Breaking News

မောင်ရစ် - ကျပ်မပြည့်တဲ့လူ



မောင်ရစ် - ကျပ်မပြည့်တဲ့လူ
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၇

နှစ်ကုန်ခါနီးအထိ သူများအကြောင်းတွေချည်း ရေးနေရတယ်။ သူများစာတွေချည်း ဖတ်ရ တည်းရ တင်ဆက်နေရတယ်။ ပေါ့ပေါ့ပါးပါး ရေးချင်တာ ပြောချင်တာ တွေးမိတာတွေ မရေးဖြစ်တာ ကြာပြီ ထင်တာပဲ။ ဘာရေးရင် ကောင်းမလဲ ဆိုတော့ ကျပ်မပြည့်တဲ့အကြောင်း ရေးမယ် တွေးတယ်။

ပန်းချီ ဦးဝင်းဖေက ပုံပြင်အပြောကောင်းပါတယ်။ စာပေဟောပြောပွဲလာရင် ရယ်စရာ မောစရာတွေ ပြောတတ်ပါတယ်။ သူပြောတဲ့ ပုံက ဒီလိုပါ။ လူတယောက်ရှိတယ်။ နဲနဲလေးတော့ သူ့စိတ်က ပေါ့သွပ်တယ်။ သည်တော့ သူက လူတွေနဲ့ တွေ့တိုင်း ပြောလေ့ရှိတာက 'လူမှန်ရင် ငွေ တကျပ်တော့ ရှိရမယ်" တဲ့။ ပြောတိုင်းလည်း သူ့အိပ်ကပ်လေး လက်နဲ့ဖိဖိပြီး ပြောတတ်တယ်။ သဘောကတော့ သူ့ဆီမှာ ငွေတကျပ်တော့ ရှိတယ်ပေါ့လေ။ တနေ့ကျတော့ သူက ရှိတဲ့တကျပ်ထဲက တမတ်ဖိုး သူမုန့်ဝယ်စားလိုက်မိတယ်။ ပြီးတော့လည်း လူထူထူမှာ အိတ်ကပ်လေး လက်နဲ့ဖိရင်း ပြောပြန်တယ်။ 'လူမှန်ရင် ငွေ တကျပ်တော့ ရှိရမယ်' တဲ့။ ပြီးမှ သတိရသွားတယ်။ သူ့မှာ ၃ မတ်ပဲ ရှိတော့တယ် ဆိုတာကိုး။ ဒါနဲ့ သူက ပြန်ပြင်ပြောသတဲ့။ ' ဒါပေသိ၊ လူမှန်ရင် အနည်းဆုံး ၃မတ်လောက် ရှိလည်း ရပါတယ်' တဲ့။

သည်လိုမျိုး ပုံပြင်မူကွဲတွေ ရှိပါတယ်။ မြန်မာစာဆရာဟောင်း ကိုနေဝင်းအောင်ဆီက ပုံပြင်ကတော့ လူတယောက်က ငွေတွေကို မြေကြီးထဲဝှက်ထားပြီး လူမှန်ရင် ငွေဘယ်လောက်တော့ ရှိသင့်သကွလို့ ပြော ပြောလွန်းလို့ သူ့ကို လိုက်ချောင်းကြည့်ထားပြီး ငွေတွေ တူးယူသွားလို့ အဲသည်လူခင်ဗျာ နောက်တော့ ပါးစပ်ပိတ်သွားရသတဲ့။

သည်တော့ ကျနော်တို့ကလည်း အဲသည်လူလိုပါပဲ၊ ကိုယ့်မှာရှိသလောက်နဲ့ လူလုပ်နေကြတယ် ဆိုရမှာပေါ့ခင်ဗျာ။ လူမှန်ရင် ငါတို့ရှိသလောက်တော့ ရှိရမယ် ဆိုတာချည်းနဲ့ နေကြတယ်လို့ ထင်မိပါတယ်။

ဥပမာ - ကျနော်တို့ ဘတ်စကားစီးနေတုန်းက လူမှန်ရင် ဘတ်စကားစီးဖူးရမယ်ပေါ့။ နောက် ကားလေးဘာလေး စီးလာတော့ လူမှန်ရင် ကားလေးတော့ စီးရမယ်ဆိုတာမျိုးမို့လား။ မုန့်ဟင်းခါးစားဖူးတဲ့လူကလည်း လူမှန်ရင် မုန့်ဟင်းခါးတော့ စားဖူးရမယ်ဆိုတဲ့ စိတ်သဘောထား ရှိကြတယ် ထင်ပါတယ်။

အဲသည်လိုမျိုး လူမှန်ရင် ငွေတကျပ် ပေါ်လစီနဲ့ ကိုယ်က ဆင်ကြယ်ဖိနပ်စီးထားရင် ကိုယ့်ပတ်ဝန်းကျင်မှာ ဆင်ကြယ်စီးတဲ့သူတွေချည်း ရွေးမြင်တတ်ကြပါတယ်။ ကိုယ့်မှာ ပင်နီလေးဝတ်ထားမိရင် ပင်နီဝတ်တဲ့သူတွေချည်း မြင်နေမိတာမျိုး။ ကိုယ်မောင်းနေတဲ့ကားက တိုယိုတာပရီးရပ်စ်လေးဆိုရင် လမ်းမှာလည်း ပရီးယပ်စ်တွေ ရွေးမြင်တတ်ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျနော်တို့ဟာ လူမှန်ရင် ငွေ တကျပ် ရှိရမယ် သဘောထားတွေနဲ့ ချီတက်ကြတယ်လေ။

ဒါနဲ့ ဘယ်တော့ကျမှ တကျပ်မရှိလည်း ရပါတယ်။ ၃ မတ်နဲ့လည်း လူဖြစ်ပါသေးတယ်လို့ ဘယ်တော့ အမြင်ပြောင်းကြတာလဲဆိုတာ စိတ်ဝင်စားဖွယ် မေးခွန်းပါ။

ကျနော်၏ ကိုယ်တွေ့ ငွေ တကျပ် နဲ့ လူလုပ်လို့ရတယ် ပေါ်လစီဟာ ခုနင်က စိတ်ပေါ့သွပ်တဲ့လူတဦးလို ကိုယ့်ဘဝအတွက်တော့ ဟုတ်နေတာပဲခင်ဗျ။ ဒါက ရောင့်ရဲတင်းတိမ်မှုနဲ့လည်း ဆိုင်တယ် ထင်ပါတယ်။ ကြွားဝါတာ ဟန်လုပ်တာမျိုး မဟုတ်ရရိုး အမှန်ပါ။ သူ့မှာလဲ တကျပ်၊ ကိုယ့်မှာလဲ တကျပ် ဆိုတော့ အဲသည်အမြင်စိတ်ထားမျိုးဟာ အတော် နေထိုင်လို့ ကောင်းပါတယ်။ သည် အိတ်ကပ်ထဲ ရှိနေတဲ့ တကျပ်လေးနဲ့ ပညာလေးသင်၊ ရတဲ့ အလုပ်ကလေးလုပ်၊ မိသားစုနဲ့ နေထိုင်၊ ကိုယ်ဝါသနာပါတာလေး လိုက်စား ... သည်လိုလေး လုပ်ကိုင် နေထိုင် ကျေနပ်နေကြတယ် ထင်မိတာကိုး။

လူမှန်ရင် ငွေတကျပ်တော့ ရှိရမယ် ပေါ်လစီနဲ့ဆိုတော့ ...  လူမှန်ရင် ဒီမိုကရေစီတော့ လိုချင်ကြမှာချည်းပဲ ထင်မိတာပေါ့။ လူမှန်ရင် မဟုတ်မတရားလုပ်တာတွေ ဆန့်ကျင်ကြတယ်လို့ ဆိုမိပါတယ်။ လူမှန်ရင် ဟိုလူကြီးတွေ ဟိုအုပ်စုတွေနဲ့ ပေါင်းသင်းဆက်ဆံကြလိမ့်မယ် မဟုတ်ဘူးလို့ ပြောမိပြန်ပါတယ်။ သည် ကျပ်တန်လေး တရွက် အိတ်ထဲထည့်ပြီး ပတ်ဝန်းကျင်မှာ ပေါင်းသင်း ဆက်ဆံနေမိတာ ကြာလှပေါ့ဗျာ။

သို့သော်လည်း တနေ့သားမှာတော့ လူတကိုယ် ငွေတကျပ်နဲ့ လူလုပ်နေကြတယ် အထင်ရောက်နေတဲ့ ငနဲသားဟာ ကျနော့်အိမ်သူ၏ ဉာဏ်အလင်းပြမှု၊ သင်ခန်းစာပေးမှုကို ခံယူရပါတော့တယ်။ ရှင့်ငွေ တကျပ်နဲ့ သူများတွေ အိတ်ထဲက ငွေတကျပ်တွေနဲ့ ကြေးချင်း တိုက်ကြည့်စမ်းပါဦး။ တကျပ်ချင်းကော တူတာ ဟုတ်ရဲ့လားဆိုပြီး အမေးရှိလာတာပါ။ ဒါကလည်း ကားအစုတ်ကလေး စီးပြီး ငွေတကျပ်နဲ့ နေပျော်သူဟာ ကားအသစ်ကလေးပြောင်းစီးမိတာနဲ့တင် ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေမိတာကိုး။ ဒါနဲ့ ပတ်ဝန်းကျင်ကို ကြည့်မိလိုက်တော့ သူများတွေစီးနေတာက ကိုယ့်ထက် ကောင်းတဲ့ သာတဲ့ အဖိုးကြီးတဲ့ ကားတွေချည်း စီးနေတဲ့ လူတွေက အများစု ဖြစ်နေတာပါ။ သည်တော့ မောင်ရစ်တယောက် အရပ်တကာလှည့်ပြီး လူမှန်ရင် ငွေတကျပ်တော့ ရှိရမယ်လို့ ကိုယ့်အိတ်ကပ်လေး ကိုယ်ဖိပြီး ရေရွတ် ပြောဆိုနေတာကို သူတို့တွေကတော့ အပေါ်စီးက ပြုံးပြုံးကြီး ကြည့်လို့ ခပ်မဆိတ် နေနေကြတာ ကိုယ်က မရိပ်မိတာ ဖြစ်နေတာပါကလား။ သူတို့ ငွေတကျပ်ပေါ်လစီဆိုတာက မောင်ရစ် ငွေတကျပ်ထက် သူတို့ငွေတကျပ်က ပိုပြီး ကြေးကြီးပါတယ်။ မောင်ရစ် ငွေတကျပ်က မြန်မာငွေတကျပ်ဖြစ်နေပြီးတော့ သူတို့ငွေတကျပ်ဆိုတာက အခု ခေတ်စားနေတဲ့ bit coin တကျပ် ဆိုတာမျိုး ဖြစ်နေတာကို မောင်ရစ် မရိပ်မိလိုက်တာပါ ခင်ဗျာ။ (စကားချပ် - ဘစ်ကွိုင်းတပြား ယခုပေါက်ဈေး ဒေါ်လာ တသောင်းခွဲကျော်)

ခုနင်က စိတ်ပေါ့သွပ်သူတဦးလိုတော့ ရှိတဲ့ တကျပ်ထဲက တမတ်ဖိုး မုန့်ဝယ်စားမိလို့ 'ကျပ်မပြည့်တမတ်လို' ဖြစ်သွားတာ မဟုတ်ပါ။ ကိုယ့်တကျပ်နဲ့ သူ့တကျပ်တို့ ကြေးချင်း တိုက်မိတော့မှ သူများတွေထက် ကိုယ့်က ကျပ်မပြည့်တဲ့သူတဦးဖြစ်နေတာကို ရိပ်မိသွားရသူက မောင်ရစ် ဆိုတဲ့ သူကောင်းသားလေးရယ်ပါ။

သည်တော့လည်း ပုံပြင်ထဲက ဟိုလူလိုပေါ့လေ။ မောင်ရစ်ကတော့ လူမှန်ရင် ငွေတကျပ်တော့ ရှိရမယ်လို့ ပြောမရတော့လည်း လူမှန်ရင် ၃မတ်လောက်နဲ့လည်း အလုပ်ဖြစ်ပါသေးတယ်လို့ ရသေ့စိတ်ဖြေ  လိုက်ရတာပေါ့ဗျာ။ အေးလေ ... သူတို့လက်ထဲက တကျပ်မပြောနဲ့ သာနေတဲ့ တမတ်သားက ကိုယ့်ဖက်မှာ မရှိတာ သေချာနေနှင့်တာကိုး။

ဗမာပြည်ကြီးက အမျိုးကောင်းသား သမီးများလည်း လူမှန်ရင် ငွေ ၃မတ်လောက်တော့ အနည်းဆုံး ရှိရမယ်ဆိုပြီး ဆက်လက် ချီတက်နိုင်ကြပါစေသတည်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar