Breaking News

ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာရုံးအကြီးအကဲ သွားရောက်တွေ့ဆုံခွင့်ရ

 Photo: ဒေါ်ခိုင်ခိုင်စိုး တယ်လီဂရမ်

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၃ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၄ ၊ ၂၀၂၆

 

ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာရုံးအကြီးအကဲ သွားရောက်တွေ့ဆုံခွင့်ရ  

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ တရားရုံးတင်ပြီး နှစ် ၃၀ ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ရဲ့ မြန်မာနိုင်ငံရုံး အကြီးအကဲဖြစ်သူ Mr Arnaud de Baeque က နေပြည်တော်ရှိ နေအိမ်တအိမ်မှာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ တွေ့ဆုံတဲ့နေ့နဲ့ အချိန်က သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းဖြစ်ပြီး တွေ့ဆုံပြီးနာရီပိုင်းအကြာမှာ မင်အောင်းလှိုင်အစိုးရရဲ့ သမ္မတရုံး ပြောခွင့်ရသူက Telegram ချန်နယ်မှာ အခုလိုတွေ့ဆုံခွင့်ပေးခဲ့တဲ့အကြောင်းကို ဓါတ်ပုံ ၄ ပုံနဲ့ ထုတ်ပြန်ခဲ့ပြီးနောက် ဒီသတင်းက မိနစ်ပိုင်းအတွင်း အွန်လိုင်းပေါ်မှာ တမဟုတ်ချင်း ပျံ့နှံ့ခဲ့ပါတယ်။ 
တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအဖွဲ့တို့က တလျောက်လုံးတောင်းဆိုလာခဲ့ပေမယ့် တွေ့ခွင့်မပြုခဲ့ဘဲ အကျဥ်းကျခံနေရသူဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေက တွေ့ဆုံခွင့်တောင်းခံတာတွေကို ငြင်းပယ်ခဲ့ပြီး အခုလို ICRC ရဲ့ ကိုယ်စားလှယ်ကို ဘာကြောင့် တွေ့ခွင့်ပေးတာလဲ၊ ဒီတွေ့ဆုံတဲ့ ဓါတ်ပုံက အစစ်အမှန်ဟုတ်ရဲ့လား စသဖြင့် မေးခွန်းနဲ့ သံသယ အငြင်းအခုံတွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။ 

ICRC အဖွဲ့ မြန်မာနိုင်ငံရုံးက ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပြုတာဟာ ICRC ရဲ့ လုပ်ငန်းတာဝန်တွေ ဖြစ်တဲ့ အကျဥ်းသားတွေရဲ့ အခွင့်အရေး၊ စစ်ဘေးဒဏ်သင့်သူတွေကို လူသားချင်းစာနာမှုအကူအညီ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကွဲကွာနေသူတွေကို ပြန်လည်ချိတ်ဆက်ပေးတာ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို မြှင့်တင်ဖို့ ၊ မသန်စွမ်းသူတွေ မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီပေးတာ ဆိုတဲ့ အချက်တွေအနက်က အကျဥ်းသားတွေရဲ့ အခွင့်အရေးဆိုတဲ့ ခေါင်းစဥ်အောက်ကနေ တွေ့ဆုံခွင့်ပေးတာလို့ ယူဆနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအနေအထားကြောင့် ဆိုတာထက် အကျဥ်းကျခံနေရသူတဦးဖြစ်တယ်ဆိုတဲ့ အချက်ကို ပေါ်လွင်စေချင်တာ နဲ့ တဖက်မှာလည်း အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာ အစိုးရအချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ တွေ့ဆုံခွင့်တောင်းခဲ့တာကို လိုက်လျောခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာစွာ ရှိနေတယ်ဆိုတဲ့ အဖြေကိုသာ အာဆီယံကို ပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အာဆီယံနဲ့ အနောက်နိုင်ငံတချို့က ဖြစ်စေချင်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးပြီး ပြည်တွင်းစစ်ကို ရပ်စဲဖို့ လမ်းစအဖြစ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမျိုးကို ရွေးချယ်မှာ မဟုတ်ဘူးဆိုတာ အကဲခတ်ကောက်ချက်ချ နိုင်ပါတယ်။ မင်းအောင်လှိုင် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ မြန်မာနိုင်ငံရေးပလက်ဖောင်းပေါ် ပြန်မတက်လာစေဖို့ ရည်ရွယ်ထားတာ ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး NLD ပါတီခေါင်းဆောင် အချို့ ရွေးချယ်ထားတဲ့ လက်နက်ကိုင် လမ်းစဥ်ကို အရှိန်ကျဆင်းသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းကို မြင်တွေ့နေရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးလိုက်တဲ့နောက် မြေပေါ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတွေ ပြန်လည်စုဖွဲ့လာကြမယ့် အရေးကို မင်းအောင်လှိုင် အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အနေအထားလို့ ကောက်ချက်ချရပါတယ်။ 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီ တခုအနေနဲ့ ပြန်လည် ရှင်သန်မလာအောင်၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနယ်ပယ်မှာ ပြန်လည် လှုပ်ရှားလာခြင်း မရှိအောင် အချိန်ကာလတခုကို ဝယ်ယူတဲ့ လမ်းကြောင်းကို ရွေးချယ်ထားတာလို့ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော် ကာလ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းတွေအရ ကောက်ချက်ချနိုင်ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်မီးတောက်ထဲ လုံးလုံးလျားလျား ကျဆင်းပြီး တနိုင်ငံလုံး စစ်ပွဲတွေ၊ နေ့စဥ်နဲ့အမျှ သေဆုံးဒဏ်ရာရမှုတွေ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ထိခိုက်ပျက်စီး သေဆုံးမှုတွေ ဖြစ်ပွားနေကာ သန်းနဲ့ချီတဲ့ နိုင်ငံသားတွေ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်း နိုင်ငံတွေဆီ တရားဝင်ရော တရားမဝင်နည်းလမ်းအမျိုးမျိုး နဲ့ထွက်ခွာကာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ အတင်းအကြပ် စစ်သားစုဆောင်းမှုလွတ်မြောက်ဖို့ သွားရောက်နေကြတဲ့တိုင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြည်သူလူထုသာ ပူးပေါင်းပါဝင်ရင် ၅ နှစ် ၁၀ နှစ်အတွင်း နိုင်ငံထူထောင်နိုင်မယ် ဆိုတဲ့ စကားတွေ ပြောနေဆဲ ဖြစ်ပါတယ်။ 

နိုင်ငံခြားငွေတွေကို စစ်ရေးမှာ ပထမဦးစားပေးအသုံးပြုနေပြီး ပြည်တွင်းစီးပွားရေး အတွက် လိုအပ်တဲ့ အခြေခံ လောင်စာဆီ၊ ကုန်ကြမ်းလိုမျိုးတွေကို တင်သွင်းခွင့်မပေးဘဲ တင်းကြပ်ထားတဲ့ တလွဲမူဝါဒတွေနဲ့ ပြည်တွင်းက လူထုအနေနဲ့ တနေ့တခြား ကြပ်တည်းလာနေတဲ့ အခြေအနေတွေက မကြာခင် လပိုင်း သို့မဟုတ် နှစ်ပိုင်းတွေမှာ အခုထက် ပိုပြီး ကမောက်ကမ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြရမယ့် အလားအလာတွေ ရှိနေတာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ပလက်ဖောင်းပေါ် ပြန်ပြီး ရောက်မလာရေး၊ ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေး အပစ်ရပ်ရေး စကားလုံးတွေ တဖက်မှာ ပြောဆိုကာ တဖက်မှာ နေ့စဥ် ဗုံးကြဲတိုက်ခိုက်မှုတွေ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့မှု သတ်ဖြတ်မှုတွေနဲ့ နိုင်ငံအာဏာကို လက်နက်နဲ့ ဆက်လက်ထိန်းချုပ်ထားဖို့ ကြိုးစားနေဆဲလည်း ဖြစ်ပါတယ်။ 

ဒီလို အခြေအနေအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ်နဲ့ ပေးတွေ့ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ လူထုတွေအတွက် ကျန်းမာစွာရှိနေသေးကြောင်း စိတ်သက်သာရာရမှု တခုအဖြစ်သာ ရှုမြင်ရပြီး ပြည်တွင်းစစ် ရပ်စဲဖို့၊ နိုင်ငံရေး သဘောထား အမြင်ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံပြန်လည်ထူထောင်ဖို့ ဆိုတဲ့ လမ်းစမျိုး မဟုတ်တာ သေချာတယ်လို့ ဆိုရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar