Breaking News

ကရင်နီစစ်ဘေးရှောင် ဒုက္ခသည်အချို့ အာဆီယံ လူသားချင်းစာနာမှုအကူအညီရ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ NLD ပါတီရဲ့ ထုတ်ပြန်ချက်


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၃


ကရင်နီစစ်ဘေးရှောင် ဒုက္ခသည်အချို့ အာဆီယံ လူသားချင်းစာနာမှုအကူအညီရ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ NLD ပါတီရဲ့ ထုတ်ပြန်ချက် 

ကရင်နီပြည်နယ်က စစ်ဘေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို အာဆီယံအဖွဲ့ကြီးရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအကူအညီ AHA က ပေးအပ်တဲ့ အကူအညီတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ PNLO က တဆင့်ပေးအပ်နိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

ကရင်နီပြည်နယ်က စစ်ဘေးရှောင်သူတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းလူမျိုးတွေအများစု နေထိုင်ရာ ဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်ထဲမှာ ခိုလှုံနေကြတာဖြစ်ပြီး ၄င်းတို့ကို အာဆီယံအဖွဲ့ရဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရာမှာ အဆိုပါဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ PNLO အဖွဲ့ကတဆင့် စစ်ဘေးရှောင်တွေကို ပေးအပ်ရာမှာ စစ်ဘေးရှောင် ဦးရေ ၁၄၀၀ အတွက် ပထမဆုံးအကြိမ်ပေးဝေ နိုင်တာ ဖြစ်ပါတယ်။ အခုလိုအကူအညီပေးဝေဖို့ အတွက် ညှိနှိုင်းမှုတွေ လုပ်ဆောင်ရာမှာ ပြီးခဲ့တဲ့မေလက အာဆီယံ သံတမန် ယာဥ်တန်းကို ဘယ်အဖွဲ့ကမှန်းမသိရတဲ့ လက်နက်ကိုင် အချို့က ပစ်ခတ်မှုတွေရှိခဲ့ပြီး လူသေဆုံးမှုမရှိပေမယ့် ယာဥ်တန်းက ကားအချို့ ထိမှန်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့တာပါ။ 

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး လအနည်းငယ်ကြာကတည်းက စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာသလို စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အသစ်တွေ၊ အာဏာသိမ်းမှုမတိုင်ခင် ထက် များစွာတိုးပွားလာတဲ့ လက်နက်ကိုင် အင်အားတွေ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ နယ်မြေစိုးမိုးရေး၊ တပ်စခန်း တွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေပြီး ကရင်နီပြည်နယ်က ဒေသခံတွေ အနေနဲ့ ပြည်နယ်အတွင်းမှာသော်လည်းကောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံ နယ်စပ်ကို သော်လည်းကောင်း၊ ရှမ်းပြည်နယ်ထဲက မြို့တွေရွာတွေဆီ တိမ်းရှောင်နေကြရတာ လ သို့မဟုတ် နှစ်နဲ့ချီရှိနေတာလည်း ဖြစ်ပါတယ်။ 

လူဦးရေအားဖြင့် ၃ သိန်းကျော်သာရှိတဲ့ ကရင်နီပြည်နယ် လူဦးရေရဲ့ ထက်ဝက်ကျော်တဲ့ ပမာဏဖြစ်တဲ့ ၂ သိန်းခွဲကျော်က နေရပ်ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အချက်အလက် ကောက်ယူတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာ တွေ့ရလို့ ကရင်နီပြည်နယ် အနေအထားဟာ လူဦးရေရဲ့ ထက်ဝက်ကျော် စစ်ဘေးရှောင်နေရတဲ့ အနေအထားဖြစ်ပြီး မိမိတို့ နေအိမ်ကနေ လနဲ့ နှစ်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရသူတွေ အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။ အဆိုပါ မိမိတို့နေရပ်ကနေ လ၊ နှစ်ချီထွက်ပြေးတိမ်းရှောင်နေရသူတွေအဖို့ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်တဲ စိုက်ပျိုးရေး မွေးမြူရေးတွေ မလုပ်နိုင်တော့တာကြောင့် အကူအညီကိုသာ မှီခိုနေရတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ တဖက်မှာ စစ်ကောင်စီက လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားရာဒေသတွေမှာ အရပ်သားတွေကို စာနာမှုအကူအညီပေးအပ်တဲ့ အဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့် ကူညီခွင့် ပေးမထားပဲ ဖြတ် ၄ ဖြတ်ပေါ်လစီနဲ့ ပိတ်ဆို့မှုတွေ လုပ်ထားတာကလည်း ဒေသခံတွေအဖို့ အကူအညီပေးအပ်ချင်တဲ့ အဖွဲ့အစည်းရှိနေသည့်တိုင် လက်ခံရယူနိုင်ခြင်း မရှိတဲ့အခြေအနေမျိုးဖြစ်နေတာပါ။ အခု အကူအညီပေးအပ်ခွင့်ရတဲ့ ဒေသက စစ်ဘေးရှောင်သူတွေဟာ စစ်ဘေးရှောင် ၂ သိန်းခွဲကျော်ထဲက သေးငယ်လှတဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားလာရင် ဒေသခံတွေပါ ဒုက္ခရောက်မယ်ဆိုတဲ့ အချက်ကို စစ်ကောင်စီဘက်က လုပ်ဆောင်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုမှာ အရပ်သားတွေ အနေနဲ့ ရိက္ခာဆေးဝါး အကူအညီမရအောင် တားမြစ် ပိတ်ဆို့တာလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ဇူလိုင် ၂၉ ရက်နေ့က အန်အယ်ဒီပါတီ ဗဟိုကော်မတီက အစည်းအဝေးတရပ်ကို အွန်လိုင်းမှတဆင့် ကျင်းပပြီး လက်ရှိအခြေအနေနဲ့ ပတ်သက်တဲ့ သဘောထားတချို့ကို ထုတ်ပြန်ခဲ့ရာမှာ ထူးခြားတဲ့ အချက်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်နဲ့ တိုင်းရင်းသားအရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာဖို့ အတွက် တိုင်းရင်းသားရေးရာ ကော်မတီကို တိုးချဲ့ဖွဲ့စည်းရန်တွေ ပါဝင်တာဖြစ်ပါတယ်။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ “ပေါ်ပေါက်လာသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍ မရနိုင်သော အရေးပါဆုံးပုဂ္ဂိုလ် တဦးဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါသဖြင့်”  ဆိုတဲ့ စာသားကို ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အခုလို ဗဟိုကော်မတီအစည်းအဝေး ကျင်းပခြင်းဟာ လတ်တလော ထွက်ပေါ်နေတဲ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ ဒုဝန်ကြီးအိမ်ရာထဲက နေအိမ်တအိမ်ကို ရွှေ့ပြောင်းတယ်ဆိုတဲ့ သတင်းနဲ့ အခြားသော ထွက်ပေါ်နေတဲ့ သတင်းတွေပေါ် မူတည်ပြီး ကျင်းပတဲ့အစည်းအဝေး လို့ယူရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍက ၂ နှစ်ကျော်ကြာ ပါတီဗဟိုနဲ့ တိုက်ရိုက် မဆက်သွယ်နိုင်ခြင်း၊ ပါတီခေါင်းဆောင်များ သဘောထားမှတ်ချက် ပြည့်ပြည့်စုံစုံ မရနိုင်တဲ့ အနေအထားကနေ ပြောင်းလဲလာမလားဆိုတဲ့ မှန်းဆချက်တွေလည်း ပေါ်ထွက်နေတဲ့ အခြေအနေမှာ အခုလို ပါတီရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တဖက်က NLD ပါတီကြီးကိုယ်တိုင်က အခုလို ထုတ်ပြန်ချက်တွေ ထုတ်လာတဲ့အချိန်မှာ NLD ပါတီဝင်တွေ အမတ်တွေ အတော်များများပါဝင်တဲ့ CRPH နဲ့ NUG ဖွဲ့စည်းထူထောင်စဉ်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို မူလရာထူးများအတိုင်း ထားရှိထိပ်တင်ပြီး ဖွဲ့စည်းခဲ့ကြတာမို့ နွေဦးတော်လှန်ရေး၏ အဓိကအခန်းကဏ္ဍက ဦးဆောင်နေဆဲ CRPH နဲ့ NUG တို့၏ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပေါ်  ဘယ်လိုမှ သဘောထားပြောင်းသွားစရာမရှိဘူးလို့လဲ တဖက်က ကောက်ချက်ပေးရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar