ့ဘောမတွေက မျက်နှာလိုအားရ လုပ်ပေးလိုက်ကြတာ။
ဒီလိုမျိုးကျရင် ဒီကောင်တွေဘက်က သိပ်ညီညွတ်ကြတာကလား။ ကိုယ့်ဘက်ကသာ ဒီလိုမျိုးလုပ်ရင်ဖြင့် ကိုယ့်အချင်းချင်းထဲကကို ဟိုက ထကန့်ကွက်၊ ဒီက ထကန့်ကွက်နဲ့။ အဲဒီ သောက်မြင်ကတ်ပုဒ်မနဲ့ ဟောဒီဇနပုဒ်လေးမှာပဲ ၇ နှစ်နီးပါး လယ်အုပ်နဲ့တင် ပင်စင်ထိ ရောက်သွားပါလေရောလား။"
(ဆ+အ+က) "ဟားဟား... ဟားဟား။"
(ဆ) "...ဟုတ်တယ်လေ။ အဲဒီတုန်းက နည်းပညာ အားသာချက်နဲ့ ရောက်လာတဲ့ တရုတ်စောင်စက်ရုံတောင် မီးမမှန်လို့ လစ်ပြေးပါလေရောလား။ ပြီးတော့... ဟိုးအရင် ဒေါ်စုလာတုန်းက မီးဖြတ်တော့ မုံရွာတမြို့လုံးက ဖယောင်းတိုင်တွေထွန်းပြီး ကြိုခဲ့ကြတာလေ။ 'မီးပျက်ရင် ဖယောင်းတိုင် ထွန်းကြ' ဆိုတာ ဒါကို အခဲမကြေတာ။ ဒီကောင်တွေ အငြိုးအတေး ကြီးလိုက်ကြပုံများ ပြောပါတယ်။"
(အ) "...ဆရာဩဇာ အမြင်လေးပါ ပြောခဲ့ဦးလေဗျာ။"
(က) "...ပကဖ ဆိုတာ... အာဏာရှင်မဟုတ်ပါဘူး။ ပကဖ ဆိုတာ ပြည်သူကို ကာကွယ်သူသာ ဖြစ်ပါတယ်။ ပကဖ ဆိုတာ အကျင့်စာရိတ္တကို အထူးအလေးထားပြီး ပြည်သူ့ယုံကြည်မှုကို အစဉ်ထာဝရ ရရှိနေတဲ့ အဖွဲ့အစည်းပါပဲ။"
"ဒီနေ့ ငါ့ရဲ့လုပ်ရပ်တွေဟာ နောင်တစ်နေ့ ငါ့အဖွဲ့ရဲ့ ဂုဏ်သိက္ခာ၊ ငါ့နိုင်ငံရဲ့ အနာဂတ်အပေါ် သက်ရောက်မှု ရှိနေတယ် ဆိုတာကို ပကဖအဖွဲ့ဝင်တိုင်း နားလည်သဘောပေါက်ထားရပါမယ်။"
"ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့အစည်းတွေဟာ အုပ်စုလိုက် အသင်းလိုက် ကစားရတဲ့ အားကစားပွဲများလို၊ ကိုယ့်ကဏ္ဍ ကိုယ့်တာဝန် ကိုယ် နားလည်သဘောပေါက်ပြီး အသင်းသူ/သားအားလုံးက ညီညီညွတ်ညွတ် တက်ညီလက်ညီ မောင်းထုတ်ကြမယ် ဆိုရင်ဖြင့် ဒီအာဏာရှင် သမ္မတအတု ဂျပုနဲ့အပေါင်းအပါတွေအဖို့ နေဖို့အချိန်ဆိုတာ ကျန်မှာမဟုတ်ပါဘူးလေ။"
သုခိတာ ဟောထ။ နွေဦးတော်လှန်သူရဲကောင်းအားလုံး ကျန်းမာ ချမ်းသာကြပါစေ။
မောင်ဘဦး
(၁၃၈၈၊ ဒု-ဝါဆို လပြည့်ကျော် ၆ ရက်)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar