Breaking News

မောင်ဘဦး - ငွေကိုသာ ရေလိုသုံးရင်၊ တပြည်လုံးမှာ လုပ်သမျှ တင့်တယ်

ငွေကိုသာ ရေလိုသုံးရင်၊ တပြည်လုံးမှာ လုပ်သမျှ တင့်တယ်
မောင်ဘဦး
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၃

မနေ့မနက်က မိုးကြီးရွာလို့ တညလုံး အိပ်ကောင်းသည်မှာ 'အုန်း'သံ လေးတောင် နားမစွင့်လိုက်ရ၊ မနက် ၅ နာရီခွဲ ကျမှ နိုးတော့သည်။ ဒီနေ့ ပင်စင်လိုက်ထုတ်ပေးရမည်။ 'စာအုပ်ကို ကြိုတင် ထပ်ထားပါ' တဲ့။

စာအုပ်ကြိုတင်ထပ်ရန် ဘဏ်သို့ မနက်အစောကြီး တခါမှ မသွားဖူး၍ ခပ်လန့်လန့်ဖြစ်နေသည်၊ 'မြေနိုး စခ' တွေက ဘဏ်မှာ ရှိနေသည်လေ၊ ပြီးတော့ လမ်းတလျောက် 'ကင်းပုန်း'တွေလည်း ရှိတတ်ပါသည်လေ။

မစိုးရိမ် မကြောက်လို့က မဖြစ်။ အာဏာသိမ်းစစ်တပ်၏ ဘောမ, ခွေးသူခိုး 'မြေနိုး စစ်သား' တွေသည် ဆိုင်ကယ် ၂ယောက်ပိုး မစီးပေမင့် ပစ်ချင် ပစ်သတ်သည်။ တလောလေး က,ပင် ရှေ့က'ကျား'နှင့် နောက်က 'မ'၊ ဆိုင်ကယ် ၂ ယောက်ပိုး စီးလာကြသည်ကို 'ကျား'ချည်း ၂ ယောက် ထင်၍ ပစ်လိုက်ရာ၊ နောက်က ထိုင်လိုက်လာသူ 'ဘောပြား' မှာ ရင်ခွဲရုံ ကျောက်ခုတင် ပေါ်တွင်မှ 'ကျမမှာ မိန်းမသား'၊ ပြသ သွားရ ရှာသည်။

သည့်အတွက် 'ဘယ်ချောင်ကနေပစ်လိုက်မှာပါလိမ့်' ဟူသော စိုးရိမ်စိတ်, တထိတ်ထိတ်သော 'ရင်' ဖြင့်၊ သွပ်ဆူးကြိုး အတားအဆီး, သဲအိတ်ဘန် ကာကြီးတွေ ဆင်ယင်ထားရှိရာ ဘဏ်ကြီးရှေ့သို့ ရောက်ခဲ့ပါတော့ သည်။

ဘဏ်ရှေ့ရောက်တော့ ၅ နာရီ ၄၀၊ 'လူပင်လယ်' ကြီးက  'ဖွေး' နေလေပြီ။ 'ပင်စင်နာ'ကြီးတွေ၏ ' ဆံပင်-ကြာဇံထုပ်'ကြီးတွေကို ခေါင်းပေါ်ရွက် တင်ထားကြသည်မှာ ''လှိူင်းခေါင်းဖြူ' လူပင်လယ်' ကြီးနှင့် လွန်တရာ တူလှချေသည်။ 'တစ်ပုံ တစ်ပုံ' လျှင် 'တောင်ဆုပ်' လောက်မြင့်သည့် 'ပင်စင်စာအုပ်ပုံ' ကြီးကလည်း ၆- ပုံအထိ ရောက်ရှိ၍ နေလေပြီ။ 

ယမန်နေ့ညနေဘဏ်မပိတ်ခင်ကတည်းကများ ထပ်ထားကြသလား မသိ။ သို့တည်းမဟုတ်၊ ဘဏ်ဝန်ထမ်းတွေကိုများ ပင်စင်စာအုပ် ပေးထားကြလေသလား မသိ။

သေချာပေါက်သိသည်ကတော့ 'တော်လှန်ရေးအရှိန်အဟုန် တနေ့တခြား ပို၍ပို၍ ကြီးထွား မလာမချင်း၊ အစစအရာရာ အလုံးစုံမှာ တနေ့တခြား ပို ၍ပို၍ ဆိုးရွား လာလိမ့်မည်' ဆိုသည် ကိုပင်။

ပင်စင်စာအုပ်ထပ်စဉ်ကျောင်းအုပ်ဆရာကြီးဟောင်းတဦးနှင့် တွေ့သည်။ ဆရာကြီးက  ' မနက် ၄ နာရီခွဲကပင် စာအုပ်လာထပ်ပါသည်' တဲ့၊ " ထုတ်ဖို့တော့ ၁၀ ခွဲ ၁၁ လောက်သွားရင် သိပ်မစောင့်ရတော့ဘူး..." 'ခွေး -ဘန် ကာ' နှင့် ဝေးရာ ဆိုင်ကယ်ရပ်ထားရာသို့ ဆရာကြီးနှင့် လမ်း လျှောက် စကားပြောရင်း ပြန်လာကြသည်။

"ဆရာကြီး အစောကြီးလာတော့ မကြောက်ဘူးလား"

"ခွေး' ကျည်' က တခါထဲနဲ့ သေရမှာမို့မကြောက်ပါဘူးဗျာ၊ 'မထုတ်ဘူး ပြောပြီးတော့ ပုံမကျပန်းမကျ ၂ သောင်းတန် 'ဆင်ရုပ်' ထုတ်လိုက်တာကတော့ ကျနော်အပါအဝင် လက်လုပ်လက်စား အများပြည်သူတွေ ဒုက္ခ ရောက်ကြရမှာမို့ ကြောက်တယ်ဗျ။ ငွေထုပ်ကို ဘုရားက 'အဆိပ်ပြင်းတဲ့ မြွေ' လို့တောင် ဟောထားသေးတာကလား"။

"လွတ်တော်မပါ ဘာမပါ၊ တရားမဝင် အာဏာသိမ်းအစိုးရမှာ ခုလို ငွေ ကြေးထုတ်ခွင့်မရှိဘူးဗျ။ နောင်တချိန် ' ပြည်သူ့တရားစီရင်တဲ့အခါ' 'ပုဒ်မ' တိုးစရာ ပေါ့ဗျာ။"

"ဘယ့်နှယ်ဗျာ၊ ငွေကြေးထုတ်လုပ်တဲ့ ရည်ရွယ်ချက်ကိုက အများ ပြည်သူ လွယ်လင့်တကူ စိတ်ချမ်းသာစွာ ကိုင်ဆောင်သုံးစွဲနှိုင်ဖို့၊ ငွေကြေးစီးဆင်းမှူချောမောပြေပြစ်စေဖို့ လေ။ လက်လုပ်လက်စား အများပြည်သူဆိုတာက၊ နေ့တွက်လေးမှ ၄,၅,၆ ထောင်ရတာကလား၊ ဘယ်က လာ ၂ သောင်းတန်ကိုင်နိုင်ပါ့ မလဲဗျ"

" တလောလေး က တင်၊ အထည်ချုပ်က ကလေးမ, လေးတွေ တ‌ရက် လုပ်ခ '၈၃၀၀ိ/အထိ ပေးပါ' လို့ ရာဂဏန်းလေးလောက် တိုးတောင်းတာကိုတောင် သူတို့ကပဲ 'ဖမ်း' လိုက်သေးတယ်နော်၊"

"အေးလေ၊ သူတို့လို ‌ပြည်သူပိုင်,အများပိုင်သယံဇာတတွေကို 'သူခိုးဈေး' နဲ့ ရောင်းစား၊ သူခိုးလက်ကနေ 'သူဝှက်'တွေက ဝယ်၊ ပြည်သူဝယ်ပေးထားတဲ့သေနတ်နဲ့ ပြည်သူ့ရွာတွေအိမ်တွေဝင်စီး,မီးရှိူ့၊ ဓားပြတိုက်၊ လူ သားဒိုင်းအဖြစ် ခေါ်၊ လူပြန်ပေးဆွဲပြီး ပြန်အရွေးခိုင်းနေတဲ့ သူတို့တတွေကတော့ သယ်ရပြုရ လွယ်သွားတာပေါ့"

"မကြာခင် 'အတု မိတယ်' လုပ်လိမ့်ဦးမယ် ထင်တယ် ခင်ဗျ"

"သေချာပေါက်ပေါ့ဗျာ၊ ပြီးတော့ ဘယ်သူဘယ်ဝါ့လက်ချက်ပါလို့လဲ လိမ် လည်ပြီး လွှဲချကြဦးမှာပါခင်ဗျ။ အစစဈေးနှုန်းဟူသမျှ ပိုပြီးတက်ကြတော့မှာပါ ဗျာ၊ ပိုပြီး ခက်ကြတော့ မှာပါ"

"အာဏာစသိမ်းကတည်း ကိုက ပြည်တွေ ခက်အောင် ' အင်တာနက် ဖုန်းလိုင်းတွေ အရင်ပိတ်ပြီးမှ အာဏာ သိမ်းရဲတဲ့ စစ်အစိုးရ' ပဲဗျာ၊ မူလ, ဘူတ ကနဦးအစကတည်းကိုက ပြည်သူတွေအပေါ်မှာ မကောင်းတဲ့ စိတ်စေတနာထားလေတော့ ပြည်သူတွေ အော့နှလုံးနာ ရွံကြတာ ဘယ်ဆန်းပါ့မလဲဗျ"

'ဆင်'ကလည်း ဆရာကြီးရာ၊ ပင်စင်မယူခင်က ကျနော့်မူလတန်း ကလေးတွေ သီတင်းကျွတ်မှာ 'ချိုး' တဲ့ ဆင် ရုပ်လောက်တောင် ပုံမလာဘူးဗျ၊ 'အဲ သည်တုန်းကများ မီးပုံးပျံဆင်ရုပ်ကို ကိုင်ထားတဲ့ လက်လည်း လွှတ် လိုက်ရော မီးလောင်ပြီး ချက်ချင်းပြုတ်ကျတော့ တာပဲ"

"အခုလည်း ပြုတ်ကျတော့မှာပါ၊ စောင့်သာကြည့်၊ ဆရာရေ့။"

 တိုးတိုး တုန်တုန်ရီရီအသံနှင့်ပြောပြ၍ စောစောက ' စိုးရိမ်စိတ် ကြောက်စိတ်' ဟူသမျှတို့မှာ 'ပြုံးစိတ်' သို့ ပြောင်းလဲသွားရသည်။

မှန်လှပေသည်။ 'တော်လှန်ရေးအရှိန်အဟုန်' ယခုထက် ပို၍ပို၍ ကြီးထွား မလာမချင်း၊ 'အစစအရာရာ အလုံးစုံ' မှာ ယခုထက် ပို၍ပို၍ ဆိုးရွား၍သာ လာပါလိမ့်မည်။

စင်စစ်၊ ' အရိုင်းအစိုင်း ဝိုင်းလ်ဂရု'(wild group) စကစငပု တို့ နားလည်နှိုင်သည့် ဘာသာစကားမှာ 'ကျည်ဆံ'သာလျှင် ဖြစ်သည်။ 'မင်းတို့မှ ရှိတာမဟုတ်၊ ဒို့မှာလည်း 'ဗျောက်တွေ' ရှိတယ်'ဟူ၍ တန်ပြန် ချိန်ပြပစ်ပြမှနား လည်ကြသည်။

'ကျည်ဆံ'နှင့် 'ဗျောက်'၊ လက်ထဲ ရောက်ဖို့ကလည်း ငွေရှိမှရောက်လာမှာသာဖြစ်သည်။ သည့်အတွက် ဇွတ်အတင်းအဓမ္မ အုပ်ချုပ်ခွင့်ရလိုသူ၊ ဇွတ်အတင်း အဓမ္မအုပ်ချုပ်ခွင့်မရစေလိုသူ၊ ၂ ဦး၂ ဖက်မှာ 'ကျည်-ဗျောက်' အတွက် ငွေရှာထွက်ဖို့က အဓိကဖြစ်လာရသည်။ ငွေက အဆုံးအဖြတ် ဖြစ်လာလေသည်။

မနေ့က 'နှစ်သောင်းတန် ငွေစက္ကူ အသစ်' ထုတ်သည်ဟု ကြေညာသည်။ 'အရေအတွက် မည်ရွေ့မည်မျှ'တော့ မပါ။ ပင်စင်လစာထဲမှာလည်း ပါမလာသေး။ 'နန်း:တွေကိုပေးမယ့် လကုန်လစာထဲကျမှပါလိမ့်မည်ထင်သည်။ ပြီးတော့ 'ခွေးဗမ,ဗက' များကို မိုးကျရွှေကိုယ်အဖြစ် ခရိုင်ဘဏ်များတွင် အရေးပေါ်အလောတကြီး ခန့်ထားသည်' တဲ့။ တည်ဆောက်ရေး ကာလ၊ 'မိုးကျ', 'နန်း-လဒ' များ ကိစ္စ၊ ယခုကတည်းက အကွက်ချကာ အပြစ်ဒဏ်ချဖို့ စဉ်းစားထားကြရပေမည်။

ပစ္စက္ခလက်ရှိအနေအထားအရ၊ 'အာဏာသိမ်း စကစ' က နာမည်ပျက်, စီးပွားပျက်, အထည်ကြီးပျက်အနေ အထားသို့ရောက်ရှိနေပြီး၊ မတရားမှူကို ဆန့်ကျင်ကြသည့် ပြည်သူလူထုဖက်က မူ 'အဝတ်တထည် ကိုယ်တခု ဘဝကနေ ဒေါ်လာတွေဖန်တီးနှိုင်မှု, ဒေါ်လာတွေပိတ်ဆို့နှိုင်မှု, စည်းလုံးမှုညီညွတ်မှုက အားကောင်းလာနေ သည်။

သို့သော်ငြား တခုသတိထားရမည်မှာ ပြည်သူအများရင်ဆိုင်နေကြရသည့်ဒေါ်စိန်အေးသား၊ ရန်သူ-စကစတို့မှာ ရက်စက်မှူက များစွာ၊ ကလီ ကမာ ဉာဏ်နီနက်က သောင်းပြောင်း၊ 'မလုပ်ရဲတာ ဘာမျှမရှိ' ၎င်းတို့ဆိုသည့်အတိုင်း ယုတ်မာကောက်ကျစ် မည်ကိုတော့ သတိကြီးစွာထားရပေလိမ့် မည်။ ဒင်းတို့မှာ ချောင်ပိတ်မိနေ၍ ထွက်ပေါက် ရလိုရငြား ရှာဖွေကြ ပေလိမ့်မည်။

အဓိက ကတော့ "ငွေကို ရေလိုသုံးနှိုင်သူ"က နိုင်မှာပဲ ဖြစ်သည်။ သည့် အတွက် 'တော်လှန်ရေးအင်အားစုများဖက်ကို တက်ညီလက်ညီ 'ထောက် ပံ့' ကြဖို့'၊ 'အကြမ်းဖက် စကစကို အနည်းငယ်လေးသော်မျှ မထောက်ပံ့မိကြစေဖို့၊' အထူးလိုအပ်လှပေသည်။ ဤသို့ဆိုရသည်မှာလည်း အကြောင်း ရှိသည်။ ၅/- မြို့ကြီးတွင် ဖြစ်သည်။

"ဒါကြီးက (တော်လှန်ရေးကြီးက) ဘယ်တော့များမှ ပြီးမှာပါလိမ့်နော်" ဟူ၍ အားမလိုအားမရငြီးတွားနေသူ၊ လက်ရှိအထပ်မြင့်တိုက်ကြီးဆောက်လုပ်နေသော ပုဂ္ဂိုလ်တဦးအား၊ " ဈေးနှုန်းတွေ သည်လောက်ကြီးတာ တော်လှန်ရေးကြီးပြီးမှ ဆောက်ပါလား" ဟု စကားစ,လိုက်ရာ၊ "ကုန်ဈေးနှုန်းကြီးတာတော့ မှန်ပါရဲ့၊ စိတ်မချရတော့တဲ့ ဘဏ်ထဲထည့်ထားပြီး စိတ်ပူနေမယ့်အစား ခုလိုဆောက်လိုက်တာက ပိုစိတ်ချမ်းသာတယ်၊ ပြီးတော့ 'ကျုပ်ဟာ ဆို' (ဆောက်လက်စတိုက်ကြီးကို မေးငေါ့၍) စည်ပင်ခွန်က အနည်း ဆုံး ၄,၅,၆ ရာ အသာလေးပေါ့ဗျာ၊ နည်းနည်းတော့ သွား'ပက်' ရတာပေါ့။ အခုတော့ အဲဒါသက်တာတာနဲ့ '‌ထေ'လိုက်ရင် ကုန် ဈေးနှုန်းကြီးတာက မသိသာတော့ဘူး လေ။"

မီတာခ လာမကောက်ရဲသော ၅/- မြို့ကြီးတွင်ပင် မြို့နယ်လျှပ်စစ်ရုံးသို့ ဆယ်သိန်းကျော်နှင့် မီတာခ ၃-လစာ ပေး၍ မီတာအသစ်တပ်ဆင်ကြသူ များ၊ မျက်နှာချိုသွေးပေးကမ်း၍ 'ကေတီဗွီ', ယမကာဆိုင်သစ်ကြီးများ ဖွင့်လှစ်သူ သစ်ခွဲစက်လုပ်ငန်းလုပ်ကိုင်သူ၊ တစ်လတစ်လသိန်း ၆၀ ကျော် လိုင်းကြေးပေးနေသည့် ချဲဒိုင်ကြီးများ၊ စသည်ဖြင့် ငွေကြေးများယိုစီးလျက် သာယာနေကြသူများကို တွေ့မြင်နေရသည်။ တော်လှန်ရေးကိုတော့ အင် တင်တင် ငါးသောင်း-တစ်သိန်း၊ စခကိုမူ တောင်းတောင်းပန်ပန် သိန်း-ဆယ်ချီ၊ အဆိပ်ပင်ကြီးကို ရေလောင်းနေသည် နှင့် မခြားလှ။
   
တရားစခန်းတခုတွင် ဆရာတော်ကြီးတပါး မိန့်ကြားခဲ့ဖူးသော စကားတခွန်း ရှိသည်။ "လက်ရှိအခြေမကျစေနှင့်" တဲ့။ အလွှာအသီးသီးမှ ပြည်သူ ပြည်သားများအဖို့ ယခုလက်ရှိအခြေအနေမှလျှောကျမသွားအောင် အနည်းငယ် တောင့် ခံထားနှိုင်လျှင်ဖြင့်၊ 'ဤပွဲ' ပြတ်ပြီ။

အာဏာရှင်ကို မောင်းထုတ်ကြမယ် - အလို မရှိ။

နွေဦးတော်လှန်ရေး မုချ အောင်ရမည်။
မောင်ဘဦး
(၈၅၊ဒု-ဝါဆို ဆန်း ၈)

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar