ကိုအောင်မှိုင်း - နှုတ်ဆက် အနမ်း
ကိုအောင်မှိုင်း - နှုတ်ဆက် အနမ်း
(မိုးမခ) ဇူလိုင် ၂၈ ၊ ၂၀၂၃
စွန့်ပစ်ခံရတဲ့
ဖိနပ်စုတ်တရန်လို
သက်ကြီးရွယ်အိုတွေရဲ့
တိတ်တခိုး ရှိုက်သံဟာ
အနာဂတ် ခံစားမှုတွက်
ဂေဟစနစ်ကြီးကို ဆန့်ကျင်လို့
နောက်ဆုံးထွက်သက် ဖြစ်သွားတယ်။
ပျိုးခဲ့တဲ့ ပန်းခင်းတွက်
အနာဂတ်ကို သူ ယုံပေမဲ့
အနာဂတ်က သူ့ကို ယုံပါ့မလား
မသေချာတဲ့ မျှော်လင့်ချက်တွက်
အရှေ့မှာ နေထွက်တယ်ဆိုတာ
ဒဏ္ဍာရီတပုဒ်လို ဖြစ်သွားပေါ့။
လက်တွဲဖော်
နှုတ်မဆက်ခင်
ရင်ထဲက အသိက
ဦးနှောက်ကို ဖျက်ဆီး
နှုတ်ဆက်တယ်ဆိုတာ ထာဝရလား
နှုတ်ဆက်တယ်ဆိုတာ ခဏတာလား
အနမ်းတွေဟာ ချိုမြိန်မှုကင်းမဲ့။
အိပ်စက်မှုက
သူနဲ့ တိုက်ပွဲဖြစ်တဲ့အခါ
အရင်ကလို
သူ့ဘက်ကအဖော်
မပါလေတော့
မအိပ်စက်မှုက အနိုင်ရသွားပေါ့။
သန်းပေါင်းများစွာဟာ
နှုတ်ဆက်သွားခဲ့။
ထောင်ပေါင်းများစွာဟာ
နှုတ်ဆက်နေတယ်။
ရာပေါင်းများစွာဟာ
နှုတ်ဆက်ဖို့ စောင့်နေတယ်။
နှုတ်ဆက်တယ်ဆိုတာ ထာဝရလား
နှုတ်ဆက်တယ်ဆိုတာ ခဏတာလား
အဘိဓမ္မာဟာ တခါတလေ မှားတယ်
နှုတ်ဆက်တယ် ဆိုတာ ဝေးသွားခြင်းပဲ။