UWSP/UWSA ရဲ့ အဖွဲ့ ခေါင်းဆောင်တွေ နေပြည်တော်မှာ လာရောက်ခြင်းနဲ့ အကျိုးသက်ရောက်နိုင်ခြေ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၄ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၅ ၊ ၂၀၂၆
UWSP/UWSA ရဲ့ အဖွဲ့ ခေါင်းဆောင်တွေ နေပြည်တော်မှာ လာရောက်ခြင်းနဲ့ အကျိုးသက်ရောက်နိုင်ခြေ
“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ/ တပ်မတော် UWSP/UWSA အဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နေပြည်တော်ကို ရောက်ရှိနေပြီး သြဂုတ်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ ဆွေးနွေးတာ၊ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
UWSP အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ကို လာရောက်တာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၈ လခန့်အကြာတုန်းကလည်း UWSPရဲ့ ဒုတိယဥက္ကဋ္ဌ ဦးလောယာကု ခေါင်းဆောင်တဲ့ အဖွဲ့တွေ နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီကာလတုန်းက အာဏာသိမ်းထားတဲ့ စစ်တပ် အနေနဲ့ ရွေးကောက်ပွဲလည်း မကျင်းပရသေးသလို ၁၀၂၇ စစ်ဆင်ရေး အစောပိုင်းလတွေမှာ မြို့တွေအများအပြား လက်လွှတ်ဆုံးရှုံးထားချိန်၊ ကိုးကန့်နယ်က ကွမ်လုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ရှမ်းမြောက်က သိန္နီတို့ကို လက်လွှတ်ဆုံးရှုံးထားသလို TNLA ကလည်း နမ့်ခမ်း စတဲ့မြို့တွေ သိမ်းယူထားချိန် ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာ UWSA က ကိုးကန့် MNDAA၊ TNLA နဲ့ AA တို့ကို လက်နက်ခဲယမ်းနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တာတွေ ရှိခဲ့သည့်တိုင် အာဏာသိမ်းစစ်တပ်အနေနဲ့ ရှမ်းမြောက်က တခြားသော လက်နက်ကိုင်တပ်ဖွဲ့အားလုံးထက် အင်အားကြီးတဲ့ UWSA နဲ့ စစ်မဖြစ်ပွားအောင် ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ဖြစ်ပွားခါစ စစ်တပ်ဘက်က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖုန်ကြားရှင်ရဲ့ သားဖြစ်သူ ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေ ဝင်လာတဲ့လမ်းကြောင်းဟာ UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ်ဘက်က ဝင်ရောက်လာတာလို့ ပြောဆိုခဲ့တာရှိလို့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ UWSP/ UWSA အပေါ်မှာ အကြိတ်အခဲရှိခဲ့တဲ့ အနေအထားလို့ အဲဒီကာလက သတင်းစာရှင်းလင်းပွဲပြောဆိုချက်တွေကို ကြည့်ရင် သိရှိနိုင်ပါတယ်။
UWSP အနေနဲ့ ၂၀၂၄ ဇွန်လဆန်း နေပြည်တော်ကို လာရောက်ပြီးနောက် ၂ နှစ်ကျော်အကြာ သမ္မတတာဝန်ကို ပြောင်းလဲရယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ကာလ ငြိမ်းချမ်းရေးဆွေးနွေးမှုကို တုံ့ပြန်တဲ့ အနေနဲ့ လာရောက်တာ ဖြစ်ပါတယ်။
UWSP/UWSA ဟာ ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲပြီး ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ တပ်ကို တည်ထောင်ခဲ့ပြီးနောက် ဗဟိုအစိုးရနဲ့ တကြိမ်တခါမျှ တိုက်ခိုက်ခဲ့ခြင်း မရှိပေမယ့် ရန်ကုန်အစိုးရ (နောက်ပိုင်း နေပြည်တော်) အနေနဲ့လည်း အုပ်ချုပ်ရေးနဲ့ စစ်ရေးတွေအရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအများစုကို စီမံအုပ်ချုပ်ခွင့် မရှိခဲ့ပါဘူး။ UWSP/UWSA က ၄င်းတို့ရဲ့ စစ်တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူဝင်မှုကြီးကြပ်ရေးတွေ အထိ ၄င်းတို့ဘာသာ၄င်းတို့ စီမံခန့်ခွဲတာ ဖြစ်ပြီး အင်အား ၄ သောင်းလောက်ရှိတယ်လို့ ခန့်မှန်းကြတဲ့ လက်နက်ကိုင်တပ်ကိုလည်း သံချပ်ကာကား၊ ရဟတ်ယာဥ် စတာတွေအထိ တရုတ်နိုင်ငံဘက်က ဝယ်ယူပြီးတပ်ဆင်ထားတဲ့ အနေအထားဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ကိစ္စရပ်လို ပြည်ပဆက်ဆံရေးတွေမှာသာ နေပြည်တော်အစိုးရအောက်မှာရှိတဲ့ သဘောမျိုးပြောဆိုပေမယ့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးလို ကိစ္စရပ်တွေမှာတော့ နေပြည်တော် အစိုးရအနေနဲ့ ဝင်ရောက်ပြောဆိုနိုင်တဲ့ အနေအထားမဟုတ်ဘဲ UWSP/UWSA နဲ့ တရုတ်နိုင်ငံတို့သာ တိုက်ရိုက်ဆက်ဆံကြတဲ့ သဘောမျိုး တွေ့ရပါတယ်။ တနည်းပြောရရင် ပြည်ထောင်စုထဲကနေ ခွဲထွက်မှာ မဟုတ်သည့်တိုင် ၄င်းတို့ဒေသနဲ့ ပတ်သက်တဲ့ လုံခြုံရေး၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမှာ နေပြည်တော်ထက် တရုတ်နိုင်ငံဘက်က ပိုမိုသြဇာရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီလိုအနေအထားတွေကြောင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ De facto အရ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုး ရရှိနေတဲ့ တခုထည်းသော ဒေသဖြစ်ပါတယ်။ ပထဝီတည်ရှိမှု၊ တောင်တန်းဒေသတွေနဲ့ လမ်းပန်းဆက်သွယ်မှု အခက်အခဲတွေကြောင့် “ဝ” ဒေသကို မြန်မာနိုင်ငံကို ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ကြတဲ့ အစိုးရတွေ အနေနဲ့ ဖိဖိစီစီး အုပ်ချုပ်နိုင်တဲ့ အခြေအနေမျိုး မရှိခဲ့တဲ့ သဘောလည်း ဖြစ်ပြီး ဒီအကြောင်းအချက်တွေက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖို့ အားသာချက်တွေ ဖြစ်စေတဲ့ သဘောဖြစ်ပါတယ်။
UWSP/UWSA အခုတကြိမ် နေပြည်တော်ကို လာရောက်စဥ်မှာလည်း ၂၀၂၄ ခုနှစ် ခရီးစဥ်တုန်းကလို ဝ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ကြောင်း သတင်းအချို့မှာ ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီလို တောင်းဆိုရာမှာ NSPNC ဘက်က ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အတိုင်းသာ ဆောင်ရွက်နိုင်မယ်လို့လည်း အဆိုပါသတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ UWSP/UWSA အနေနဲ့ ပြည်ထောင်စုမပြိုကွဲရေးကို အခြေခံပြီး ပြည်ထောင်စုစနစ်အတွင်း ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ ယခုဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့လည်း စစ်တပ် အစိုးရဘက်က ပြောဆိုပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူစဥ်ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တာ တွေ့ရပါတယ်။ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနက် ယမန်နှစ်နှောင်းပိုင်းက အပစ်ရပ်ခဲ့တဲ့ TNLA နဲ့ UWSP/UWSA တို့ ၂ ဖွဲ့သာ အခုလို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တာပါ။
UWSP/UWSA အဖို့ လက်ရှိ ရရှိထားတဲ့ အနေအထားကို နေပြည်တော်အစိုးရနဲ့ ရှမ်းပြည်နယ်အတွင်း ရှိနေကြတဲ့ နိုင်ငံရေး၊ စစ်ရေးအင်အားစုတွေ အတွင်း တရားဝင်ဖြစ်အောင် ပြောဆိုတဲ့သဘောလို့ နားလည်ရပါတယ်။ အကယ်၍သာ “ဝ”ပြည်နယ် အဖြစ်သတ်မှတ်အသိအမှတ်ပြုခဲ့တယ်ဆိုခဲ့ရင် ရှမ်းပြည်နယ်အတွင်း ပြည်နယ်ထပ်ခွဲပေးတယ် ဆိုတာထက် “ဝ”ပြည်နယ် အဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ် နယ်နိမိတ်ရဲ့ ပြင်ပသီးသန့် တည်ရှိတဲ့ ပြည်နယ်တခု ဖြစ်လာမယ့်သဘောလို့ ယူဆရပါတယ်။
စစ်တပ်အစိုးရရဲ့ ညှိနှိုင်းရေးကော်မတီကတော့ အခု နေပြည်တော် တွေ့ဆုံမှုမတိုင်ခင် ပန်ဆန်းမြို့မှာတွေ့ဆုံစဥ်က ဆွေးနွေးခဲ့တဲ့ ဒေသဖွဲ့ဖြိုးရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို ၄င်းတို့အစိုးရဘက်က ဆက်လက်တင်ပြပေးခဲ့တယ်လို့ ဆိုပြီး ယခုဆွေးနွေးပွဲမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း NSPNC ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ တကယ့်မြေပြင် အခြေအနေမှာတော့ နေပြည်တော် အစိုးရအနေနဲ့ “ဝ” ပြည်ဒေသအများစုရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဒေသဖွံ့ဖြိုးရေးလို ကိစ္စရပ်တွေ ဆောင်ရွက်ပေးစရာ မလိုတဲ့အနေအထားလို့ ဆိုရမှာပါ။ နေပြည်တော် အစိုးရ ဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေလည်း “ဝ”ဒေသမှာ အခြေစိုက်နေထိုင် လုပ်ကိုင်နိုင်တဲ့ အနေအထား မရှိတာပါ။
UWSP/UWSA လိုပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အကြာ နေပြည်တော်လာရောက်စဥ်မှာ တအာင်းပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာ တွေ့ရပါတယ်။ NSPNC ဘက်ကတော့ ထုံးစံအတိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ အတိုင်းဆောင်ရွက်ရမယ် ဆိုတဲ့ သဘောမျိုး ပြန်လည် ဖြေကြားခဲ့ပြီး ပေးလို့ ရ/ မရ ဆိုတာမျိုး တိုက်ရိုက် အဖြေမပေးခဲ့တာတွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေတွေ သိမ်းယူ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တရားဝင်မှုရအောင် ကြိုးစားကြတဲ့ သဘောလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီး ၄င်းတို့ စိတ်တိုင်းကျ အခြေအနေမျိုးဖန်တီးကာ လွတ်လပ်မှုမရှိတဲ့ ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ မင်းအောင်လှိုင် အစိုးရ အပေါ် ယုံကြည်နိုင်ရဲ့လား၊ လူထုရဲ့ ထောက်ခံမှု မရှိဘဲ စစ်တပ်အားကိုးနဲ့ နိုင်ငံကို အုပ်ချုပ်နေပြီး နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားတဲ့ စစ်အစိုးရရဲ့ ကတိကဝတ်နဲ့ အာမခံမှုတွေက ဘယ်လောက် ယုံကြည်ကိုးစားစရာကောင်းလဲဆိုတဲ့ အဓိက မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar