လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၁၂)
လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၁၂)
(မိုးမခ) ဇူလိုင် ၂၈ ၊ ၂၀၂၃
မိတ်ဆွေကောင်းကြီး ကစ်ဆင်ဂျာ
တရုတ် ပြည်သူတွေဟာ ချစ်ခင်ရင်းနှီးမှုများကို အလွန်တန်ဖိုးထားပြီး မိမိတို့ရဲ့ မိတ်ဆွေကောင်းများကို ဘယ်တော့မှ မမေ့တတ်ပါဘူး။ အထူးသဖြင့် အဆွေတော် မိတ်ဆွေကြီးရဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ဖို့နဲ့ နှစ်နိုင်ငံ ပြည်သူအချင်းချင်းကြား ချစ်ကြည်ရေးအတွက် သမိုင်းဝင်ဆောင်ရွက်ချက်များကို အမြဲသတိရ ကျေးဇူးတင်နေမှာပါ။
ဇူလိုင်လ ၂၀ ရက်နေ့က အမေရိကန် လုံခြုံရေးအကြံပေးဟောင်း ကစ်ဆင်ဂျာနဲ့ သမ္မတ ရှီကျင့်ပင်တွေ့ဆုံစဉ် ရှီရဲ့ ပြောစကားအချို့ပါ။
အဲသလို ဖော်ရွေနွေးထွေးတဲ့ စကားများနဲ့ ဧည့်ခံပြောဆိုရုံမက တခြား ဧည့်ဝတ်ပြုတဲ့ လုပ်ဆောင်ချက်များကိုလည်း ကြည့်ပါဦး။
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၂ နှစ်က အဆွေတော်ရဲ့ သမိုင်းဝင်ခရီး စတင်ခဲ့တဲ့နေရာလို့ ပြောတဲ့ ၁၉၇၁ ခုနှစ် ကစ်ဆင်ဂျာ ပထမဆုံး တရုတ်ပြည်ကို လာစဉ်က တည်းခိုခဲ့ပြီး အဲဒီအချိန်က ၀န်ကြီးချုပ် ချိုအင်လိုင်းနဲ့ ဆွေးနွေးခဲ့တဲ့ အထူးဧည့်ရိပ်သာအမှတ် (၅) မှာ ရှီက လာပြီးနှုတ်တ်ဆက်ရုံမက အဲဒီညရှီကိုယ်တိုင် ဧည့်ခံတဲ့ ထမင်းစားပွဲမှာ တည်ခင်းတဲ့ ဟင်းပွဲအစီအစဉ် (Menu) ဟာ ၁၉၇၂၊ သမ္မတ နစ်ဆင်ကို နိုင်ငံတော်ထမင်းစားပွဲနဲ့ ဧည့်ခံစဉ်က ဟင်းပွဲအစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့ကြတယ်။ တဲ့။
ဒီအသက်ရာပြည့် သံတမန်ဟောင်းကြီး (ဒီတရုတ်ပြည်ကို လာတာလည်း အကြိမ် ၁၀၀ ရှိပြီ တဲ့) ကစ်ဆင်ဂျာ ကို တခြားဧည့်ခံမှုများလည်း ရှိပါသေးတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်က တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေးများနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပါရစေလို့ တောင်းဆိုထားတာကို ပယ်ချထားတဲ့ တရုတ် ကာကွယ်ရေး၀န်ကြီး လီရှဲန်ဖူ နဲ့ ကစ်ဆင်ဂျာ တွေ့လိုက်ရပါတယ်။ (ဘိုင်ဒင် အစိုးရက ဒီဝန်ကြီးကို ပိတ်ဆို့မှုတွေ လုပ်ထားလို့ အစိုးရနဲ့ဆိုင်တဲ့သူတွေနဲ့ မတွေ့တာလို့ ပြောချင်ပုံရ။)
ဒါ့အပြင် ကစ်ဆင်ဂျာဟာ တရုတ်အထက်တန်း သံတမန် (ယခု နိုင်ငံခြားရေးဝန်ကြီး ပြန်ဖြစ်သွားသူ) ၀မ်ယိနဲ့လည်း တွေ့ဆုံလိုက်ရပြီး ဝမ်ယိရဲ့ အရေးကြီးတဲ့ သတင်းစကားလည်း ရရှိသွားပါတယ်။
၀မ်ယိက "အခု တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ၁၉၇၁ ခုနှစ်ကအတိုင်း လမ်းဆုံလမ်းခွကိုရောက်နေကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ နှစ်နိုင်ငံအတွက်သာမက တကမ္ဘာလုံးနဲ့ ပါ သက်ဆိုင်နေကြောင်း။ ဒါကြောင့် အခုလို အရေးကြီးတဲ့ အခါသမယမှာ အမေရိကန်အတွက် သမ္မတ နစ်ဆင်ရဲ့ နိုင်ငံရေးသတ္တိမျိုးနဲ့ အဆွေတော်ရဲ့ သံခင်းတမန်ခင်း ကျွမ်းကျင်လိမ္မာမှုမျိုး အများကြီး လိုအပ်နေပါတယ်။ ကျွန်တော်တို့ တရုတ်ပြည်ကတော့ အတတ်နိုင်ဆုံး ဒီဆက်ဆံရေးကို လမ်းမှန်ပေါ်ရောက်အောင်ပြန်ကြိုးစားမှာပါ" တဲ့။ (ဘိုင်ဒင်အစိုးရကို ဖိအားပေးလိုက်တာ။)
ကစ်ဆင်ဂျာကလည်း "ကမ္ဘာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူသားများရဲ့ဘ၀ သာယာရေးအတွက် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား တည်ငြိမ်တဲ့ ဆက်ဆံရေးဟာ အဓိက အရေးကြီးတဲ့ အချက်ဖြစ်ကြောင်း" ပြောပါတယ်။
ဒါ့အပြင် ကစ်ဆင်ဂျာဟာ အခွင့်ရရင် ရသလို (တရုတ်အရာရှိများနဲ့ တွေ့တာပဲဖြစ်ဖြစ်၊ တရုတ်ပြည်အကြောင်း ရေးတဲ့ စာအုပ်တွေထဲမှာဖြစ်ဖြစ်) အမေရိကန်ရဲ့ အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာတရုတ်ပြည်နဲ့ မတူတဲ့အတွက် တချို့လူတွေရဲ့ ပြောဆိုချက်တွေကို သိပ်အလေးမထားဖို့လည်းသတိပေးပြောဆို ရေးသားတာ တွေ့ရပါတယ်။
(ကစ်ဆင်ဂျာကိုယ်တိုင်လည်း ပထမဆုံးအကြိမ် တရုတ်ပြည် လာစဉ်က သူတို့ကွန်ဂရက်က လူတွေကိုတောင် အသိမပေးဘဲ လာခဲ့ရတာ။)
ဒါ့ကြောင့် အစိုးရနဲ့ ကွန်ဂရက်အကြားက ပဋိပက္ခတွေကို ထည့်သွင်းတွက်ချက်ဖို့ ပြောဟန်တူပါတယ်။
တရုတ်ကရော ဒီအခင်းအကျင်းကို လုပ်ဆောင်နေတာက ဘာကြောင့်လဲ။ ဘာသတင်းစကား ပါးချင်တာလဲ။
အမေရိကန် အစိုးရဘက်ကလည်း ဆွေ့ဆွေ့ခုန်နေပါတယ်။ အစိုးရပြောခွင့်ရသူ အမျိုးမျိုးက ကပေါက်တိကပေါက်ချာတွေ ပြောနေ၊ ဆိုနေကြတာ တွေ့ရပါတယ်။
"ကစ်ဆင်ဂျာဟာ အရပ်သားတယောက်သာ ဖြစ်တယ်။ အရပ်သားတယောက်အနေနဲ့ သွားချင်တဲ့နေရာ သွားလို့ရတယ်။ ဘိုင်ဒင် အစိုးရနဲ့ ဘာမှမဆိုင်ပါဘူး" လို့ ပြောလိုက်။
"အစိုးရအရာရှိအချင်းချင်းတော့ တွေ့ဖို့ ငြင်းပြီး အရပ်သားတယောက်နဲ့တော့ တွေ့တယ်" လို့ ပြောလိုက်။ (ဒါကတော့ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့တဲ့ ကိစ္စအပေါ် မကျေမနပ် ပြောပုံရတယ်။)
အဲ နောက်ဆုံးကျတော့လည်း "ကစ်ဆင်ဂျာ ပြန်ရောက်လာရင်တော့ တရုတ်ဘက်က ဘာသတင်းစကားတွေ ပေးလိုက်သလဲဆိုတာ နားထောင်ရမှာပေါ့"တဲ့။
တယောက်တပေါက် ပြောနေတာ။
တကယ်တော့ တရုတ် ပေးချင်တဲ့ သတင်းစကားများကတော့— သူတို့ တရုတ်တွေကို တန်းတူညီမျှ သဘောထားပြီး ဆက်ဆံဖို့ပါပဲ။
သူတို့ကို မိတ်ဆွေကောင်းလို ဆက်ဆံရင် သူတို့ကလည်း မိတ်ဆွေကောင်းတွေလိုပဲ ပြန်ဆက်ဆံမှာ။ သူတို့အပေါ် အထက်စီးနဲ့ ဆက်ဆံတာမျိုးတော့ လက်မခံနိုင်ဘူး (ဥပမာ- တဖက်က ပိတ်ဆို့မှုတွေကို ဖယ်ရှားမပေးဘဲ၊ တဖက်က စကားပြောပါရစေလို့ တောင်းဆိုတာမျိုး) ဆိုတာပါပဲ။
ရှီရော၊ ၀မ်ယိရော တရုတ်-အမေရိကန် ဆက်ဆံရေးမှာ လိုက်နာရမယ့် အဓိက မူများကတော့—
- အပြန်အလှန် လေးစားရေး။
- ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနဲ့
- နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ (win-win) ပူးပေါင်းဆောင်ရွက်ရေး
ဖြစ်တယ် ဆိုတာကို အဓိကထား ပြောလိုက်တာပါပဲ။
တရုတ်က သူတို့ လိုချင်တဲ့အချက်များကို ပြောရာမှာ တသမတ်တည်းရှိတာပါ။
ဒါ့အပြင် တရုတ်က ပြည်သူအချင်းချင်းကြား ဆက်ဆံရေးကို ပိုအလေးထားချင်ပုံလည်း ရပါတယ်။
ဒီနှစ် ဇွန်လ ၁၇ ရက်နေ့ကလည်း သမ္မတရှီက ဒီနှစ်အတွင်း ပထမဆုံး တွေ့ဆုံနှုတ်ဆက်တဲ့ နိုင်ငံခြားသားလို့ ပြောပြီး အမေရိကန် သူဌေးကြီး ဘီလ်ဂိတ်နဲ့ တွေ့ဆုံပြီး အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး တိုးတက်ရေးအတွက် ပြည်သူအချင်းချင်းကြား ဆက်ဆံရေးအခန်းကို အလေးပေးပြောကြားပြီး ဘီလ်ဂိတ်ဖောင်ဒေးရှင်းက တရုတ်ပြည်အပေါ် ပေးတဲ့ အကူအညီများအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။
(ဘီလ်ဂိတ်ကလည်း တရုတ်ပြည်ခရီးမစမီကတည်းက "တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်မှုလို့ သဘောမထားဘဲ အခွင့်အရေးလို့ သဘောထားသင့်ကြောင်း" သတင်းမီဒီယာတွေကို ပြောထားတာလည်း ရှိပါတယ်။
ဒါ့အပြင် သူ့ဖောင်ဒေးရှင်းက တရုတ်သုတေသနဌာနတွေကိုလည်း လှူဒါန်းထားတာတွေလည်း ရှိပါတယ်။ ဒီတခေါက်လည်း ဒေါ်လာ ၁၀ သန်း လှူသွားပါတယ်။)
တရုတ်က မိမိတို့အပေါ် သဘောထားမှန်မှန်ကန်ကန်ထားရင် မိမိတို့ကလည်း အပြန်အလှန် ဒီလိုသဘောထားကြောင်း ပြောလိုဟန်ရှိပါတယ်။
အဓိက ကတော့ အမေရိကန် ပြည်သူတွေကို လှမ်းပြီး စည်းရုံးလိုက်တာပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar