အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနဲ့ လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့ဆွေးနွေးခဲ့ကြောင်း မင်းအောင်လှိုင် ပြော
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၂ ၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနဲ့ လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့ဆွေးနွေးခဲ့ကြောင်း မင်းအောင်လှိုင် ပြော
စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲကျင်းပခဲ့ပြီး မင်းအောင်လှိုင် သမ္မတအဖြစ် ဦးဆောင်တဲ့ အစိုးရဖွဲ့စည်းပြီးနောက် ရက်တ ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးရေးကော်မတီလို့ အမည်ပေးထားတဲ့ NSPNC တို့တွေ့ဆုံခဲ့ကြတဲ့အကြောင်း ဇူလိုင် ၃၁ ရက်နေ့မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းလို့ ဆိုတဲ့အထဲပါရှိခဲ့ပါတယ်။
ဧပြီလနှောင်းပိုင်းမှာ ရက် ၁၀၀ ကာလ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တယ်ဆိုပြီး ပြောကြားခဲ့တဲ့နောက် အဲဒီကာလတွေအတွင်း အခုလို လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့နဲ့ တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။ တွေ့ဆုံခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ အများစုက လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေမဟုတ်ကြဘဲ ၃/၄ ဖွဲ့ကသာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ NCA လို့ခေါ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း တိုက်ခိုက်မှု မရှိခဲ့တဲ့ အဖွဲ့အရေအတွက်က ၆ ဖွဲ့ဖြစ်ပြီး NCA လက်မှတ် မထိုးထားပေမယ့် ယခင်ကတည်းက တိုက်ခိုက်မှုကြီးကြီးမားမား မဖြစ်ပွားခဲ့တဲ့ အဖွဲ့ ၄ ဖွဲ့ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့ အနေနဲ့ ၃ ဖွဲ့သာ ပါဝင်တာ ဖြစ်ပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေအနက် တပ်အင်အားနဲ့ ထိန်းချုပ်နယ်မြေ အတိုင်းအတာတခုထိရှိတဲ့အဖွဲ့တွေအဖြစ် RCSS, MNSP တို့သာ ရှိပြီး KNU/KNLA (PC) နဲ့ DKBA တို့ဟာ နယ်မြေအရရော၊ တပ်အင်အားအရပါ ကြီးမားတဲ့ အဖွဲ့လို့ မဆိုနိုင်တဲ့အနေအထားဖြစ်ပါတယ်။
NCA လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေအနက် TNLA နဲ့ MNDAA တို့ ၂၀၂၅ ခုနှစ်ထဲ အပစ်ရပ်ဖို့ သဘောတူခဲ့ကြတဲ့ အဖြစ်အပျက်တွေက အားလုံးသိရှိပြီးဖြစ်ကြပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှ ဖွဲ့စည်းထွက်ပေါ်လာတဲ့ CNO/CNDF အဖွဲ့က အပစ်ရပ်ရေး သို့မဟုတ် ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတဲ့ သတင်းက ကျန်အဖွဲ့အစည်းတွေထက် ထူးခြားတဲ့ သတင်းတရပ် ဖြစ်နေပါတယ်။
ဖလမ်းမြို့နယ် အခြေစိုက်ဖွဲ့စည်းတည်ထောင်ထားတဲ့ ချင်းအမျိုးသားအစည်းအရုံး/ချင်းအမျိုးသားကာကွယ်ရေးတပ်ဦး ဆိုတဲ့ အဖွဲ့ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်သလို ချင်းလက်နက်ကိုင် အဖွဲ့အချို့ ပေါင်းစုထားတဲ့ ချင်းညီနောင် CB ထဲမှာလည်း ပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ အခုလို စစ်အာဏာသိမ်းပြီးနောက်မှ အသစ်ပေါ်ထွက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က အာဏာသိမ်းစစ်တပ် နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ခြင်းက ချင်းလက်နက်ကိုင် အဖွဲ့တွေကြားသာမက အခြားသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေကိုပါ အံ့အားသင့်စေခဲ့တာပါ။ တဖက်မှာလည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အနေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ထွက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဖို့ သဘောတူခြင်းကလည်း အနည်းငယ် ထူးခြားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ယေဘုယျအားဖြင့် လတ်တလော ထွက်ပေါ်လာတဲ့ လက်နက်ကိုင်တပ်တွေကို တွေ့ဆုံဆွေးနွေးဖက် အဖြစ် မြန်ဆန်စွာ သတ်မှတ်လေ့မရှိဘဲ ကာလ အတိုင်းအတာတခုကြာမြင့်လာတဲ့ အခါမှ သို့မဟုတ် နောက်အစိုးရ ပြောင်းလဲပြီးနောက်မှသာ တွေ့ဆုံဆွေးနွေးဖက် အဖြစ် အသိအမှတ်ပြုလေ့ရှိတဲ့ သာဓကတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ AA လို ၂၀၁၁/၁၂ နောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အဖြစ် ပေါ်ထွက်လာတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးမှုစကားဝိုင်းတွေထဲ ထည့်သွင်းခြင်း မပြုခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို ကြေညာခဲ့တဲ့နောက် ချင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား နဲ့ တွေ့ဆုံဆွေးနွေး ခဲ့တယ်ဆိုတဲ့ CNO/CNDF အဖွဲ့အစည်းတွင်းမှာပါ ဂယက်ရိုက်ခတ်မှုတွေ ရှိခဲ့တာ ကြားသိနေကြရပါတယ်။ ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြား အခုလို စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ လက်နက်ကိုင် အဖွဲ့အပေါ် ဘယ်လို သဘောထားကြမလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာခဲ့သလို CNO အဖွဲ့အတွင်းမှာလည်း အခုလို တွေ့ဆုံဆွေးနွေးဖို့ ဘယ်သူတွေက ဆုံးဖြတ်ကြတာလဲ CNO ရဲ့ ခေါင်းဆောင်တွေအားလုံး ကြိုတင်အသိပေးမှု၊ သဘောတူညီမှုရှိခဲ့ကြရဲ့လား စတဲ့ မေးခွန်းတွေ နဲ့အငြင်းအခုံတွေ ပေါ်ထွက်လာနိုင်တာကြောင့် ဖြစ်ပါတယ်။
CNO အဖွဲ့အတွင်း မကြေလည်မှုတွေ ရှိနေလား၊ ဘယ်လို တုံ့ပြန်ဖြေရှင်းကြမလဲဆိုတာတွေ သေသေချာချာ မသိရှိနိုင်သေးပေမယ့် အခုလို အဖြစ်အပျက်မျိုးတွေက အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း ကြုံတွေ့လာရနိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ တော်လှန်ရေး လက်နက်ကိုင်တွေကို သွေးကွဲအောင် စည်းရုံးဖြားယောင်းတဲ့ နည်းပရိယာယ် အသုံးချလိမ့်မယ်ဆိုတာ ယေဘုယျအားဖြင့် ပြောဆိုလေ့ရှိကြပေမယ့် အခုလို စစ်အာဏာသိမ်းပြီးနောက် အရှိန်အဟုန်နဲ့ လက်နက်ကိုင် တော်လှန်တိုက်ခိုက်လာခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေထဲက အချို့က တွေ့ဆုံဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်မထားကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ စစ်တိုက်တဲ့ မဟာဗျူဟာ နည်းဗျူဟာသာမက နိုင်ငံရေး၊ စည်းရုံးရေးနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ နည်းဗျူဟာတွေလည်း ထောင့်စေ့အောင် ပြင်ဆင်ချမှတ်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ လုံလောက်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ မရှိခဲ့ရင် တဖက် ရန်သူအင်အားစု အနေနဲ့ အခုလို အပစ်ရပ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းလာတဲ့အခါ ဘယ်လို တုံ့ပြန်ဆောင်ရွက်ကြမလဲ ဆိုတဲ့ ရပ်တည်မှု အပိုင်းနဲ့ နည်းပရိယာယ် အပိုင်း၊ မိမိတို့ အဖွဲ့အစည်းအတွင်း ကြေလည်အောင် ဆွေးနွေးပြီး ၊ တာဝန်ခံရမဲ့ ကိုယ်စားပြုတဲ့ လူထုကိုလည်း ရှင်းလင်းပြောဆိုနိုင်ဖို့တွေက အရေးကြီးတဲ့အကြောင်း အခုဖြစ်ရပ်က သက်သေပြလိုက်သလို ရှိပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ၄င်းတို့ အာဏာကို ချုပ်ကိုင်ထားနိုင်ဖို့အတွက် ယခင်အတွေ့အကြုံတွေအပေါ် အခြေခံပြီး မဟာဗျူဟာအရရော နည်းဗျူဟာအရပါ ပြင်ဆင်ထားရှိတာ သံသယ ဖြစ်စရာ မလိုပါဘူး။ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်မှာလည်း မိမိတို့ ရပ်တည်ချက် မှန်ကန်တယ်ဆိုတာ တခုတည်းနဲ့ မပြီးဘဲ စစ်ရေး အပြင် နိုင်ငံရေးအရ ပရိယာယ်တွေကိုပါ နားလည် အကဲဖြတ်ပြီး မိမိတို့ဘက်ရဲ့ စည်းလုံးညီညွတ်မှု မပျက်ပြားအောင် ထိန်းသိမ်းတုံ့ပြန်နိုင်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar